Saturday, October 23, 2010

တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော


                        John William Yettaw
အခုတလော မီဒီယာသတင်းတချို့မှာ ယတ်တောတစ်ယောက် မြန်မာပြည်ပြန်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ သဲ့သဲ့ ကြားမိနေမိတယ်၊ ဂျွန်ဝီလျံ ယတ်တော ဒီနာမည်ကိုဆိုလိုက်တာနဲ့ ရူးကြောင်ကြောင် အမေရိကန်နိုင်ငံသားတစ်ယောက် ၂၀၀၉ ခုနှစ် မေလမှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ခိုးဝင်မူနဲ့ နိုင်ငံတကာသတင်းတွေမှာ ပွခဲ့ကြတာ မှတ်မိကြမှာပါ
ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရ တာတောင် ပြသနာကောင်က အိမ်အပေါ်ထိတက်လာလို့ ဒေါ်စုကို သိက္ခချချင်နေတဲ့ နအဖအဖို့ အကွက်ကောင်းမိပြီး ဒေါ်စုနှင့်အတူ အတူနေထိုင်စောင့်ရှောက်နေတဲ့ ဒေါ်ခင်ဝင်းနှင့် သမီး မ၀င်းမမဦးတို့ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလို သူများအား ကာကွယ်သည့် ဥပဒေကြီးကို အကြောင်းပြပြီး ပုဒ်မ၂၂ နဲ့ တရားစွဲဆိုပြီး အင်းစိန် ထောင်ထဲ အပို့ခံခဲ့ရပြီး သတင်းစာတွေမှာ အပုတ်ချရေးသားခဲ့ကြပေမယ့် အင်းယားကန်ကို ရေကူးပြီး ဒေါ်စုအိမ်ကို ခိုးဝင်တဲ့ ယတ်တောတစ်ယောက်ကိုဖြင့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူ များအား ကာကွယ်သည့် ဥပဒေ ပုဒ်မ ၂၂/၁၀၉ ၊ ကန့်သတ်နယ်မြေကို ကျူးကျော်ဝင်ရောက်မှူနှင့် မြူနီစပယ် အက်ဥပဒေ ပုဒ်မ ၂၈၊ လူဝင်မူကြီးကြပ်ရေး ဥပဒေ ၂၃(က)တို့နှင့် တရားစွဲ ဖမ်းဆီးပေမယ့် ယတ်တောတယောက် ရက်သတ္တပတ်အတွင်းမှာ ပြန်လည်လွှတ်မြောက်ခံ ခဲ့ရပြီး ပြည်တော်ကို ချောမောစွာ ပြန်နိုင်ခွင့်ရခဲ့တာတွေဟာ အံသြစရာတော့မဟုတ်ပါဘူး၊ နအဖအာဏာပိုင် တွေရဲ့ သဘောကိုက စူးပေါ်ဖက်ကျလည်း ဖက်ပေါက်ရမယ်၊ ဖက်ပေါ်စူးကျလည်း ဖက်ဘဲပေါက် စေချင်တာကိုး

ပြည်တော်ပြန် ယတ်တောနှင့်ပတ်သက်တဲ့ မီဒီယာသတင်းတွေမှာ သူပြောခဲ့တဲ့ သူ့ အကြောင်းတွေထဲက တချို့ကတော့ သူဟာမီဇူရီ ပြည်နယ်၊ စဖရီးမှာရှိတဲ့ သစ်တောသက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်တယ်လို့ဆိုပေမယ့် အဲဒီသက္ကသိုလ်ကတော့ ယတ်တောအမည်နဲ့ သူတို့ ကျောင်းမှာတက်ခဲ့ဘူးတဲ့ စာရင်းမရှိသလို ဘွဲ့ရြ့ပီးသွားတဲ့ လူစာရင်းမှာလည်းမတွေ့ခဲ့ရပါလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်၊ နအဖအလိုတော်ကျ ထုတ်ဝေနေတဲ့ ပြည်တွင်းသတင်းတွေမှာတော့ ယတ်တောဟာ ဒေါ်စုအိမ်ကို နှစ်ရက်ကြာ ရေကူးဝင်ရောက်ရတယ်လို့ ဆိုထားပေမယ့် ယတ်တော လက်ရှိဇနှီးကတော့ ယတ်တောဟာ ပန်းနာရင်ကျပ် ဝေဒနာသည်တစ်ယောက် ဖြစ်ကြောင်း ထုတ်ဖော်ပြောပြ သွားတာတွေဟာ နအဖလိမ်နေသည်၊ ယတ်တောလည်းလိမ်နေသည်လို့ ပြောရမှာပါဘဲ၊

 ဂျွန်ဝီလျံ ယတ်တော ဟာ မြန်မာပြည်ကို နှစ်ခေါက်တိတိ သွားရောက်ခဲ့ပြီးသူဖြစ်ပြီး နှစ်ကြိမ်စလုံး ဒေါ်စု အိမ်ကို အရောက်သွားခဲ့ပြီး တွေ့ဖို့ ကြံစည်ခဲ့သူဖြစ်ပါသည်၊ ယခုလည်း ခရစ်ယာန် ဘာသာရေးဂိုဏ်းတခုဖြစ်သည့် မိုမန်ဂိုဏ်းဝင် ယတ်တောတစ်ယောက် မြန်မာပြည်သို့ ခရစ်ယာန် သာသနာပြု မစ်ရှင်အဖြစ် ၀င်ရောက်ရန်အတွက် စာရင်းပေးသွင်းထားပြီးဖြစ်သည်။ စစ်အာဏာပိုင်တွေ ဗွီဇာပေးမပေး စဉ်းစားစရာမလို ယတ်တောတစ်ယောက် မြန်မာပြည်သို့ ၀င်ခွင့်ရမည်ဆိုပါက ဒေါ်စုအား နောက်ထပ်တွေ့ကြုံရန် ကြိုးစားဦးမည်ဖြစ်သည်၊ ယတ်တော၏ မြန်မာပြည် သွားသည့် ရည်ရွယ်ချက်ကိုက ဒေါ်စုအားတွေ့ဆုံနိုင်ခွင့်  ရရေးသာ အဓိက ဖြစ်တော့သည်။ ယတ်တောတစ်ယောက် သူပြုစုနေတယ်ဆိုတဲ့ စိတ်ပညာစာတန်းအတွက် ဒေါ်စုအားတွေ့ဆုံနိုင်ရန် ကြိုးးစားနေသည်ဘဲ ဖြစ်စေ၊ မီဒီယာတွေမှာ နာမည်ကြီးချင်သည့် ရူးကြောင်ကြောင် ငပေါတကောင်ဘဲဖြစ်စေ၊ နအဖစစ်အာဏာပိုင်တွေနဲ့ အကျိုးတူ ပူးပေါင်းပြီး ဒေါ်စုအား သိက္ခာချချင်လို့ဘဲဖြစ်စေ ထပ်မံတွေ့ဆုံရန် ကြိုးးစားမည်ဆိုပါက ယတ်တောတစ်ယောက်ကတော့ဖြင့် ဘာမှမဖြစ်ပြီ ဒေါ်စုတစ်ယောက်ကို တော့ဖြင့် ဒုတိယအကြိမ်မြောက် ဥပဒေချိုးဖောက်သည်၊ နိုင်ငံတော်လုပ်ကြံမည့်အန္တရယ်ရှိသည်ဆိုပြီး ကြီးကြီးကျယ်ကျယ် ပုဒ်မတွေတပ်မည်။ ပထမအကြိမ်တော့ ထောင် ၃ နှစ်ချထားတာကို နားလည်မူနှင့် ပြန်လွှတ်ပေးခဲ့ ခွင့်လွှတ်ထားသည် ဒုတိယအကြိမ်တော့ ခွင့်မလွှတ်တော့ဟု ဆိုကာ ထောင်သွင်းအကျဉ်းချနိုင်သည်မဟုတ်ပါလော။ လက်ရှိ ဒေါ်စုတို့မှာ ယတ်တောမွေသည့် မီးကြောင့် တရားရုံးတက်နေရဆဲပါ အမိန့်ဘယ်လိုချမည်မသိသေးသည့် အခြေအနေမှာ ယတ်တောက ပြန်လာဦးမည်ဆိုတော့ အချိန်ကောင်းကိုစောင့် ဒေါ်စုကိုထပ် ဒုက္ခပေးဖို့သာ ရှိမည်။

   ဒီတော့ကာ ဒေါ်အောင်ဆန်းစုကြည်(နိုဗယ်ငြိမ်းချမ်းရေးဆုရှင်)အား ကာကွယ်ကြရမည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။ ယတ်တောတစ်ယောက် မြန်မာပြည်ဝင်ခွင့် မရရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ကြဖို့လိုသည်။ ပြည်တွင်းကလူတွေက ဒီကိစ္စကို လုပ်ဆောင်ဖို့ အလှမ်းဝေးနေသည်၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူ ၊ ဒေါ်စုအားချစ်ခင်လေးစားသူမှန်သမျှ သက်ဆိုင်ရာ အမေရိကန်အစိုးရနှင့် ဘာသာရေးအဖွဲ့က တာဝန်ရှိသူတွေကို စုံစမ်းပြီး ဒီကိစ္စကို တားဆီးဖို့လိုအပ်နေပြီ ဖြစ်ပါကြောင်း ………..


ကမာနီလာ

မေလထုတ် နအဖသတင်းစာပါ ဂျွန်ဝီလီယံ ယတ်တော ကိုယ်ရေးရာဇ၀င်
၁။ အမည် - John William Yettaw
၂။ အခြားအမည် - မရှိ
၃။ အသက်/ မွေးသက္ကရာဇ်- ၆ရက်၊၉လ၊ ၁၉၅၅(၅၅နှစ်)
၅။ အရပ်အမြင့် - ၅ ပေ၊ ၁၀ လက်မ
၆။ ကိုယ်အလေးချိန် - ၂၂၀ ပေါင်
၇။ မွေးဖွားရာ ဇာတိ - Detroit Michigan
၈။ မှတ်ပုံတင်အမှတ် -P.P. No. 439767722/24.8.2008/EV/T (ကမ္ဘာလှည့်ဗွီဇာ)
၉။ ပညာအရည်အချင်း - Ph.D. (Psychology တက်ရောက်ဆဲ)
၁၀။ အလုပ်အကိုင် - Student Clinical Psychology, Forest Institute
၁၁။ နေရပ်လိပ်စာ အပြည့်အစုံ - 31158, Deta Road, Falcon, Missouri (65470)
၁၂။ မိဘအမည်/ အလုပ်အကိုင် - (ဘ) Jerome William Yettaw (Engineer,
၁၉၈၃ ကယ်ြလနြ်) နေရပ်လိပ်စာ (မိ) Eizabeth Bouchop Fogo (၁၉၇၈ ကွယ်လွန်)
၁၃။ ဇနီးအမည်/အလုပ်အကိုင် - Betty Yettaw (မှီခို) နေရပ်လိပ်စာ အတူနေ
၁၄။ ပါဝင်ခဲ့သည့် အဖွဲ့အစည်း စစ်မှူထမ်း ၂ နှစ်လုပ်ကိုင်ဖူးသည်

No comments: