Monday, March 31, 2008

ခွပ်ဒေါင်းစစ်သည်တဦး၏ ဒိုင်ယာရီထဲမှ မှတ်တမ်းများ (၁)


ယမန်နေ့ညနေပိုင်း......
ကျနော့်ထံ အလည်ရောက်နေသော ကိုသားချစ်နဲ့ကျနော် ညနေစာထမင်းစားပြီး တီဗွီဖွင့်ကြည့်ရင်း ရောက်တတ်ရာရာ စကားပြောဖြစ်ခဲ့ကြတယ်။ လက်ရှိနိုင်ငံရေးအခြေအနေများ ပြောနေကြရင်း လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့ကြစဉ်ကအကြောင်းတွေဆီကို ရောက်သွားကြတယ်။ “ ငါကတော့ကွာ တော်လှန်ရေးနယ်မြေထဲမှာ ငါတွေ့ကြုံလှုပ်ရှား သွားလာလှုပ်ရှားခဲ့တဲ့ဟာလေးတွေကို မှတ်တမ်းအဖြစ်လေး ကျန်ကျန်ပေါ့၊ နောက်ပြီး မသိသေးသူတွေလဲ သိသွားအောင် ငါတို့ အေဘီအက်စ်ဒီအက်ဖ်(မြောက်ပိုင်း)ရဲ့ နအဖ စစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းလေးတွေရေးနေတယ်။ တချို့ကောင်တွေက မင်းတို့ငါတို့ အသက်စွန့်ပြီး လုပ်ခဲ့ကြတာတွေ နိုင်ငံအတွက် ဘယ်လိုလုပ်ခဲ့ကြတာတွေ မသိကျဘူးကွ” လို့ ကိုသားချစ်ကပြောလာတော့ ကျနော်လည်း “ကောင်းပါတယ် ရေးပါလို့” တိုက်တွန်းလိုက်တယ်။ ကျနော်ကသူ့ကို တိုက်တွန်းလိုက်သလို သူကလဲကျနော့်ကို “မင်းဆိုရင် ရှေ့တန်းမှာ တိုက်ပွဲတွေ အများကြီးတိုက်ခဲ့တဲ့ကောင်ပါ။ ဒါကြောင့် မင်းတိုက်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်းရေးပေါ့” လို့ ဆိုလာတယ်။ “အေးပါ” ဆိုပြီး ....................

ကျနော်လည်း နအဖတပ်တွေနဲု့ တိုက်ခဲ့တဲ့တိုက်ပွဲတွေကို စဉ်စားလိုက်မိတယ်။ တိုက်ပွဲဖြစ်စဉ် အသေးစိတ်တွေကိုတော့ စဉ်းစားလို့ရလာပေမဲ့ ဘယ်နေ့ဘယ်ရက် ဘယ်ခုနှစ်က ဖြစ်သွားတယ်ဆိုတာကို မမှတ်မိတောပဲ ရောထွေးနေကုန်တော့တယ်။ သူက ဆက်လို့အားပေးရှာပါတယ်။

ကျနော်လည်း ဆက်စဉ်းစားကြည့်တယ်။ ဘယ်လိုမှအတွေးထဲမပေါ်လာ။ ဒါနဲ့ကျနော်ရေးခဲ့တဲ့ ဒိုင်ယာရီ အဟောင်းလေးတွေကို ပြန်လှန်ကြည့်ရင် တွေ့နိုင်မလားဆိုပြီး စဉ်းစားမိလို့ ပြန်လှန်ကြည့်ဖြစ်တယ်။ ဒိုင်ယာရီဆိုပေမဲ့ အဖုံးတောင်မရှိတော့ဘဲ စာရွက်ကလေးတွေဆုတ်ပြီး နောက်အသစ်ဒိုင်ယာရီ ကြားမှာညှပ်ထားတဲ့ နေ့စဉ်မှတ်တမ်းလေးတွေကို သွားတွေ့တယ်။ နေ့စဉ်မှတ်တမ်းရေးခဲ့တဲ့ မှတ်တမ်းလေးတွေဟာ နေ့စဉ်အလိုက်ပင် မပြည့်မစုံတော့။ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးပေါင်း များစွာကို ဥတုမရွေး တောတောင်အနှံ့ လှည့်လည်သွားလာပြီး နအဖ တပ်တွေကို တိုက်ခိုက်ရင်း သယ်ဆောင်လာခဲ့တဲ့ဟာဆိုတော့ မိုးဒဏ်လေဒဏ်တွေကြောင့် ၀ါကျင့်ကျင့်အကွက်ကလေးများထနေသော စာရွက်ကလေးများလည်း အတော်ကို ဟောင်းနွမ်းနေလေပြီ။ အချို့စာရွက်တွေကတော့ ရေးထားသောစာ အပြည့်အစုံပင် မပါဝင်တော့။ ဒါပေမဲ့ ကျနော်မြင့်လိုက်တဲ့ နေ့စဉ်မှတ်တမ်း စာရွက်ကလေးမှာ ပါခဲ့တဲ့ အချက်အလက်ကလေးတွေကတော့ အခုချိန်ထိ ခိုင်ခိုင်မာမာ တိတိကျကျ ရပ်တည်နေလျှက်။ ဦးမော့နေလျှက်ပါဘဲ။

အဲ့ဒီလို ဦးမော့ရပ်တည်နေကြတဲ့ ကျနော့်ရဲ့ နေစဉ်မှတ်တမ်းကလေးမှာ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း)မှ သင်တန်းဆင်းခဲ့ပြီး ရဲဘော်အဖြစ် ကျနော့်အတွက် ပထမဆုံးတိုက်ခဲ့ရတဲ့ တိုက်ပွဲမှတ်တမ်းလေးကို တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့လိုက်ရတယ်။ ဒီတိုက်ပွဲရဲ့ထူးခြားချက်ကလဲ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ရဲဘော်များအဖြစ် စစ်သင်တန်းဆင်းခဲ့ကြပြီး ပထမ ဦးဆုံးတိုက်ပွဲဆိုလည်း မမှားပါဘူး။ အဲ့ဒီတိုက်ပွဲမှတ်တမ်းလေးကို ဖတ်လိုက်တဲ့အခါမှာတော့ ကျနော့်အတွေးမြင်ကွင်းထဲတွင် ပုံရိပ်များသည် တဖြတ်ဖြတ် လှစ်ကနဲ လှစ်ကနဲ ပေါ်လာနေတော့တယ်။

အဲ့ဒီတိုက်ပွဲမှာ ကျနော်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် အတော်များများလည်း ကျဆုံးသွားကြကုန်လေပြီ။ တချို့လည်း အမှောင်ထု နအဖတို့ဘက်ထဲကို ပြန်ဝင်သွားတဲ့သူတွေလည်း တွေ့ရလေတယ်။ အချို့လည်း ကျန်ရှိနေသေးပြီး ယခုအချိန်ထိ တိုက်ပွဲဝင်ဆဲ။ တိုက်ပွဲတွင်ပါခဲ့တဲ့ ရဲဘော်တွေအတွက်နဲ့ အဲ့ဒီတိုက်ပွဲမှာ ရန်သူလက်ထဲဖမ်းမိသွားခဲ့တဲ့ ရဲဘော်လေးတွေအတွက် မှတ်တမ်းတင်ကျန်နိုင်အောင် ဒီတိုက်ပွဲ အကြောင်းကို ရေးသားမှတ်တမ်းတင် လိုက်ပါတယ်။ သိမြင် နားလည် ခံစားနိုင်ကြပါစေလို့ ..........

“ဗန်းမော်ဘက်မှ စတင်ချီတက်လာသော န၀တစစ်ကြောင်းအား လမ်းတွင် အမ်းဗို့ခ်ျ (ambush)ချ တိုက်ခိုက်ရန် ချီတက်ခြင်း”

အချိန်ကား (၁၉၈၉)
မိမိတို့ကျောင်းသားတပ်မတော်အဖြစ် ပေါ်ပေါက်လာပြီး စစ်သင်တန်းများ တက်ရောက်ပြီးတဲ့ ရဲဘော်များဟာ စစ်ရေးအတွေ့အကြုံရရှိစေဖို့ရာ ရှေ့တန်းနယ်မြေများတွင် ကေအိုင်အေ၏ တပ်ရင်း၊ တပ်မဟာများဖြင့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်တိုက်ခိုက်ရေးများကို ပြုလုပ်လာကြရတယ်၊၊ အဲ့ဒီလိုပြုလုပ်ကြရာမှာ ကေကိုင်အေ တပ်မှူးများအနေဖြင့် မိမိတို့ကျောင်းသားတပ်မတော်အပေါ် ချက်ချင်းလူတိုင်းစေ့ လက်နက်ထုတ်ပေးခြင်း မပြုလုပ်သေးပဲ ကေအိုင်အေ လက်နက်ကြီးတပ်ခွဲများတွင် လည်းကောင်း၊ ဟက်ကွာတာ (head quarter) စစ်ကြောင်းများတွင်လည်းကောင်း ပူးပေါင်း၍ သွားလာကြရတယ်။ အများစုအားဖြင့်ကတော့ လက်နက်ကြီးတပ်ခွဲအတွက် လုံခြုံရေးအဖြစ်တွဲဖက်ကာ စစ်ကြောင်းချီပါက လက်နက်ကြီး ကျည်များကို ကူညီသယ်ပိုးပေးရတယ်။ မိမိတို့ ကျောင်းသားတပ်မတော်၏ စိတ်ဓါတ်များကို လေ့လာအကဲခတ်နေကြခြင်းသာဟု ယူဆနိုင်တယ်။ ကျောင်းသားတပ်မတော် ရဲဘော်များအပေါ်တွင်လည်း အားကိုးယုံကြည်မှုမရှိသေး၊ အတွေ့အကြုံ နုငယ်သေးတာကို အကြောင်းပြုပြီး ကျောင်းသားတပ်မတော် ရဲဘော်များရဲ့ စိတ်ဓါတ်ကို စိုးစဉ်းမျှသိပုံမရ၊ မိမိတို့ကျောင်းသားတပ်မတော်ရဲဘော်များဟာလည်း လက်နက်ခဲယမ်းအပြည့်အစုံမရ လက်နက်ကြီးကျည်များသာ ကူညီသယ်ပိုး သွားလာနေရပေမဲ့ မိမိတို့ကျောင်းသားတပ်မတော် ရဲဘော်များသည် လုံးဝ လုံးဝ စိတ်ဓါတ်ကျခြင်းမရှိ။ ရန်သူ န၀တ အပေါ် တိုက်ခိုက်လိုစိတ်သာ ပြင်းပြနေလေရဲ့။ ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း မဆလ စစ်တပ်နဲ့ ပြည်သူ့ရဲ (ခေါ်)ခုနှစ်ပဲများက ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသော ပြည်သူလူထု ရဟန်းသံဃာ ကျောင်းသူကျောင်းသား မိမိတို့၏ သူငယ်ချင်းများ၏ ရုပ်ပုံများသာ အမှတ်ရနေလေရဲ့။ လူငယ်ပီပီ ဂလဲ့စားချေလိုစိတ်များနဲ့သာ ကြုံးဝါးနေလေရဲ့။

မေလ (၃)ရက် ဗုဒ္ဓဟူးနေ့ ။
စစ်ဆင်ရေးရှိသည်ဆိုလို့ ကျနော်တို့တပ်စုနှစ်စုဟာ နန်မွိုင်(တပ်စခန်းဌာနချုပ်)ကနေ ညနေ (၆)နာရီခွဲမှာ စတင်ထွက်ခွာလာခဲ့ကြတယ်။ ကျနော့်တို့တပ်စုနှစ်စုမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေစာရင်းကတော့
တပ်စု(၁)
မျိုးဝင်းနိုင်၊ ပေါက်ကွေး၊ စောစိုးစိုး၊ အောင်နိုင်၊ နော်မိုင်၊ ဆန်းထွန်း၊ ပုတို၊ ငမန်း၊ အောင်ထွန်းမြင့် တို့ဖြစ်ကြတယ်။
တပ်စု(၂)တပ်စိတ်(၁)
ဘဂျမ်း၊ စန်းအောင်၊ မျိုးကို(ကြက်ကလေးချီးတစ်)၊ စိုင်းပို၊ အောင်ကျန်၊ ဆူပါ
တပ်စု(၂)တပ်စိတ်(၂)
နင်ဂျာ၊ ကျော်မိုးလွင်၊ မြင့်ခိုင်၊ အောင်တိုး၊ လှထွန်း၊ ကျနော် ဖြစ်တယ်။
ကျနော်တို့ ကျောင်းသားတပ်မတော် စစ်ကြောင်းမှူးအဖြစ် ဦးအောင်ကိုး၊ တပ်စု(၁)ကို မျိုးဝင်းနိုင် တပ်စုမှူး။ တပ်စု(၂)ကို ကျနော်က တပ်စုမှူးအဖြစ် အသီးသီး တာဝန်ယူခဲ့ကြတယ်။ ကချင်တိုင်းရင်းသားများ နေထိုင်ကြတဲ့ နောင်ပုံရွာကို ကျော်လာပြီး ရှမ်းတရုတ်တွေနေထိုင်ကြတဲ့ တုန်ဟုန်းရွာကို ည (၈)နာရီ လောက်မှာ ရောက်ခဲ့ကြတယ်။ မိမိတို့ စိုးမိုးထားရာ ဒေသဖြစ်တဲ့အတွက် စိုးရိမ်ပူပန်စရမရှိလို့ အဲ့ဒီရွာမှာပဲ တအိမ်မှာ တပ်စိတ်တစိတ်စီနေရာချလို့ အိမ်ရှင်ထံတည်းခိုခွင့်တောင်းကာ အေးအေးဆေးဆေး ညအိပ်ခဲ့တယ်။



မေလ(၄)ရက် ကြာသပတေးနေ့။
ညတုန်းက အိပ်ခဲ့တဲ့ တုန်ဟုန်းဆိုတဲ့ ရှမ်းတရုတ်ရွာမှာပဲ တနေကုန်းလုံး နေနေကြတယ်။ ည ၈နာရီ ၁၀မိနစ်မှ အဲ့ဒီရွာကနေ စထွက်လာခဲ့တယ်။ လမ်းမှာ တရုတ်နိုင်ငံထဲက ရွာကြီးတခုရဲ့ လမ်းကြိုလမ်းကြားတွေကနေ ညအချိန် ဖြတ်ပြီးသွားရတယ်။ ကျနော်တို့စစ်ကြောင်းတွင်လည်း မည်သူမျှ လက်နှိပ်ဓါတ်မီးထွန်းခွင့်မရ၊ စကားပြောခွင့်မရ၊ ချောင်းပင်ဆိုးခွင့်မရပါ။ တယောက်နှင့်တယောက်လည်း အဆက်ပြတ်၍ မရ။ လမ်းကြိုလမ်းကြားတွေကနေ သွားနေတာဆိုတော့ လမ်းလွှဲသွားနိုင်သည်က အများကြီးမဟုတ်လား။ ဒါကြောင့် တယောက်ကို တယောက်အမှီလိုက်ကြရတယ်၊ တခါတလေ နဲနဲနောက်ကျသွားလို့ အတင်းပြေးလိုက်တဲ့အခါ အရှေ့ကရဲဘော်တွေက စစ်ကြောင်းသွားမဲ့လမ်းမှာ တရုတ်နိုင်ငံသား အရပ်သားတွေ သွားလာနေတာနဲ့ကြုံနေလို့ စစ်ကြောင်းကလည်းရပ်နေ၊ နောက်ကရဲဘော်ကလည်း ပြေးလိုက်လာဆိုတော့ ရှေ့ကရဲဘော်ထမ်းထားတဲ့ သေနတ်ပြောင်းနဲ့ နောက်ကလိုက်လာတဲ့သူက အရှိန်နဲ့တိုက်မိကြတာပေါ့။ အဲ့ဒီလိုတိုက်မိလို နာသွားရင်လည်း အသံက ထွက်ခွင့်မရ။ ကြိတ်မိတ်ခံကြရတယ်။ စစ်ကြောင်းမှူးကလည်း အမိန့်ပေးထားတယ်လေ အသံလုံးဝ မထွက်ရလို့။

ကျနော်တို့သွားလိုတဲ့နေရာကို မြန်မာပြည်ဘက်နေသွားရင် လွယ်ဂျယ် နအဖတပ်ကို ကွင်းပြီးသွားရမှာ ဖြစ်တယ်။ အဲ့ဒီလိုကွင်းပြီးသွားရင် အနဲဆုံးတပတ်လောက်ကြမှ ရောက်နိုင်တာ။ တရုတ်ပြည်နယ်မြေထဲကနေ ညအချိန် တိတ်တဆိတ်ဖြတ်ပြီး သွားရင်လမ်းခရီးက တညတာလောက်နဲ့ ရောက်သွားတယ်။ ဒါကြောင့် ကျနော်တို့က တရုတ်ပြည်လမ်းဘက်ကနေ တရုတ်အစိုးရမသိအောင် ညအချိန်ဖြတ်ပြီး သွားကြတာဖြစ်တယ်။
တရုတ်ပြည်ထဲက ရွာကြီးကို ကျော်လိုက်ပြီးတဲ့အခါမှာတော မြန်မာပြည်ထဲက ကုန်းဆာရွာကို ရောက်ခဲ့တယ်။ အဲ့ဒီကနေပြီး ဆက်ထွက်လိုက်တဲ့အခါမှာတော့ ဖရန်ငွန်ရွာကို ည (၁၁)နာရီခန့်မှာ ရောက်ရှိသွားတယ်။ ကျနော်တို့အဖွဲ့တွေကိုလည်း တပ်စိတ်အလိုက်နေရာချပြီး အိမ်ရှင်ထံ ညအိပ်ခွင့်တောင်းကာ အဲဒီ ဖရန်ငွန်ရွာလေးမှာ ညအိပ်ခဲ့ကြတယ်။

မေလ (၅)ရက် သောကြာနေ့။
ဒီဖရန်ငွေရွာလေးကနေ ရဲဘော်အများ ချက်ပြုတ်စားသောက်အပြီး မနက် (၉)နာရီမှာ ခရီးစထွက်ခဲ့ရတယ်။
တောတောင်များကို ဖြတ်ကျော်ပြီး တပ်မဟာ(၃)အနီး ခလုန်ပါရွာကို (၁၁)နာရီခွဲ (၁၂) နာရီခန့်မှာ ရောက်ခဲ့ကြတယ်။ နေလည်ပိုင်းတနေကုန် ရဲဘော်များအနားယူကြရပြီး ညနေစာကို ခလုန်ပါရွာလေးမှာ ချက်စားခဲ့တယ်။ ခလုန်ပါရွာလေးဟာ အိမ်ခြေ (၁၀)အိမ်ခန့်သာရှိပြီး အဇီးလူမျိုးများနေထိုင်ကြတဲ့ ရွာလေးပါ။ ကျနော်တို့ ရောက်တဲ့အချိန်မှာတော့ လူကြီးတွေကို မတွေ့ရဘဲ ခလေးတွေဘဲရှိနေကြတယ်။ လူကြီးတွေက တောင်ယာသွားကြပြီ။ ကျနော်ညအိပ် တဲခိုခဲ့ရတဲ့အိမ်က အဖွားအိုကြီးနဲ့ ခလေးလေး တယောက်တည်း ရှိတဲ့အိမ်ပေါ့...။

မေလ (၆)ရက် စနေနေ့။
အဲဒီရွာလေးမှာ ကျနော်တို့ စစ်ကြောင်းဟာ တနေကုန်အနားယူကြပါတယ်။ မနက်စာရောညနေစာပါ အဲဒီ ရွာလေးမှာပဲ ချက်စားခဲ့ကြတယ်။ညနေထမင်းစားပြီးတာနဲ့ ဒီရွာလေးကနေည (၇)နာရီမှာ တိတ်တဆိတ် ထွက်ခွာလာခဲ့တယ်။ တနာရီခန့် လမ်းလျှောက်ပြီးတဲ့အခါမှာ ကျနော်တို့ ကေအိုင်အေ တပ်မဟာ(၃)ကို ရောက်ရှိခဲ့တယ်။ တပ်မဟာ(၃) စစ်ကြောင်းနဲ့ပူးပေါင်းပြီး ကျနော်တို့ ဆက်ထွက်ခဲ့ကြတယ်။ သိပ်မကြာခင် အဇီးလူမျိုးများနှင့် ကချင်လူမျိုးများနေထိုင်တဲ့ ရွာလေးကို ဖြတ်ကျော်ခဲ့ကြတယ်။
ဆက်လျှောက်ရတဲ့ ခရီးကတော့ တော်တော်လေးကိုကြမ်းတမ်းလှတယ်။ ရွာစဉ်ရွာဆက်များမတွေ့ရဘဲ တောတောင်လျှိုမြောင်ကိုသာ တွေ့နေရတဲ့ လမ်းကြမ်းပါ။ တက်ရတဲ့ တောင်တွေက အလွန်မှကို မတ်စောက်လှတယ်။ ထိုညက ခရီးက အလွန်ပန်းတယ်။ တောင်အတက်ချည်းပဲ(၄)နာရီခရီး။ နောက်ပြီး ညလဲညခရီး။ အတွေ့အကြုံကလဲ နုငယ်သေး၊၊ တော်ရုံစိတ်ဓါတ်ဖြင့် မလွယ်။ စိတ်ဓါတ်တော့ စိုးစိမျှမကျ။ အဲဒီည ည တစ်နာရီထိုးမှာ ကျယ်ကောင်ဆိုတဲ့ ရွာလေးကို ရောက်တယ်။ တရုပ်လူမျိုး အများဆုံးနေထိုင်ပြီး ကချင်လူမျိုးက လေးငါးအိမ်လောက်ဘဲရှိတဲ့ ရွာလေးပါ။ ဒီရွာလေးရဲ့ အသက်မွေးဝမ်း ကြောင်းကတော့ ဘိန်းစိုက်၊ ပြောင်းစိုက်လုပ်ငန်းပါပဲ။ အဲဒီနေရာရောက်တာနဲ့ ကျနော်တို့စစ်ကြောင်းဟာ တောစပ်ချုံစပ်တွေမှာ အသင့်နေရာယူကြရတယ်။ ရဲဘော်တွေကို ကျနော်လည်း နေရာချပြီးတာနဲ့ ကျနော်လည်း ဖြစ်သလိုခြုံထဲတိုးပြီး ထိုးအိပ်လိုက်တယ်။ အောက်မှာ စစ်မိုးကာခင်း အပေါ်က ပုဆိုးကို ခြုံပြီးလိုက်တာနဲ့ ကျနော်လည်း တချိုးတည်း အိပ်ပျော်သွားခဲ့တယ်။ ဒီဒေသက ဖြုတ်တွေနဲ့၊ ခြင် ပေါတဲ့အရပ်ပါ။ ဖြုတ်ဆိုတဲ့အကောင်က အင်း၊ ချောင်း၊ မြစ်ဘေးတို့မှာအရှိများပြီး ကျွဲနွားများကိုကိုက်တတ်သော ဖြုတ်အငယ်လေးများနဲ့မတူ၊ အရွယ်က ခွေးလေးသန်းလောက် အရောင်ကတော့ အ၀ါရောင်၊ အကိုက်ခံလိုက်ရရင် မဲ့နီလေးလို အသားမှာ အနီစက်ကလေးအဖြစ် ကျန်နေတတ်တယ်။ အဲ့ဒီလို ဖြုတ်ကိုက် ခြင်ကိုက်တာတောင် မသိနိုင်တော့တဲ့ ကျနော်တို့ဟာ ခရီးဘယ်လောက်ပန်းကြတယ်ဆိုတာ.....။့ ခြင်ဒဏ်ဖြုတ်ဒဏ်ကို မမှုကြတော့ပါ။ အချိန်ကလည်း ညဥ့်နက်။ လမ်းလျှောက်လာခဲ့တဲ ခရီးကလည်း ဝေး။ တက်ရတဲ့တောင်တွေကလည်း မတ်စောက်ဆိုတော့....။

မေလ (၇) ရက် တနင်္ဂနွေနေ့။
အိပ်ချိန်က သိပ်မရလိုက်။ အိပ်ရေးကမ၀ခြင်။ မနက် (၅)နာရီ အစောကြီး ထခိုင်းလိုက်သည်။ မနက်စာ စားပြီးသည်နှင့် ကျနော်တို့က ခရီးအထွက်ကို ပြန်စောင့်ကြသော်လည်း ထိုရက်က မထွက်ဖြစ်လိုက်။ တနေကုန် အနားရတဲ့နေ့။ ညနေပိုင်း ရောက်သည်နှင့် ရိက္ခာ ထုတ်ဆိုသည့် အော်သံကြားလိုက်ရတော့ ၀မ်းသာအားရကျနော်တို့ ပြေးသွားကြသည်။ ထိုရက် ညနေပိုင်းက ထုတ်ပေးတဲ့ ရိက္ခာတွေက....။ အမဲသား၊ ငရုတ်သီး၊ ပဲပုပ်ပြား၊ ဖရောင်းတိုင်၊ အချိုမှုန့်၊ ဗာဂျီးနီးယားဆေးမှုန့်ထုပ်၊ ဆွန်ထန်ခြောက်။ တိုက်ပွဲက နီးလာပြီဆိုတော့ အမဲသားပေးပြီး အားမွေးးပေးလိုက်တာပါပဲ။ အဲဒီညက ကျနော်တပ်စုက ကင်းမစောင့်လိုက်ရဘဲ မျိုးဝင်းနိုင်ရဲ့ တပ်စုက ကင်းစောင့်ကြတယ်။ ခရီးကပန်း တောကကြမ်းဆိုတော့ အဲဒီရက်မှာ ရဲဘော်နှစ်ဦး (ရဲဘော်ကြက်လေးချီးတစ်၊ ရဲဘော်မောင်ပို) ဖျားကြတယ်။ မျိုးဝင်းနိုင်တပ်စိပ်ထဲမှာ ရှိနေတဲ့ ဒီရဲဘော်နှစ် ယောက်ကို တောင်အောက်က ရွာမှာပေးနားလိုက်တယ်။ ကျနော်တို့ စထွက်လာတဲ့ ကျောင်းသားစစ်ကြောင်းက ရဲဘော်နှစ်ယောက်ဖျားကျန်ခဲ့တော့ စုစုပေါင်း (၂၁)ယောက်ဘဲ ကျန်တော့တယ်။ ရိက္ခာက အမဲသား၊ ညကလည်း နားလိုက်ရဆိုတော့ အဲဒီညမှာ တိုက်ရမဲ့ တိုက်ပွဲအတွက် အားမွေး ဓါးသွေးတဲ့ ညပါပဲ။ အိမ်မက်တွေထဲမှာတော့ န၀တ တပ်တွေကို ကောင်းကောင်းချည်းကို ဆော်ပလော်တီးနေလေရဲ့။



မေလ (၈) ရက် တနင်္လာနေ့။
ညနေစာကို ညနေသုံးနာရီထမင်းစားအပြီးလို့စစ်ကြောင်းမှူးက အမိန့်ပေးလာတယ်။ ထမင်းစားပြီးတာနဲ့ စစ်ကြောင်းမှူးက ကျနော်တို့ ကျောင်းသားအဖွဲ့အား သီးသန့်တွေဆုံပြီး တာဝန်ခွဲဝေမှုတွေ စတင်လုပ် ဆောင်တော့တယ်။ ကေအိုင်အို စစ်ကြောင်း (၁)မှာ ကျနော်ကျန်ခဲ့ပြီး ကေအိုင်အိုစစ်ကြောင်း (၂)မှာ မျိုးဝင်းနိုင် တပ်စုက လိုက်ပါသွားတယ်။ ကျနော်တို့ စစ်ကြောင်း (၁)မှာဘဲ တပ်ခွဲတွေ ထပ်ခွဲကြပြန်တယ်။
တပ်ခွဲ(၁)မှာ ရဲဘော်ဘဂျမ်း၊ ရဲဘော်ယုံတိုး၊ ရဲဘော်မြင့်ခိုင် တို့ပါသွားပြီး တပ်ခွဲ (၃)မှာ ကျနော်နှင့် ကျော်မိုးလွင်နှင့် အခြားရဲဘော်များပါခဲ့တယ်။ ရဲဘော်အောင်ကိုးနဲ့ ရဲဘော်စန်းအောင်တို့ ကေအိုင်အေ စစ်ကြောင်းမှူးဘေးမှာ တွဲနေကြရတယ်။

မေလ (၉ ၊ ၁၀) ရက် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့။
တရွာဝင်တရွာထွက် စစ်ကြောင်းစစ်ချီခဲ့ရသောနေ့ဖြစ်တယ်။
စစ်ကြောင်းက ဗန်းမော်မြို့ဘက်သို့ ဦးတည်နေတယ်။ ဗန်းမော်မြို့အနီး (၂၁)မိုင်ရွာ အနီးသို့ ချည်းကပ်လာနေတယ်။ ဒီနေရာတွင် ကြုံ၍နဲနဲပြောပြချင်သေးတယ်။ အဲ့ဒါကတော့ ကျနော်တို့ရဲဘော်တွေထဲမှာ ရဲဘော် ယုံတိုးဆိုတာ ဗန်းမော်မြို့က။ ကျနော်တော်တို့ စစ်ကြောင်းချီတဲ့ လမ်းက ဗန်းမော် - လွယ်ဂျယ်လမ်း။ အဲ့ဒီလမ်းမှာ ဗန်းမော်၊ မြို့သစ်၊ မိုးမောက်၊ မံစီ ရှိ ပြည်သူတွေက တရုတ်ပြည်ကို လာလာပြီး တရုတ်ကုန်ပစ္စည်း ၀ယ်ယူသယ်ဆောင်နေကျ လမ်းဖြစ်တယ်။ ကျနော်တို့စစ်ကြောင်းချီတဲ့အခါမှာ တရုတ်ပစ္စည်းများ လာရောက်ဝယ်သူ ဗန်းမော်သူလေးတွေနဲ့ တိုးပြီး အဲ့ဒီအထဲမှာ ရဲဘော် ယုံတိုး နဲ့ သိတဲ့ အပျိုကောင်မလေးတယောက် ပါလာလေရော့။ ရဲဘော် ယုံတိုး ကလည်း လက်နက်မကိုင်ရ။ လက်နက်ကြီး ကျည်သာထမ်း၍ လိုက်ရတဲ့သူ။ ဒါနဲ့ ကျနော်တို့ ရဲဘော်ယုံတိုး လေးခမျာမှာ လက်နက်မကိုင်ရဘဲ လက်နက်ကြီးကျည်သာ သယ်ပြီးလိုက်ရတာမို့ ကောင်မလေးနဲ့တွေ့လိုက်တဲ့အခါ ပြုံးပြနှုတ်ဆက်မှု လေးတောင် မလုပ်နိုင်တော့ဘဲ... ရှက်လို့ဆိုပြီး ကျောင်းသားရဲဘော် ဦးထုတ်ကို ငိုက်ငိုက်ဆွဲချ မျက်နှာလွှဲပြီး သွားခဲ့ရတယ်လို့ သူပြန်ပြောပြတော့ ရယ်မဆုံးနိုင်အောင်တ၀ါးဝါးဖြစ်ခဲ့ကြရတယ်၊

မေလ (၁၁) ကြာသပတေး။
ဒီနေ့မှာတော့ ကျနော်တို့ ရှေ့ကရောက်နေတဲ့ စစ်ကြောင်းပြန်ခေါက်လာနေတာကို တွေ့လိုက်ရတယ်။ စုံစမ်းမေးမြန်းကြည့်တော့ န၀တ စစ်ကြောင်းနဲ့ လွဲသွားပြီး မိမိတို့ သွားရောက် အင်းဗို့ချမဲ့နေရာကို ကျော်သွားပြီဆိုတာသိလိုက်ရတယ်။ ဒါနဲ့ မိမိတို့ရဲ စစ်ကြောင်းကြီး ဌာနချုပ်ကို အမြန်ဆုံးပြန်ရောက် ခုခံကာကွယ်နိုင်ဖို သုတ်ချေတင် ပြန်လာခဲ့ရတယ်။ ဖြတ်လမ်းတွေကို အသုံးပြုပြီး လာခဲ့တော့တရက်တည်း နဲ့ ကေအိုင်အေ တပ်မဟာ(၁) တပ်ရင်း (၁) လက်နက်ကြီးကုန်းကို ရောက်ခဲ့ကြတယ်။ ဒီနေ့လည်း ခရီးကအတော်ပမ်းကြတာပေါ့။ မနက် ၆နာရီခွဲလောက်ကနေ စတင်လမ်းလျှောက်လိုက်ရတာ ည ၈နာရီကျော်မှ နားတဲ့နေရာကိုရောက်တာ။ အသွားတုန်းက (၆)ရက်လောက်သွားထားတဲ့ခရီးကို အပြန်တရက်တည်းနဲ့ ရောက်အောင်ပြန်ကြရတာဆိုတော့ ........။
နောက်ပြီး န၀တ စစ်ကြောင်းကို အပိုင်ချရတော့မယ်လို့ထင်ပြီး တင်းထားတဲ့စိတ်တောင် ပျက်မိသလိုလို ဖြစ်မိတယ်။ ဒီလိုမျိုးကလည်း ကျနော့်အနေဖြင့် ဒုတိယအကြိမ်ဖြစ်ရတာပဲ။ ပထမတကြိမ် မိုးညှင်းတိုက်ပွဲတုန်းကလဲ ချရတော့မယ်ဆိုပြီး မြို့ထဲဝင်သွားလိုက်တာနဲ့ ပြန်ဆုတ်ပါဆိုတဲ့ အမိန့်မျိုး ခံခဲ့ရစဉ်တုန်းက ခံစားခဲ့ရသလို ခံစားမိလာပြန်တယ်။ ဒါပေမဲ့ အားတော့မလျှော့။ ထင်းခွေမကြုံ ရေခတ်ကြုံမှာပဲ ဆိုပြီး စိတ်ကို တင်းလိုက်ပြန်တော့ အားလုံးအဆင်ပြေသွားတာပါဘဲ။

မေလ (၁၂)ရက် သောကြာနေ့။
ဒီနေ့မနက် ၅နာရီခွဲလောက်ကတည်းက စပြီး ခရီးပြန်စတင်ခဲ့ရတယ်။ ရန်သူ န၀တ တပ်ရဲ့ ဦးတည်ထိုးစစ်ဆင်မဲ့ အဓိကပစ်မှတ်ကပေါ်နေပြီကိုး။ န၀တတပ်များရဲ့ ချီတက်လာတဲ့လမ်းကြာင်းက မိမိတို့ကို ပြောပြနေလေပြီ။ ဒါကြောင့် သူတို့တိုးစစ်ဆင်တိုက်ခိုက်လာမဲ့ နေရာကို အကာအကွယ်ပေးနိုင်အောင် ပိတ်ဆို့ရမဲ့နေရာကို ဦးစွာရောက်ရှိလို့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားနိုင်အောင်ပါ။ တောင်အောက်သို့ မွန်းလွဲချိန် ၁နာရီခွဲလောက်မှာ ရောက်ရှိကြပြီး မနက်စာကို ရေမြောင်းတခုဘေးမှ ခေတ္တစခန်းချ ထမင်းချက်စားကြတယ်။ ည ၈နာရီခွဲလောက်မှ စတင်ပြန်ထွက်ခွာလာကြပြီး အသွားတုန်းက ဖြတ်သွားခဲ့ရတဲ့ တရုတ်နိုင်ငံအတွင်းက ရွာကို ပြန်ဖြတ်ကြရတယ်။ ဒီနေရာမှာလည်း စစ်ကြောင်ချီတက်သွားတုန်းကဖြစ်ခဲ့ကြသလို ရှေ့ရဲဘော်ရဲ့ သေနတ်ဒင် ဒါမှမဟုတ် သေနတ်ပြောင်းတွေကို တိုက်မိတဲ့အဖြစ်အပျက်မျိုးလေးတွေတော့ ခဏခဏကြုံရတာပါပဲ။ အသွားတုန်းက ညအိပ်ခဲ့တဲ့ တုန်ဟုန်းရွာကို ည၁၀နာရီလောက်မှာ ရောက်ရှိခဲ့ကြ့ပြီး ညနေစာကို အဲ့ဒီအချိန်မှ ချက်စားကြရတော့တယ်။ ထမင်းစားပြီး ရွာထဲမှာဆိုတော့ သိပ်ပြီး ထူးထူးထွေထွေ လုပ်စရာမလိုပဲ အိပ်လိုက်ကြသည်ဖြစ်ခြင်း ....။

မေလ (၁၃)ရက် စနေနေ့
ညက အိပ်တဲ့ရွာကနေ ရွာသားတွေလဲမသိအောင် မနက် (၅)နာရီဆိုရင် စတင်ထွက်ခွာကြပြီး ကချင်တိုင်းရင်းသားများနဲ့ အဇီးလူမျိုးတွေနေထိုင်ကြတဲ့ နောင်ပုံရွာကို မနက် ၉နာရီခွဲလောက်မှာ ရောက်ရှိခဲ့တယ်။ အဲ့ဒီရွာမှာပဲ ထမင်းချက်စားပြီး တောင်တခုကို တက်ကြရတော့တယ်။ အဲ့ဒီတောင်ကတော့ ကောင်းဆာဘွမ် ဆိုတဲ့တောင်ပဲ။ လာမဲ့ (၂၀)ရက်နေ့မှာ ဒီတောင်ပေါ်မှာ ကျောင်းသားတပ်မတော် ရဲဘော်တွေနဲ့ န၀တတပ်တို့ ပွဲကြီးပွဲကောင်းတွေ့ရမဲ့နေရာပဲပေါ့.......။

ဒီတောင်မှာ မိမိတို့ကျောင်းသားတပ်မတော်ရဲ့ စိတ်ဓါတ်နဲ့ သွေးတွေ ဘယ်လောက်နီကြောင်းကို ကေအိုင်အေ ရဲဘော်များနဲ့ ကေအိုင်အေ တပ်မှူးကြီးများ ကောင်းကောင်း သဘောပေါက် လက်ခံသွားခဲ့ကြတယ်။ န၀တရဲ့မတရားတဲ့စစ်ကို ခွပ်ဒေါင်းတို့ရဲ့ တော်လှန်စစ်နဲ့ ရိုက်ချိုးလိုက်ခဲ့တဲ့ တောင်လည်း ဖြစ်တယ်။ ဒါကြောင့် .........

ဒီတောင်ပေါ်မှာ ခွပ်ဒေါင်းတို့ရဲ့ သမိုင်းခြေရာ တွေရှိခဲ့တဲ့တောင်.....။
ဒီတောင်ပေါ်မှာ ခွပ်ဒေါင်းတို့ရဲ့ သတ္တိသွေးတွေပြခဲ့တဲ့တောင်......။
ဒီတောင်ပေါ်မှာ ခွပ်ဒေါင်းတို့ရဲ့ လက်စွမ်းကို ပြခဲ့တဲ့တောင်........။

မြန်မာပြည်တနှံ့တလျား တော်လှန်စစ်ကြီးထဲမှာ မြောက်ပိုင်းဒေါင်းစစ်သည်များရဲ့ ဒီတောင်ကုန်းပေါ်က သေနတ်သံတွေဟာ ဒီတောဒီတောင်တွင်သာမက တပြည်လုံးပြန့်နှံ့သွားမယ်ဆိုတာ အခိုင်အမာ ယုံကြည်လျှက်.........။

ရဲဘော်ထွန်းလင်း
၃၁-၈-၂၀၀၈

“တိုက်ပွဲအကြောင်း ဆက်လက်ရေးသားပါဦးမည်”

Summary

Rest of your post
Posted by Picasa

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ အစည်းအဝေး

ဥတ္တရ
၃၁-၃-၂၀၀၈
Image and video hosting by TinyPic
ကေအိုင်အေ ဆက်ဆံရေးရုံး

၂၀၀၈ ခုနှစ် မတ်ခ်ျလ (၃၁) ရက်နေ့က ကေအိုင်အေထိန်းချုပ်ရာ ဗန်းမော်မြို့နယ် လိုင်ဇာမြို့တွင် တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ ပေါင်းစန်းစစ်ဒေသခွဲမှ ဒုစစ်ဒေသမှူး ဦးဆောင်၍ စုစုပေါင်း အရာရှိကြီးများ (၁၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်း၊ တိုင်းဦးစီး ဗိုလ်မှူးကြီး ၀င်းမြင့်၊ စစ်ဖက်ရေးရာလုံခြုံရေးဌာနမှ စစ်ဦးစီး ပထမတန်း ဒုဗိုလ်မှူးကြီး ကိုကိုနိုင်၊ မိုးမိတ် စစ်ဗျူဟာမှူး၊ ကာကွယ်ရေးနှင့်စစ်ဆင်ရေးအထူးအဖွဲ့ (၁)မှ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီး နိုင်ဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးပြုလုပ်ရခြင်း၏ အဓိက အကြောင်းရင်းကတော့ တရုတ်နိုင်ငံ၏ တိဗက် အရေးတော်ပုံကိစ္စအတွင်း ထွက်ပြေးလာသော တိဗက်လူမျိုးများအား တရုတ်အစိုးရအနေဖြင့် ကာကွယ်တားဆီး လိုခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ တိဗက်ပြည်နယ်မှ ထွက်ပြေးလာသော တိဗက်လူမျိုးများသည် မြန်မာနိုင်ငံအားဖြတ်သန်းကာ အိန္ဒိယနိုင်ငံဘက်ခိုးထွက်နေကြောင်း ကောလဟာလသတင်းများထွက်ပေါ်နေလျှက်ရှိသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သော လမ်းပေါက်များအား တရုတ်အစိုးရအနေဖြင့် အပြင်းအထန်လိုက်လံပိတ်ဆို့လျှက်ရှိနေရာ ယခုလိုင်ဇာလမ်းပေါက်အား အမြန်ဆုံးပိတ်ဆို့နိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်။
Image and video hosting by TinyPic
လိုင်ဇာဒေသ အတွင်းရှိ နအဖ၏နယ်စပ်ကုန်သွယ်ရေးစခန်း

ဒုတိယအချက်အနေဖြင့် တရုတ်အစိုးရမှ နေ၍ လက်ရှိမြန်မာနိုင်ငံနှင့် ဆက်သွယ်မှုပြုလုပ်နေသော ကုန်သွယ်ရေး လမ်းကြောင်းအား ပိုမိုတိုးချဲ့လိုခြင်းကြောင့် ဖြစ်သည်။ နှစ်နိုင်ငံ လိုင်ဇာ ကုန်သွယ်မှုလမ်းကြောင်းအား ၂၀၀၂ခုနှစ်လောက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နအဖ နှင့် ကေအိုင်အေ ဆက်ဆံမှုအခြေအပေါ်မူတည်၍ ၂၀၀၄ ဒီဇင်ဘာခန့်မှစတင်ကာ ကုန်သွယ်မှုများ ရပ်ဆိုင်းသွားခဲ့သော လမ်းပေါက်ဖြစ်သည်။ အဆိုပါ ရပ်ဆိုင်းသွားသော နှစ်နိုင်ငံကုန်သွယ်မှုလမ်းပေါက်အား တရုတ်ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး တရုတ်အာဏာပိုင်များထံသို့ တင်ပြခဲ့ကြောင်း လည်း သိရသည်။ ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် မပြုတ်ခင်ကတည်းက နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်ဆိုင်းသွားခဲ့သော လိုင်ဇာလမ်းပေါက်အား ဖွင့်လှစ်နိုင်ရေးအတွက်ဖြစ်ကြောင်း သိရသည်။

ယခုလို ကေအိုင်အိုအဖွဲ့အပေါ် ကျော်လွန်၍ ၎င်းတို့နယ်မြေအတွင်းတွင် နအဖနှင့်တရုတ်အစိုးရတို့ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ပြလိုက်ခြင်းသည် အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များကြားတွင် နအဖအနေဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်ပြလိုက်ခြင်းသာ ဖြစ်သည်။ ခုလို အစည်းအဝေးမျိုးသည် နှစ်နိုင်ငံ ဒေသဆိုင်ရာ စစ်ဘက်အရာရှိကြီးများ (၃) လတကြိမ် ပြုလုပ်လေ့ရှိကြပြီး ယခင်အစည်းအဝေးများကို မြစ်ကြီးနားမြို့တွင်သာ ကျင်းပလေ့ရှိသော်လည်း ပထမဦးဆုံးအကြိမ် အဖြစ် လိုင်ဇာမြို့တွင် ကျင်းပခြင်း ဖြစ်သည်။ ယခုအစည်းအဝေးအား တရုတ်အာဏာပိုင်များကို မြစ်ကြီးနားအထိခေါ်ဆောင်သွားပြီး ယခုလို လိုင်ဇာဒေသသို့ပြန်လည် ၀င်ရောက်၍ လုပ်ခြင်းသည် နိုင်ငံရေးအရ အမြတ်ထုတ်မှုဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များမှ သုံးသပ်နေလျှက်ရှိကြောင်း သိရသည်။

ယခုအစည်းအဝေးမတိုင်မှီ မတ်ခ်ျလ (၂၇၊ ၂၈)ရက်နေ့များက လိုင်ဇာမြို့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် စစ်ဖက်ရေးရာလုံခြုံရေးဌာနမှ ဒုဗိုလ်မှူးကြီး အောင်ဇော်ထွေးတို့ ဦးစွာရောက်ရှိလာပြီး ကေအိုင်အို အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲပြီးနောက်ပိုင်းတွင် လိုင်ဇာ ကုန်သွယ်မှုလမ်းပေါက်အား နအဖမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်။ ယခင် ကန့်သတ်ထားသော တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်းများအားလည်း ကန့်သတ်ကုန်အဖြစ်မှ ဖယ်ရှား တင်သွင်းခွင့် ပြုလိုက်ကြောင်း သိရသည်။ ယင်းကဲ့သို့ လမ်းပေါက်ဖွင့်လိုက်ခြင်းနှင့်အတူ မြန်မာနိုင်ငံမှ သစ်ကားများသည်လည်း ဥဒဟို သွားလာနေလျှက်ရှိကြောင်းလည်း သိရသည်။
...



Saturday, March 29, 2008

ဖက်စစ်တော်လှန်ရေးနှင့် ယနေ့တပ်မတော်အကြောင်း တစေ့တစောင်း



သတင်းဗွီဒီယို ခင်မောင်ဇော်
မတ်(၂၇)ရက်နေ့တွင်ကျရောက်ခဲ့တဲ့ ဖက်စစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)နှင့် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ဦးစီးကျင်းပပပြုလုပ်သွားခဲတဲ့ ဒု-ဗိုလ်မှူးကြီး အေးမြင့်(ငြိမ်း) ”ဖက်စစ်တော်လှန်ရေးနှင့် ယနေ့တပ်မတော်အကြောင်း တစေ့တစောင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ တရပ်ကို တိုကျိုမြို့၊ အိခဲဘုခုရိုးရှိ၊ အီကိုတိုရှိးမား စင်တာ(၈)ထပ်တွင် ပြုလုပ်ခဲ့ကြ ပါတယ်။ ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)၏ ပြောကြားချက်တွေကိုအားလုံးသိအောင် မှတ်တမ်းဗွီဒီယို အဖြစ်တင်ပြပေးလိုက်ပါတယ်

Rest of your post

Thursday, March 27, 2008

~ မြောက်ပြန်လေ တို့နှင့်အတူ ဥတ္တရ ရပ်ဝန်းဆီသို့ ~

မောင်မောင်ခင် (ရမ်ဘို)

လွန်ခဲ့တဲ့ အနှစ်၂၀က မြန်မာ့သမိုင်းရဲ့ အထင်ကရ ရှစ်လေးလုံးမုန်တိုင်းဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ ဗဟိုပြုလို့ အာဏာရှင် သဘောက်ဘ၀ လွတ်မြောက်ရေး အတွက် ကျောင်းသားများ မာန်ဟုန်ဝင့်ပြတာကို စစ်အာဏာရှင်တစုက တပြည်လုံးကို သွေးနဲ့ဖြန်းပြီး နိုင်ငံတော်အာဏာကို ကျဉ်ဆံတွေနဲ့ တံတိုင်းခတ် ကာရံထိမ်းချုပ်လိုက်တော့ နိုင်ငံရဲ့ အနာဂါတ်တွေဟာ စာသင်ခန်းကို စွန့်ပြီး ကာဘိုက်ယမ်း
ရနံ့စွဲနေတဲ့ လက်များနဲ့ အာဏာရှင်တွေကို တိုင်းပြည်ရဲ့ နယ်ခြားဒေသ တွေကနေ ပြုပြင်ပြောင်းလဲရေး ရာဇသံပေးတဲ့ အထဲမှာ ကျုပ်လဲ ထဲထဲလူလူ ပါလာတော့တယ်။

အချိန်ကာလက နွေရာသီကုန်လို့ မိုးဦးကို ရောက်တော့မယ် စပ်ပူစပ်လောင် ရာသီက မိုးကို စောင့်မျှော်နေတဲ့ ပုဇဉ်းရင်ကွဲ အသံတွေနဲ့ ဆူညံနေကြတယ်လေ၊ မိုးကိုခေါ်နေတဲ့ ဖားလေးတွေရဲ့ တကွပ်ကွပ် အော်မြည်သံ များကလည်း ကချင်ထောင်ကာလို နရီစည်းချက် ကျလွန်းလှတယ်။


ဒီနေ့တော့ ဗဟိုနဲ့ စက်စကားပြောရန် ချိန်းထားလို့ ရဲဘော်နှစ်ယောက်နဲ့ ဆိုင်းဂျာဘွန့် တောင်ထိပ်ကို ကျနော်တို့ တက်လာခဲ့ကြတယ်။ တောင်ထိပ်ရောက်ပြီး နာရီဝက်ခန့် အကြာမှာတော့ ဗဟိုက စက်ဝင်လာလို့ လက်ထဲက လမ်းလျှောက်စကားပြောစက်မှ “ဟီးနိုး ကြားလား” “ဟီးနိုး ကြားလား” အိုကေ “ကြားတယ်” အစပြု ပြန်ဖြေလိုက်တော့ အတွင်းရေးမှုး ရဲဘော်မျိုးဝင်းနဲ့ တဆင့်ခံ စကားပြောဖြစ်ကြသည်။ သူက ဗဟိုကို ပြန်ခေါက်လာရန် ညွန်ကြားချက်ပေးတော့၊ ကျနော့စိတ်မှာတော့ ဒီတော့လည်း ပြန်ရသေးတာပေါ့ ဟု မရိုးမရွ ဖြစ်နေမိသည်၊ ကျောင်းသားတပ်မတော် မြောက်ပိုင်းသည်အမိန့် နာခံမှုရှိအောင်
တပ်စတည် ကတည်းက လေ့ကျင့်ထားသောတပ်ဖြစ်လို့ အထက်အမိန့်ကို နာခံယုံမှလွဲလို့ မှတပါးအခြားမရှိ။

ဥတ္တရ ရပ်ဝန်းဆီသို့
ပြက္ခဒိန်စာမျက်နှာ ပြေးမြင်ကြည့်တော့ ခရစ်သက္ကရာဇ် ၁၉၉၂ခုနှစ်၊ ကျနော်တာဝန်ကျရာ ဖားကန့်ဒေသ ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရာဒေသကို စွန့်ခွာ၍ ဌာနချုပ်ရှိရာ တရုတ် -
မြန်မာနယ်စပ် ပါဂျောင်ဒေသသို့ ပြန်ရတော့မည်။ ဖားကန့်ဒေသတွင် ကျနော်တနှစ်ကျော် လူထုစည်းရုံးရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေး အတွက် တာဝန်ကျခဲ့ခြင်းဖြစ်သည်။ ကျနော်နဲ့ ရဲဘော်တချို့ တိုင်ပင်ကာ ပြန်ရန်လမ်းကြောင်းများကို စီစဉ်ရတော့သည်။ ကျနော်တို့အဖွဲ့ ပြန်ရန်၊ ယခုကျနော်တို့ တာဝန်ကျနေသော ဖားကန့်ဒေသမှာ ကျောင်းသားတပ်မတော် မြောက်ပိုင်းဗဟို၏ အနောက်တောင်ဖက် ယွန်းယွန်းတွင် ရှိနေသည် ခရီးစဉ်၏အလယ်တွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနှင့် ဧရာဝတီမြစ်ကြီးက ကန့်လန့်ဖြတ်ခံနေပြီး ခရီးက အရှေ့နှင့်အနောက် ရှည်လျားလွန်းလှသည်၊ တောလမ်းကဆိုလျှင် အဆင်မပြေနိုင် လိုက်ပါပို့ဆောင်ပေးမည့် လုံခြုံရေးတပ်မရှိ၊ မဟာမိတ်၏ အကူညီလည်းမရနိုင်၊ ကျနော့်မှာ ရွေးစရာ လမ်းတလမ်းပဲရှိတော့သည်၊ ခရီးသည်တွေနှင့် ရောလိုက်သွားတဲ့လမ်းပေါ့ ဒီလမ်းသည် အန္တရာယ်ကများ၏။ ရဲဘော်တူးတူး(မြစ်ကြီးနား) ရဲဘော်နိုင်ဦး(ကောလင်း)၊ ရဲဘော်ခွက်ကြီး(ကသာ) တို့ဦးဆောင်ပြီး ရဲဘော်သစ်များနှင့် ဟောင်ပါးလမ်း၊ ကျနော်နှင့် ရဲဘော်ဝင်းရွှေအပါအ၀င် ကျနော်တို့ကို အကူညီပေးနေသည့် အမျိုးသမီး(၂)ဦးနှင့် ဝှေ့ခါလမ်းကို ရွေးချယ်ပြီး၊ ရဲဘော်အချို့ကို ဖားကန့်ဒေသတွင် တာဝန်ပြန်ချထားပေးခဲ့သည်။ ထိုမိန်းကလေး(၂)ယောက်ကို အကူညီတောင်းခံခဲ့ရခြင်း အကြောင်းမှာ ကျနော်တွင်ပါလာသော တရုတ်လုပ် အမ်(၂၀)သေနတ် အတိုတလက်၊ စကားပြောစက်တလုံးနှင့် တီအမ်တီ(ယမ်းဘီလူး) တချောင်းကို ၀ှက်ပြီး သယ်ဆောင်ခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။

ခရီးနှင်ကြပြီ
ဆိုင်းတောင်ရွာ(ဆိတ်မူရွာ)က နံနက်စောစော ခပ်သုတ်သုတ် ခြေလျှင်ခရီး စထွက်ခဲ့ကြသည်၊ ဆိုင်းတောင်ကျော်ပြီး ရေချောင်းလမ်းကလေး အတိုင်း လိုက်လာလိုက်လျှင် ကုန်းကလေးများ တောင်ကမူလေးများကို ကျော်လိုက် ရေချောင်းကို ပြန်တွေ့လိုက်နဲ့ လာခဲ့ကြသည်။ ဒီလိုနဲ့ ရေကြည်ရွာတော့ ရောက်ပြီးခဏ ခရီးဆက်ထွက်ခဲ့ကြသည် နေ့လည် (၁၂)နာရီ မွန်းတည်းချိန်လောက်တော့ မှော်ဂလုံအရပ်ကို ရောက်ပြီး နေ့လည်စာစားကြသည်။ ဆိုင်ရှင်က ကျနော်တို့ကို အမောပြေဆိုပြီး တွံတေးသိန်းတန်သီချင်း ဖွင့်ပြတော့ကျနော်တို့ လေးယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး ရီပြုံးမိကြသည်။ ထိုနေ့တွင် နေက သိသိသာသာအတော်ပူ၍ နေ့လည်စာစားပြီး ကျနော်တို့ လေးယောက်
ရီရီမောမောဖြင့် ခရီးပြန် ဆက်ခဲ့ကြသည်။


အဓမ္မ တောင်းရမ်းသူများနှင့် တွေ့ဆုံခြင်း
ကျနော်တို့လေးယောက် မှော်ဂလုံ အရပ်မှ ထွက်လာ၍ တနာရီခန့် လျှောက်ပြီးနောက် လမ်းအကွေ့လေးအတိုင်း ဖြတ်လျှောက်လိုက်သည်နှင့် စစ်ယူနီဖောင်းဝတ် စစ်သားများ တပ်စိတ် တစိတ်ခန့် တွေ့လိုက်ရပြီး နောက်ကြောင်းပြန်ခေါက်ဖို့ ဆိုတာလဲမဖြစ်နိုင် သူတို့က
ကျနော်တို့ကို မြင်သွားပြီး ဒုန်းဆို …. ကျနော် ရင်ခုန်သံတွေ မြန်နေသည် စိတ်တွေလှုပ်ရှားနေပြီး “ဘာလုပ်သင့်သလဲ အပြန်ပြန်အလှန်လှန် မေးခွန်းတွေထုတ်နေမိသည်” ဆုံးဖြတ်ချက်ချလိုက်သည် လာမဲ့ဘေးပြေးတွေယုံပေါ့ ကျနော်တို့ ဆက်လျှောက်သွားတော့ လက်မောင်းမှာ နှစ်ရစ်ကပ်ထားတဲ့ ဆံပင်ကောက်ကောက်နဲ့ သူက ကျနော့်ကိုခေါ်ပြီး လမ်းဘေးတွင် ငုတ်တုတ် ထိုင်ခိုင်းထားသည်။ ကျနော်က စပြီးမေးလိုက်သည် “ဆရာတို့ ဘာအလိုရှိပါသလဲလို့ မေးလိုက်သည်” မင်းတို့ ရှေ့ခရီးသွားလို့ မရဘူးတဲ့ ဆရာတို့ ချောဝန်ထမ်း(အဓမ္မလုပ်အားပေး/ ပေါ်တာ) လိုလို့ လားဟု ကျနော်မေးလိုက်တဲ့ အခါ “မင်းကိုပေါ်တာဆွဲထားတာကွ”တဲ့ ကျနော်နဲ့ပါလာတဲ့ အမျိုးသမီးတယောက်က ၀င်ရှင်းသည် “ဆရာတို့အတွက် ဒီမှာ ငါးခြောက်ကြော်တွေ ပါတယ်လို့” ၀င်ပြောတော့ “မင်းတို့ အဆိပ်ခတ်ထားသလား အရင်စားပြ” လို့ပြောတော့ ကျနော်တို့ စားပြရသေးတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးမဲ့ တပ်မတော်ဆိုတာ ဒါမျိုးလားဟု ကျနော့်စိတ်ထဲတွင် အော့နှလုံး နာလာသည်။ ကျနော်တို့ ငါးခြောက်ဗူးကိုပေးပြီး သူတို့နှင့် ဆက်ညှိကြသည်။ နောက်ဆုံးမတော့ ကျပ် နှစ်ထောင်ပေး၍ ဖြေရှင်းခဲ့သည်။ ကျန်တဲ့ ခရီးသည်တွေလည်း ကျနော့်နည်းတူ မရှိ ရှိတာလေးတွေ ပေးပြီးသွားကြရသည် ရှိတာတွေအကုန် တရားဝင် အမိန့်တော်ရသဖွယ် ဓါးပြတိုက်ကြသည်။

တနေရာထဲ ဓါးပြနှစ်ခါ တိုက်ခံရခြင်း
ကျန်တဲ့သုံးယောက်က အရှေ့က သွားနှင့်သည် ကျနော်နောက်ချန် ၍ အသာလေးမျှော လိုက်ကာ ခြေလှမ်းသုံးဆယ်ပင်မလျှောက်ရသေး ရှေ့က နောက်တချုံထဲမှ စစ်သား နှစ်ယောက်ထွက်လာပြန်ပြီး ကျနော်ကို လမ်းနဘေးဆင်းခိုင်းကာ ချုံထဲသို့ခေါ်ပြီး ထိုင်ခိုင်းပြန်သည်၊ ရှေ့လူတွေတော့ လွှတ်ပေးလိုက်ပုံရသည် ရစ်ချင်ပြန်တော့ ကျနော်တယောက်ထဲ။ ကျနော်က အကျိုးသင့်အကြောင်းသင့်
ပြောပြသော်လည်းမရ မကြာဝံ့မနာသာ စကားများဖြင့် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံသည်၊ ကျနော့်အိတ်ကိုဖွင့်ရှာမည်ပြောတော့ ကျနော်က အဆင်ပြေအောင်ညှိပါဟူပြောတော့ ပျက်ရယ်ပြု၍ စကားပင် ကောင်းကောင်းပင် ပြောဆို၍လည်းမရ ထိုစဉ် ကျနော်စဉ်းစားမိသည်မှာ ဒီကောင်တွေ “လူမှဟုတ်ရဲ့လား” သူတို့ စစ်သင်တန်းတွေမှာ လူထုကိုဗိုလ်ကျဖို့တို့ ဘာတို့ သင်ပေးထားလားမသိတော့ အတွေးထဲစဉ်းစားနေမိသည် လူနဲ့မတူ၊ အရိုင်းစိုင်းတွေ ဖြစ်လို့နေသည်။ ထိုစဉ် အကြံတခုရလာ၍ “ကျနော့်မိန်းမ မီးဖွားတော့မှာမို့ ကျနော့်ကို လွှတ်ပေးပါရန်” တောင်းပန်ပြောတော့ သူတို့သေနတ် ဂျီသရီးကို ကျနော့်နားထင်မှာ လာထောက်ထားသဖြင့် ကျနော်က အိတ်ထဲမှ ငါးသုံးလုံးစီကရက်ကို ထုတ်ပေးတော့ မသောက် ၊သူတို့ဆီက ရွှေရောင်ဘင်ဆင် အန် ဟက်ဂျက်(စ်) စီကရက်ဗူးကိုထုတ်ပြီး ကျနော့်ရှေ့ပစ်ချပြီး “ဟေ့ကောင်မင်းက ငါတို့ကို ဘာကောင်တွေမှတ်လဲ မင်းကို ငွေနဲ့ အခုပေါက်သတ်လို့ရတယ်” ဆိုပြီး ဟောက်ငမ်းကာ သူတို့အိတ်ထဲမှ ပိုက်ဆံအထပ်လိုက် ပစ်ချပြသည် လူထုဆီက ငွေကိုဓါးပြတိုက်ကာ မသထာရေစာ ရထားသည်ကို ပီတိဖြစ်ကာပြောနေ ခြင်းဖြစ်သည်။ ကျနော်တော်တော်စိတ်တို၍ ထောင်းကနဲဖြစ်ကာ ဘေးနားတွင် ထောင်ထားသောသူတို့ သေနတ်ကိုဆွဲလုပြီး အသေခံ ပစ်လိုက်ရမလားလို့ စဉ်းစားမိလိုက်သည်။

မဖြစ်သေးဘူး ဒီလိုတန်းဖိုးမရှိတဲ့ ကောင်တွေနဲ့တော့ မိမိကိုမလဲနိုင်ပါ၊ ဒေါသကို ထိမ်းမှ ဖြစ်မည်၊ ကျနော့်ရည်မှန်းချက် မရောက်သေး၊ ထိုကြောင့်အချိုသတ်၍ ဆက်လက်ညှိုနိုင်းတော့ ကျပ် ခုနှစ်ထောင် တောင်းသည် နောက်တော့ ကျပ်လေးထောင်နဲ့ အဆင်ပြေအောင် ညှိုနိုင်းရသည်။ ထိုအရိုင်းအစိုင်း နှစ်ကောင်မှာ ပိုက်ဆံရသွားသောအခါ မတော်လောဘပြုံးပြုံးပြပြီး မဲမှောင်တဲ့
သူတို့ အသားအပေါ်မှ ၀င်းဝါနေတဲ့ တကျပ်သားခန့် ရွှေဆွဲကြိုး နှစ်ကုံးစီနဲ့ လက်ကနဲတွေ့လိုက်ရပြီး မင်းကို နောက်ထပ်တပ်နဲ့ တွေ့ယင် မှော်ဂလုံတပ်က ဗိုလ်ကြီးမင်းမင်းမြတ်နဲ့ တွေ့ပြီးပြီလို့ ပြောကြားလား သွားတော့တဲ့ “ကျနော် အချိန်၂ခါကုန် ငွေ၂ခါ ပေးလိုက်ရသည်။ ကျနော်တယောက်ထဲ ဆက်ထွက်တော့ အရှေ့နားမှာ စိတ်ပူစွာစောင့်နေတဲ့ ကျနော်တို့အဖွဲ့ကို တွေ့လိုက်ရတော့ သူတို့ဝမ်းသာသွားကြသည်။ ကျနော်ကတော့ ဒေါသကိုချုပ်တည်းခဲ့သမျှ ယခုထိစိတ်တိုမပြေဆဲ …..။ ကျနော်တို့ ရှေ့ဆက်သွားမည့် လမ်းကြောင်းကို ပြန်ပြင်သည်။ ဒီတိုင်းဆက်သွားရင် မဖြစ်နိုင်တော့၍ “မပြင်ရွာ”ဘက်ကို ဖောက်ထွက်မည် ရွာရောက်မှ သတင်းစုံစမ်းပြီးမှ ဆက်သွားမည်ဟု ဆုံးဖြတ်ခါ ခရီးထွက်ခဲ့သည်။ လူထုကိုနှိပ်စက် ကလူပြုနေသော စစ်တပ်ကို ကျနော်တခုခု တုန့်ပြန်ချင်နေသည် ကျနော်တို့ လေးယောက်အတွေး ကိုယ်စီဖြင့် ခရီးဆက်ခဲ့ကြသည်၊ တယောက်နဲ့တယောက် စကားမပြောဖြစ်ကြ သူတို့ရင်ထဲလည်း တခုခုတော့ ရှိမှာနေမှာပါ၊ ရောက်ချင်ဇောနဲ့သာ သဲသဲမဲမဲလျှောက်ခဲ့ကြသည့်လမ်း ဘယ်သူမှလည်း အတိအကျမသိ။ ညနေလဲစောင်းခဲ့ပြီ…..။ ခရီးကတော့ တော်တော်ပေါက်သည်ဟု ယူဆနိုင်သည်။ သို့သော် ကျနော်တို့ သွားချင်သော “မပြင်ရွာ” ကိုအခုထိတော့ အရိပ်အယောင်တောင် မတွေ့ရသေးချေ။



မပြင်ရွာသို့ ခရီးနှင်ခြင်း
အမှောင်ထုက ကျနော်တို့လေးယောက်ကို စတင်စိန်ခေါ်နေပြီ၊ မိုးကလည်း ချုပ်လာပြီး ဓါတ်မီးတလက်နဲ့ လူလေးယောက် လမ်းဆုံးရင်တော့ ရွာရောက်မှာဘဲဟု အတွေးနဲ့ဆက်သာ လျှောက်နေကြသည်။ လမ်းကမြေကြီးလမ်းဟောင်း အမှောင်ထုက ဖုံးကွယ်ထားသော်လည်း မှိတ်တုတ်မှိတ်တုတ်နှင့် ကျနော်တို့ကို ကူညီနေကြတဲ့ ကြယ်ရောင်တွေက ကျနော်တိုလေးယောက်ကိုလဲ ခွန်အားပေးနေ သယောင်ယောင်၊ အမှောင်ထဲမှာ ဇွတ်တိုးပြီး မိနစ်(၂၀)လောက် ဆက်လျှောက်ပြီးသောအခါ အဝေးမှ မီးရောင်ကို
လှမ်းမြင်ရပြီ ကျနော်တို့ထဲက မိန်းကလေးတယောက်က ဦး … ရွာရောက်တော့မယ်လို့ အသိချပ်ယင်း လှမ်းပြောသည်။ ကျနော့်ကို တလေးတစား ဦး … တတ်၍သာ ခေါ်ကြသည်။ အသက်အရွယ်သိပ်ပြီးတော့ ကွာသည်မဟုတ်ပါ။ ရွာထဲကိုကျနော်တို့ ၀င်လာပြီး ဈေးဆိုင်ရှိရာသို့ ဦးတည်ပြီး လာခဲ့ကြသည်။ ဈေးဆိုင်တွင် စားစရာများကို ၀ယ်ပြီး သေချာအောင် “ ဒါ … မပြင်ရွာလားလို့ ” မေးတော့ မဟုတ်ဘူးတဲ့ “မပြင်ရွာ” နောက်မှာကျန်ခဲ့ပြီးတဲ့ “ဒီရွာက နားလတ္တံရွာတဲ့” ကျနော်တို့ မကြားဖူးတဲ့ရွာ ဖြစ်နေသည် ဘာဖြစ်ဖြစ် ဒီညတော့ ဒီရွာမှာ အိပ်မှရတော့မည်။ တည်းခိုရန်ဘုန်းကြီးကျောင်းကိုမေးတော့ ဈေးဝယ်လာသူတဦးက သူ့အိမ်မှာဘယ်သူမှမရှိဘူး သူ့အိမ်တွင် လိုက်တည်းခိုရန်ပြောသဖြင့် ကျနော့်တို့ ပျော်သွားသည်။ အိမ်ရှင်က လေးယောက်စာ ထမင်းချက်ပေးသည် ကျနော်တို့ ၀ယ်လာသော စားစရာများနှင့် ထမင်းစားကြပြီး အိမ်ရှင်ကို သွယ်ဝိုက်ကာမေးပြီး ချောင်းဝကိုသွားလို့ရမည့် လမ်းကြောင်းမသိမသာ မေးရသည်။ ကျနော်တို့ထဲတွင် ပါလာသော မိန်းကလေးနှစ်ယောက်ထဲက တယောက်က ချောင်းဝတွင် အမျိုးတွေရှိသောကြောင့် ထိုမှတဆင့် ခရီးဆက်ရန် စီစဉ်ရပြန်သည်။ စားသောက်ပြီးသောအခါ ခရီးပမ်းလာသောကြောင့် မိန်းကလေးနှစ်ယောက်မှာ အိပ်ပျော်၍ ဟောက်ပင်ဟောက်နေကြပြီး။ ကျနော်တို့လည်း အိမ်ရှင်ကို လမ်းကြောင်းမေးပြီး တရေးတမော အိပ်လိုက်တော့သည်။

အင်းတော်ကြီးအိုင် ချောင်းဝရွာသို့
မနက်(၆)နာရီခန့်တွင် ကျနော်အိပ်ယာနိုးလာသည် နံနက်စောစော လတ်ဆတ်နေသော လေနုအေးလေးကို ရှုသွင်းလိုက်ပြီး ပါတ်ဝန်းကျင်ကို တင်ကြို လေ့လာလိုက်သည် အေးအေးချမ်းချမ်းနေလိုပြီး ရောင့်ရဲ တင်းတိမ်ကြတဲ့ ရှမ်းနီရွာကလေး ဖြစ်သည်။ ရွာသူရွာသားများမှာ ရိုသားဖြူစင်ကြသည်
ကူညီရိုင်းပင်းလို စိတ်ရှိသူများဖြစ်ကြသည်။ ပစ္စည်းတွေပြင်ပြီး နံနက်စာ ရှမ်းခေါက်ဆွဲကို ဘရာကြော်နှင့် စားပြီး ချောင်းဝဖက် ဆက်ထွက်မလို့ ပြင်နေတုန်း ရွာက အမျိုးသမီးကြီးတယောက် လာပြောသည် “ချောင်းဝကိုမသွားနဲ့ စစ်တပ်တွေမဲနေတာပဲ ခရီးသွားတွေကို ပါသမျှချွတ်ယူနေတယ် နာရီပါရင် နာရီ ဘာမှမရရင် အကျီင်္ပါ မချန်ဘူး မသွားနဲ့တဲ့” ချောင်းဝဆိုတာ မိုးကောင်းချောင်း အစပြုရာ အင်းတော်ကြီးအိုင် ကနေမြစ်ဖျားခံ ပြီးစီးဆင်းတဲ့နေရာတွင် တည်ထားသောရွာဖြစ်သည်။ အမျိုးးသမီးကြီးရဲ့ သတင်းစကားကြောင့် ကျနော်တို့ အိမ်ရှင်နှင့် ပြန်တိုင်ပင်ကြပြန်သည် အိမ်ရှင်က ရွှေတောင် လမ်းက သွားလို့ရကြောင်း ရွှေတောင်ကမှ စက်လှေစောင့်စီးပြီး လုံတုံးစက်လှေဆိပ်ကို သွားလို့ရကြောင်း ရှင်းပြသည်။ ဒါကြောင့် ရွှေတောင်ကို လိုက်ပို့ပေးဖို့ လမ်းပြရှာကြသည် ရှာ၍မရ။ နောက်ဆုံးတော့ အိမ်ရှင်က သူကိုယ်တိုင်လိုက်ပို့ပေးတာမို့ အရှေ့မှဦးဆောင်ကာသွားသည် နာရီဝက် လျှောက်ပြီးသောအခါ မြူတွေအုံဆိုင်း နေတဲ့ကြားက ထိုးဖေါက်ထွက်နေတဲ့ ရွာလေးကို တွေ့လိုက်ရသည်။ ဒါ… ရွှေတောင်ရွာပဲတဲ့ အင်းတော်ကြီးအိုင် ဘေးနားတွင် တည်ရှိနေသော ရွာကလေးဖြစ်သည်။ နံနက်စောစော ဖြစ်တာကြောင့် စက်လှေတစီးမျှ မလာသေးပါ။ ကျနော်တို့ (၁၅)မိနစ်ခန့် ထိုင်စောင့်အပြီးတွင် စက်လှေ တစီးရောက်လာသည် လက်တားသောကြောင့် အရှိန်ကိုလျော့ပြီး ကပ်လာသည်။ ချောင်းဝက ထွက်လာသော လှေဖြစ်သည် ချောင်းဝအခြေနေ မေးကြည့်တော့ လှေထဲတွင်ပါလာသော ခရီးသည်တွေက ရှိတာတွေ အကုန်ပေးခဲ့ရပြီတဲ့ မပေးရင်နိုင်လို့ အရိုက်ခံရတဲ့ သူတောင်ရှိကြောင်း ပြောပြတော့ ရင်မောတာ သာအဖတ်တင်ပြီး အကူအညီမပေးနိုင်ခဲ့။ သြော်… ပြည်သူလူထု အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်မယ် ဆိုတဲ့စစ်သားတွေ…. သံမှုန်စား .. ယောကျာ်းကြီး လုံးလုံးတွေဟာ အခုတော့ ပြည်သူကို ညှင်းပမ်းလုယက် နေပါလျော့လား။

ရွှေမြဉ္ဇူ ဘုရားဖူး

အင်းတော်ကြီး အိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းပိတ် ရေအိုင်ကြီးဖြစ်သည် အလျား(၁၄)မိုင် အနံ(ရ)မိုင်ရှိ၍ ကျယ်ဝန်လှသော ရေအိုင်ကြီးဖြစ်သည်။ ရေပြင်ကြီးကလည်း ကျယ်ဝန်းလှသည့် အလျောက် ကြည်လင်ပြီး စိမ်းညှိ့နေတဲ့ရေပြင် အောက်ရေညှိတွေ ရေမှော်ပင်တွေကိုပင် တွေ့ နေရသည်။ ကျနော်တို့ စက်လှေ တနာရီကျော်ကျော် ခုတ်မောင်းပြီး ရေလယ်တွင်ရှိနေသည့် တန်ခိုးကြီး သမိုင်း ရွှေမြဉ္ဖူ ဘုရားသို့ ရောက်ရှိလာကြသည်။ ရေလယ်ဘုရားကို ရောက်တာနဲ့ ခရီးသွားများသည် လမ်းကြုံ၍ ဘုရားဖူးကြသူက များသည် ထိုဘုရား၏ထူးခြားချက်က တပေါင်းလဆန်း(၈)ရက် ရောက်တိုင်း တနှစ်တခါ ဘုရားပွဲလုပ်လေ့ရှိသည်။ ဘုရားပွဲကာလ ရောက်လာသည်နှင့် ဘုရားဖူးများလာရောက်ရန် အင်းစောင့်နတ်များမှဘုရားနှင့် ကမ်းကို သဲသောင်းထွန်း၍ သဲလမ်းဖောက်ပေးခြင်းပင် ဖြစ်သည်။ ဘုရားပွဲပြီးလျှင် လေကြီးမိုးကြီးရွာ၊ လေမုန်တိုင်းများ တိုက်ကာ ရေထဲမှအမှိုက်သရိုက်များကို ကမ်းသို့ လှိုင်းပုတ်၍ တင်ပေးထားလိုက်သည်၊ အခြားချိန်များတွင် ဘုရားဖူးများ သွားသော သဲသောင်ထွန်းသည့် လမ်းသည် ရေအောက်သို့ ပြန်ရောက် သွားလေ့ရှိသည်။ (န.၀.တ လက်ထက်မှစ၍ ထိုသဲလမ်းကို အုတ်ဖြင့်အသေ သဘာဝကိုဖျက်ဆီးလိုက်ကြ ခြင်းပင်ဖြစ်သည်)
ကျနော်လည်း ပထမဦးဆုံး ဖူးမျှော်ခွင့်ရခြင်းဖြစ်သည် ဘုရားတွင် အလှူငွေထည့်ဝင်ပြီး စက်လှေပေါ်တွင် ထိုင်စောင့်နေသည်။ ခရီးသည်များသည် ဘုရားဖူး၍ ပြီးသောအခါ ကျနော်တို့ စက်လှေပြန်ထွက်ခဲ့သည်။ ထိုစဉ် န.၀.တ စစ်တပ်မှ ချောဆွဲပြီး ထွက်လာသော စက်လှေ တစီးကိုကျနော်တို့ လှမ်းမြင်လိုက်ရသေးသည်။



ကျနော်တို့ စက်လှေခရီးဆက်လာခဲ့ရာ် နံနက်(၁၀)နာရီလောက်တွင် လုံးတုံ စက်လှေဆိပ်သို့ ဆိုက်ကပ်လာသည်။ ကျနော်တို့အဖွဲ့ ကားဖြင့် ခရီးဆက်ဦးမည် ကားဂိတ်တွင် သွားရောက်စုံစမ်းရာ ကားထွက်ဖို့ နာရီဝက်ခန့် အချိန်ရှိသေးသည် ပစ္စည်းများကို ကားပေါ်တွင်တင်ပြီး၊ ကျနော်တို့ ရွာထဲသို့ ၀င်လည်ရန် လေးယောက်သား ထွက်လာခဲ့ကြသည်။ ရွာထဲတွင်လူတယောက် မောင်းတီး၍ အော်နေသည် “ဟော့ဒီဖက်က… ဟော့ဒီဖက်က မကြားမရှိနဲ့ လုံးတုံတပ်စခန်းကို … လုံးတုံတပ်စခန်းကို တအိမ်တရာ ညှောင့်….? ? နှစ်မိနစ်ခန့်ကြာပြီးမှ မနက်ဖြန် အရောက်ပို့ပေးရမည်တဲ့”
ကျနော်တို့ တယောက်ကို တယောက်ကြည့်ပြီး အားရပါးရရီ ဖြစ်ကြသည်။ ထိုဒေသတွင် စစ်တပ်မှ ရွာကို လုပ်အားပေး ခိုင်းစေမှုများ အမြဲရှိသော ဒေသများဖြစ်သည် လုံးတုံစစ်တပ်မှ သူတို့ တပ်ဝန်းခြံကာရန် ၀ါးဖြင့်လုပ်ထားသော ၀ါးငြှောင့် များကို ရွာမှလုပ်ပေးရန် ဆင့်ခေါ်ခြင်း ဖြစ်သည်။ ကျနော်လမ်းလျှောက်ရင်း နာရီကိုကြည့်လိုက်သည် ကားထွက်(၇)မိနစ်ခန့် လိုတော့သည်။ ထိုကြောင့်ကျနော်တို့ ကားဂိတ်သို့ ပြန်လာခဲ့ ကြတော့သည်။

ကားဖြင့် ခရီးဆက်ကြပြီ

ကားဆိုတာ အမိုးဖွင့် ဒုတိယကမ္ဘာစစ်လက်ကျန် ဂျစ်ကားတွေ လိုင်းပြေးနေကြခြင်း ဖြစ်သည်၊ မြေကြီးလမ်းအတိုင်း ကားသွားလျှင် ဖုံလုံးကြီးတွေက လှိုင်းလုံသဖွယ် ကားကိုဖုံးလွှမ်းကာ လိုက်ပါလာသော ခရီးသည်များ အချင်းချင်းကြည့် လိုက်တော့ တကိုယ်လုံး ဖြူဖွေးပြီး မျောက်ဖြူများကဲ့သို့ ဖြစ်နေကြသည်။ ကျနော်တို့ စီးလာသောကားသည် နတ်မွန်း သို့ဦးတည်သွားနေသည်။ ညနေ(၃)နာရီလောက်တွင် ကျနော်တို့ ကားလေးနတ်မွန်း သို့ရောက်သည်နှင့် ခရီးသည်တချို့ ဆင်းပြီး ကားလေးသည် ကွေ့ပတ်နေသော နတ်မွန်းတောင်တက်လမ်းကို ဒုတိယကမ္ဘာစစ် လက်ကျန်အားဖြင့် ကျိုးစားပြီးရုန်းတက်ခဲ့သည်။ နတ်မွန်းတောင်ထိပ် ရောက်သည်ဆိုရင်ပဲ ဟိုပင်မြို့လေးကို လှမ်းမြင်ရပြီ ကားဆရာသည် ကွေ့ပတ်နေသောလမ်းကို ဂရုစိုက်မောင်းနေသည် ဤလမ်းသည် အန္တရာယ်များသောလမ်းဖြစ်သည် ကားခဏခဏ မှောက်သောလမ်းဖြစ်သည် ကျနော်တို့ကားသည် ဟိုပင် အဝင် ခလရ(၄၀) ဂိတ်မရောက်ခင် ခရီးသည်နှစ်ဦးဆင်းသွားသည်၊ ဂိတ်ရောက်တော့ ကားဆရာကို တပ်ကြပ်ကြီးကဆီးဟောက်သည် “မင်းတို့ ခရီးသည်တွေကိုဂိတ်မှာပဲ ဆင်းခိုင်းလို့ ပြောထားတာ မသိဘူးလား ဟိုတခါလည်း ဆံပင်ရှည်ရှည်နဲ့ ကောင်တွေဆင်းသွားလို့ သူပုန်တွေဆိုပြီး ငါတို့ လိုက်ရှင်းရပြီးပြီတဲ့” ဩော် … သူပုန်ဆိုတာ ဆံရှည်ရှည်နဲ့ တဲ့လား ကျနော်ကြိတ်၍ ရီနေမိသည်။ ကျနော်တို့သည် ဟိုပင်ရောက်တော့ မိုးကချူပ် နေပြီဖြစ်သည်။ မိန်းကလေးနှစ်ယောက်သည် သူတို့တည်းခိုးမည့် အိမ်ကိုပြောသွားသည်။ ကျနော်တို့လည်းတည်း
မည့် အိမ်ရောက်တာနှင့် မိန်းကလေးနှစ်ယောက် တည်းသည်နေရာသို့ လိုက်သွားပြီး ကျနော်တို့ ပစ္စည်းတွေသွားယူကြသည်(အမ် ၂၀)သေနတ်နဲ့ စကားပြောစက်တလုံး၊ တီအမ်တီယမ်း တချောင်းသူတို့ နှစ်ယောက်နောက်ရက်ဆို မိုးညှင်းကို ဆက်သွားမည် သူတို့က မိုးညှင်းသူများဖြစ်ကြသည်။ ကျနော်တို့ ပစ္စည်းများကိုယူပြီး တည်းမည့်အိမ်တွင် အပ်နှံ၍ ထိုညက စိတ်ချလက်ချ အိပ်လိုက်ပါတော့သည်။

အချိတ်အဆက်မိပြီ
မိုးလင်းတော့ ကျနော်တို့ မြို့ထဲရှိ အထိုင်ရဲဘော်တယောက် ရောက်လာသည် ရဲဘော်တူးတူးတို့အဖွဲ့ လည်းရောက် နေကြပြီဖြစ်သည် ကျနော်ရဲဘော်နိုင်ဦး၊ ရဲဘော်တူးတူးတို့နှင့် သွားတွေ့သည် သူတို့ကိုအရင် တက်နိုင်အောင်စီစဉ်သည် သူတို့အဖွဲ့ လူများသည်။ နောက်တရက်မှာ ရဲဘော်တူးတူးတို့ ဟိုပင်ပို့(စ်) သို့စထွက်ပြီး အတွင်းရေးမှူးရဲဘော်မျိုးဝင်းတိုအဖွဲ့ လာကြိုသွားသည်ဟု သတင်းကြားလိုက်သည်။ နောက်တရက် သတင်းတခုထပ်ကြားပြန်သည် အတွင်းရေးမှူးမျိုးဝင်းတို့အဖွဲ့ ရောက်တာကြားလို့ န.၀.တ စစ်ကြောင်းလိုက် ပိတ်နေပြီးတဲ့ ကျနော်တို့ ဟိုပင်ပို့(စ်)ကို တက်မရတော့။ နမ္မားဖက်မှ
ရဲဘော်တယောက် ရောက်လာသည် နမ္မားပို့(စ်)ကိုတက်လာဖို့ညွှန်ကြားချက် ပါလာသည်။ မိုးညှင်းပို့(စ်)မှာ ရဲဘော်အောင်ရဲစိုး ဦးဆောင်တဲ့ တပ်ခွဲတခွဲရှိသည်။ မြေနုတွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စုတစုရှိသည်။ မြို့တွေရဲ့ပါတ်ပါတ်လည်မှာ ကျနော်တို့ ကျောင်းသားတပ်မတော်တွေ ရှိနေကြပြီ။ နမ္မားကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လာဖို့ စကားပြောစက်ကိုတော့ ယူသွားရသည်။ ရဲဘော်ဝင်းရွှေကို လူလွတ် ရထားနဲ့သွားစေပြီး။ ကျနော်ကတော့ သူငယ်ချင်းတယောက်အား အကူညီတောင်း၍ မော်တော်ဆိုင်ကယ်နှင့် နမ္မားကို သွားရန်စီစဉ်သည်။ ကျနော့်ရဲ့စွန်မှုတွေကမပြီးသေးပါ ဟိုပင်၊ နမ္မားကားလမ်း တလျှောက်ဖြတ်သွားရမည့် စစ်တပ်ဂိတ်တွေက နည်းနည်းနောနောတော့ မဟုတ် ပျားပန်းခပ်မျှလို့ နေမလားပင် “ကျနော်မကြောက်ပါ” ပါတ်ပါတ်လည်တွင်လည်း ကျနော်တို့ ကျောင်းသားတပ်မတော် တွေရှိနေသည် မဟုတ်ပါလား။

ဟိုပင်မှ နမ္မားဆီသို့
ကျနော့်သူငယ်ချင်းက ဟွန်ဒါဆိုင်ကယ်လေးကို ဆီဖြည့်ပြီး ကျနော်ဆီကို ရောက်လာသည်။ သေနတ်ကိုတော့ သူ့ကိုယ်မှာ မထည့်ရဲကြောင်း ပြောလာသည်။ စစ်တပ်ဂိတ်တိုင်းတွင် လက်မှတ်က ဆင်းထိုးရအုံးမယ်။ အိုကေ ဒါဆို ငါဆံပင်ညှပ်ချင်တယ် ငါ့ကိုလိုက်ပို့ဟု ပြောလိုက်ပြီး ဆံပင်ညှပ်ဆိုင်ကို
ထွက်လာခဲ့သည်။ ဆံပင်ကို တိုတိုညှပ် ခေါင်းလိမ်းဆီလိမ်းလိုက်ပြီး ကေကိုကျော့နေအောင် ဖီးလိုက်သည်။ ပြီးမှကျနော်တို့ သေနတ်ထားသော နေရာသို့ သွားကြသည်။ ပစ္စည်းများကို သေချာစွာစစ်ဆေးသည်။ “ဂျလောက်” ဆိုတဲ့အသံ ထွက်ပေါ်လာသည်၊ သေနတ်မောင်းကို ကျနော်ဆွဲတင်လိုက်သည်။ သေနတ်ထဲကျဉ်ဆံအပြည့်ရှိနေသည်၊ ကျဉ်ကဒ် အပိုနှစ်ကဒ်ပါသေးသည်။ ကျနော်၏သေနတ်မှာလည်း ရန်သူကိုဇီဝိန်ချွေဘို့ အသင့်ရှိနေပြီး။ သေနတ်ကို ခါးတွင်ထိုး၍ ဆိုင်ကယ်ကို ကျနော်မောင်းထွက်လာသည်။ ကားတစီးပေါ်တွင် ထိုင်နေသော
စစ်တပ်က သုံးပွင့်ဗိုလ်က ကျနော့်ကိုသေချာချာ ကြည့်နေသည် ကျနော်ဂရုမစိုက်ပါ သူကြည့်နေခြင်းမှာ သူတို့ အထက်အရာရှိတယောက်ယောက် ထင်၍ကြည့်နေခြင်း ဖြစ်မည်ထင်သည်။ တီအမ်တီနဲ့ သေနတ်ခါးတွင် ထိုးကာ ဆက်ထွက်လာခဲ့သည် ဂိတ်ရောက်လျှင် ကျနော့်သူငယ်ချင်း ဆင်း၍လက်မှတ်ထိုးသည် ကျနော်က ဆိုင်ကယ်ပေါ်အသင့်အနေအထား ဖြင့်စောင့်ဆိုင်းလျှက် ရန်သူရဲ့နောက်တန်းဂိတ် တွေရဲ့အကြောင်းကို ကျနော်သိပြီးဖြစ်သည် နောက်တန်းတွင်ကိုင်သောသူတို့သေနတ်များသည်
မောင်းမပြန် တတောင့်လောက်သာ ထွက်သောသေနတ်များဖြစ်သည်။ ကျနော်၏သေနတ်ကမူတရုတ်လုပ်အသစ်စက်စက် ဒီလိုနဲ့ ကျနော်တို့သည် ဂိတ်များတွင် လက်ထိုးပြီးလာခဲ့တာ နမ္မားသို့ ဘာမှအခက်ခဲ မဖြစ်ပဲရောက်လာကြသည်။


ရောက်သည်နှင့် ကျနော့်သူငယ်ချင်းမှာ ဟိုပင်သို့ ပြန်ခေါက်သွားသည်။ ကျနော်တို့ အထိုင်လူများက ကျနော်ကို နေရာချထားသည်။ ရထားနဲ့ လာသောရဲဘော်ဝင်းရွှေလည်း ရောက်နှင့်နေပြီ သုံးရက်မြောက်ညတွင် ကျနော်တို့ကို လာကြိုမည့်သူ ရောက်လာသည် ညတွင်းချင်းထွက်ကြသည်။ ကျနော်တို့နှင့် အတူ “မနှောင်း”
(ယခု အမျိုးသမီးမျာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မနန်းယဉ်)တို့ သူငယ်ချင်းသုံးယောက်ပါ လိုက်လာသည် သူတို့က အတွင်းပိုင်း မြေအောက်လုပ်ငန်းများအတွက် တာဝန်ယူထားသူများ ဖြစ်သည်။ အတွင်းရေးမှူး ကိုမျိုးဝင်းနှင့် လုပ်ငန်းတချို့ ညှိနိုင်းရန်ဖြစ်သည်။ နမ္မား နန့်စလော် ရွာကိုဖြတ်ပြီး တောစပ်ကို တဟုန်ထိုးတိုးဝင်ခဲ့ကြသလို ကုန်းလေးနဲနဲ ဦးမော့တက်ပြီးသည်နှင့် ရဲဘော်ထွန်းလွင်ဦးဆောင်သော ရှေ့ထွက်ကင်းကို ရောက်ခဲ့ကြသည်။ အခုကျနော်တို့ ရောက်နေတာ မြေနု ပို့(စ်)တဲ့။ အဲဒီအချိန်ကြမှ ဖက်လှဲတကင်း စကားတွေပြောပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ကျနော်စိတ်များ လန်းဆန်း ပေါ့ပါးသွားသည်။ ကျနော်တို့ ဂွင်ထဲရောက်နေပြီကိုး၊ ကျနော်၏ ရန်သူကြားတွင် စွန့်စားရသောခရီးစဉ်သည် အခုတော့ပြီးဆုံးသွားလေပြီ။

ဒါပေမဲ့ ခရီးတော့ဆက်ကြရဦးမည်… ဌာနချုပ်ရှိရာသို့၊ သို့ပေမဲ့ တိုင်းပြည်ကံကြမ္မာကတော့ “လ” ငပုတ် ဖမ်းနေတာ ဆယ်စုနှစ် နှစ်ခုတိုင် ရှိခဲ့လည်း မြောက်ပြန်လေနှင့် အတူသယ်ဆောင်လာမဲ့ လွတ်မြောက်မှု အစုစုကို တို့ပြည်သူတွေ ငံ့လင့်လို့ နေကြတော့မယ်လေ …. အို…အသင် သန်းခေါင်ယံမှ နိုးထလို့ အရုဏ်ဦးဆီ တို့အတူ လာသွားကြစို့။

Summary

Rest of your post
Posted by Picasa

“ မနက်ဖြန်များစွာနှင့် မလိုက်ပါချင်သူများ ”

စိုင်းကာ
၂၀၀၈မတ်ခ်ျလ ၂၆ရက်
မနက်ဖြန်များထံသို့ လောကသားအားလုံး ရောက်ရှိလာကြသည်။ ထိုမနက်ဖြန်များသည်လည်း တရက်ပြီးတရက် ရွေ့လျားပြောင်းလဲသွားကြသည်။ အကြောင်းအရာများသည်လည်း မနက်ဖြန်နှင့်အတူ သွားကြရသည်။ သို့သော် နအဖ စစ်တပ်ခေါင်းဆောင်များကတော့ ဘယ်တော့မှ ပြောင်းလဲချင်ပုံမရ။ ရန်ကုန်ကနေကြပ်ပြေးအရပ်သို့သာ ပြောင်းရွေ့လိုက်ကြသည်။ ကျန်တာတွေအားလုံးကတော့ တခါလာလည်း မဲပြာပုဆိုး ဆိုသလိုဖြစ်သည်။ တနိုင်ငံလုံးရှိ နအဖ ချုပ်ကိုင်ထားသည့် မီဒီယာအားလုံးမှတဆင့် ပြည်တွင်းပြည်ပ အဖျက်သမားများက နိုင်ငံတော်တည်ငြိမ်ရေးကို နှောက်ယှက်ဖျက်ဆီးနေသည်ဟု တနိုင်ငံလုံးရော ကမ္ဘာကြီးကိုပါ ၀ါဒဖြန့်နေသည်။

၎င်းလုပ်ရပ်သည် တော်ရုံတန်ရုံမိုက်မဲမှုမျိုးဖြင့် ပြုလုပ်နေခြင်းမဟုတ် အဆုံးစွန်သော အမိုက်အမှောင်နှင့် ကြီးမားသောကိုယ်ကျိုးအတ္တတို့အပေါ်အခြေခံပြီး စိတ်ဓါတ်စစ်ဆင်ရေးနည်းဗျူဟာတရပ်အဖြစ် လိမ်ညာဝါဒဖြန့်မှိုင်းတိုက်နေခြင်းသာဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျာမန်ခေါင်းဆောင် အဒေါ့ဟစ်တလာသည်လည်း ထိုကဲ့သို့ ပြုမူလုပ်ဆောင်ခဲ့သော သာဓကများရှိခဲ့သည်။
ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့ (၆၃)နှစ်မြောက် အခါသမယတါင် ကြပ်ပြေးတွင်ပြုလုပ်သည့် ကြည်း/ရေ/လေ စစ်ရေးပြအခန်းအနား၌ နအဖ စစ်ခေါင်းဆေင် ဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ သန်းရွှေ၏ တပ်မှူးတပ်သားများအပေါ် ပြောကြားသည့်မိန့်ခွန်းနှင့် သ၀ဏ်လွှာတွင်လည်း မပြောင်းလဲနိုင်သေးသော ၎င်းတို့၏ လက်သုံးစကားများကိုသာ ပြောကြားမည်မှာ ယုံမှားသံသယ ရှိစရာမလိုပါ။
ဤသည်ကို ကြည့်ချင်းအားဖြင့် ဖက်ဆစ်တော်လှန်ရေး၏ အနှစ်သာရဖြစ်သော တမျိုးသားလုံး လွတ်လပ်ရေး၊ တန်းတူညီမျှသော အခွင့်အရေးများအပေါ်အခြေခံ၍ ပြည်ထောင်စုတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီစနစ်ထွန်းကားရေး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး ဆိုသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မူဝါဒများနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို တွေ့ရပေသည်။ တနည်းအားဖြင့်ပြောရလျှင် တိုင်းရင်းသားပြည်သူများ၏ အသက်သွေးချွေးများနှင့်ရင်း၍ ရယူခဲ့သော လွပ်လပ်ရေးကြီးကို စစ်ခေါင်းဆောင်တစုက ၎င်းတို့၏ ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်နေခြင်းသာ ဖြစ်သည်။
တပ်မတော်အောက်ခြေ တပ်မှူးတပ်သားအပေါင်းနှင့် စစ်တပ်အဖွဲ့အစည်းအပေါ် ခုတုံးလုပ် လိမ်ညာဝါးချနေခြင်းလည်းဖြစ်သည်။ စစ်တပ်ဟူသည် အမိန့်နာခံမှုနှင့် တည်ဆောက်ထားသော အဖွဲ့အစည်းတခုဖြစ်နေသဖြင့် နအဖ စစ်ခေါင်းဆောင်တစု၏ စစ်တပ်အတွင်း အာဏာတည်ဆောက်နိုင်စေရန် စိတ်ဓါတ်စစ်ဆင်ရေးပြုလုပ်ဝါဒဖြန့် မှိုင်းတိုက်နေခြင်းဖြစ်သည်။
အကယ်၍များ ယခုတိုင်းတပါးနှင့်ထ၍စစ်ခင်းရတော့မည်ဆိုပါက နအဖ စစ်ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို မည်သို့ကာကွယ်မည်ဆိုသည့်မေးခွန်းကို မေးခွန်းထုတ်ချင်သူ ရှားမည်မထင်ပါ။ အဖြေကတော့ ရှင်းရှင်းလေးဖြစ်ပါသည်။ နအဖ စစ်ခေါင်းဆေင်များအနေဖြင့် တကဲ့အနစ်နာခံ ကိုယ်ကျိုးစွန့်မည့်သူများမဟုတ်သည်ကတော့ သေချာပါသည်။ ကိုယ်ကျိုးစွန့်အနစ်နာခံသူသည် အာဏာကို ဘယ်သောအခါမျှ မမက်မော။ တိုင်းပြည်အပေါ်တကယ်စေသနာထားကြိုးစားလုပ်ရင်းဖြင့် ထိုက်တန်သော နေရာကိုသာ ရယူကြသည်။
အမှောင်ထုကြီးစိုးနေသော စနစ်ကြီးတွင် ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရနေသော နအဖ စစ်ခေါင်းဆောင်တစုက နှစ်ပေါင်းများစွာကြာခဲ့သော ပြည်တွင်းစစ်မီးပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ သောင်းကျန်းဆူပူသူများ၏ရန်မှ တပ်မတော်သည် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေပါသည်ဟုလည်း အမြဲတစေ ၀ါဒဖြန့်တတ်သေးသည်။
နအဖ၏ ဤအပြုအမူသည် တောမီးလောင်တုန်း တောကြောင်လက်ခမောင်းခတ်သည့် မူဝါဒပင်ဖြစ်သည်။ တမြေတည်းနေ တရေတည်းသောက် နေထိုင်ခဲ့ကြသော တိုင်းရင်းသား ပြည်သူအချင်းချင်းအထင်မှား အမြင်မှားဖြစ်စေရန် အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းနေခြင်းဖြစ်သည်။ ထိုသို့တဖက်သတ် လုပ်နေသမျှကာလပါတ်လုံး တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်အတွင်းရှိ တပ်မှူး တပ်သားတို့၏ အသက်ပေါင်းများစွာလည်း ဆုံးရှုံးနေအုံးမည်ဖြစ်သည့်အပြင် တိုင်းပြည်သည်လည် အောက်ဆုံးအဆင့်သို့ရောက်သွားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ပြည်ထောင်စုမြန်မာနိုင်ငံကြီးသည်လည်း ခေါင်းမာဂိုဏ်းသား စစ်ဗိုလ်ချုပ်တစု၏ လက်ထဲတွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲရမည့်အခြေအနေသို့ ဆိုက်ရောက်သွားပေတော့မည်။
ထိုသို့ မျက်ဖြူဆိုက်နေသည့် အခြေအနေသို့ ဆိုက်ရောက်နေသည့် တိုင်းပြည်တပြည်ကိုမှ နအဖ စစ်ဗိုလ်ချုပ်တစုက “တိုင်းပြည်ကြီး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေပါသည်” “တည်ငြိမ်အေးချမ်းနေပါသည်” “ ဒီမိုကရေစီစနစ်ကို သွားနေပါပြီ” ဟုဝါဒဖြန့်နိုင်ပါသည်။ ယနေ့ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့ (၆၃)နှစ်မြောက် အခမ်းအနား ကြပ်ပြေးစစ်ရေးပြကွင်းအတွင်း စစ်ရေးပြနေသော စစ်ဗိုလ်ခြေများကို မိန့်ခွန်းချွေချင်လည်း ချွေနိုင်ပါသည်။ ဒါပေမဲ့ တခုတော့ သိစေချင်ပါသည်။ ထိုသို့ပြောလိုက်ခြင်းဖြင့် ကြားရသူအားလုံး ၀ါးလုံးကွဲမရယ်ရုံတမယ် ပြုံးစစလေးတော့ ဖြစ်သွားကြမည်မှာ အမှန်ဖြစ်သည်။
ယနေ့ ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့ (၆၃)ကြိမ်မြောက်အခါသမယ၌ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီဖြစ်သော နအဖ စစ်ခေါင်းဆောင်များအား သိရှိနားလည်စေလိုသည်မှာ တိုင်းပြည်တပြည်ကို လက်နက်အားကိုးဖြင့် တည်ဆောက်၍မရပါ။ အားလုံးသည် မနက်ဖြန်၌ပြောင်းလဲသွားကြသည်။ နောက်ဆုံးတွင် သတ္တ၀ါအားလုံးမှီတင်းနေထိုင်သော မြေကမ္ဘာကြီးသည်လည်း အနိစ္စသဘောအရ ပျက်စီးပြောင်းလဲသွားမည်လော မပြောနိုင်ပါ။ ပြောနိုင်တာ တခုကတော့ အားလုံးပြောင်းလဲသွားကြပြီ။


မှတ်ချက်။ ။ ဤဆောင်းပါး ပေးပို့သော ဆရာ စိုင်းကာ အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


Rest of your post

“ တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ ”

အပိုင်း(၂)
“ ပင်စင်စားတပ်ထွက်ကြီးများ၏ ဘ၀ ”

ကျနော်က သူ့ကို တူသလိုလို ကြည့်မိလိုက်သည်။ အနှစ်(၂၀)ကျော် ကွဲကွာခဲ့ရသော ကျနော်၏ သူငယ်ချင်းနှင့် တူနေသလိုလို။ သူ...... ကွမ်းယာဆိုင်ထဲတွင်ထိုင်နေသည်။ တူတာတော့ အတော့်ကို တူနေသည်။ တပ်ထဲတွင် သူနှင့်ကျနော် အနှစ်နှစ်ဆယ်ကျော်နေထိုင်ဖူးခဲ့သည်။ သူ၏မျက်လုံးများက မတောက်ပ။ သူ၏အသားရည်များက ခမ်းခြောက်နေသည်၊။ သူငယ်ချင်း၏ ငယ်ရုပ်ကို ကျနော်မနဲ ဖမ်းဆုပ်နေရသည်။ လူမှားမည် စိုးရိမ်သဖြင့် ကျနော်အရမ်းမခေါ်ရဲ။ ဆက်၍ စိုက်ကြည့်သည်။ ဟုတ်ပြီ။ သေချာပြီ။ မင်း “ ... မဟုတ်လား ” ဟု ကျနော်က အလောတကြီးမေးလိုက်သည်၊ သူ၏ငယ်နာမည်ကို ကျနော်က ဖမ်းခေါ်လိုက်သဖြင့် သူသည်ကျနော့်ကို အံ့သြစွာကြည့်ရင်း
“မင်း ရဲကျော် မဟုတ်ဘူးလား ”
ဟု တုန်ရီဝမ်းသာစွာ တုန့်ပြန်လာသည်။
“အေးဟုတ်တယ်”
ဟုပြောတော့ သူသည်ကျနော့်အား ၀မ်းသာအားရစွာ ပွေ့ဖက်လိုက်သည်၊ သူသည်ဝမ်းသာလွန်း၍ မျက်ရည်များပင် လည်နေသည်။ ထို့နောက်သူနှင့် ကျနော် ငယ်စဉ်နောက်ကြောင်းဘ၀သို့ ထိုခဏ၌ ပြန်ရောက်သွားကြသည်။
“ ငါ့အဖေလည်းတပ်ကထွက်လိုက်ပြီ သူငယ်ချင်း”
“မင်းအဖေဘာတွေလုပ်နေလဲ”
“အဖိုးကြီးက ဘာမှမလုပ်နိုင်တော့ဘူး ငါတို့ညီအကိုတွေဘဲရှာကျွေးနေတာ။ ငါ့ညီအငယ် ဟိုကောင်ကတော့ ဆေးတပ်ထဲကို ၀င်သွားလိုက်ပြီ”

သူ၏ရုပ်သွင်ကို ကျနော် အနီးကပ်တွေ့မြင်နေရသည်။ အတော်လေးအိုစာသွားသည်။
“မင်းကတော့ အရင်အတိုင်းပဲ”
ဟုပြောကာ ကျနော်၏ရုပ်သွင်နှင့် သူ၏ရုပ်သွင်ကို သူနှိုင်းယှဉ်နေပုံရသည်။
“အဖေတပ်ကထွက်တော့ ငါလည်းရရာအလုပ်တွေလုပ်ပြီး အဖေ့ကိုရှာကျွေးးနေရတာ”
ဖြစ်နိုင်သည်။ သူသည် ပါးရည်နားရည်များ တွန့်နေသည်မှာ အဖိုးအိုတဦးကဲ့သို့ပင်။ ဆံပင်က တခေါင်းလုံး ဖွေးဖွေးလှုပ်လျှက်ရှိနေသည်။ သူ၏ဘ၀အမော ဒဏ်ရာဒဏ်ချက်များက သူ၏ရုပ်သွင်ကိုကြည့်လိုက် သည်နှင့် သိသာသည်။
မင်းအခုဘယ်မှာနေလဲ
“မင်းသိတယ်မဟုတ်လား ဟိုတပ်ကြပ်ကြီး။ ကချင်တပ်ကြပ်ကြီးလေ။ အဲဒီဦးလေးကြီးလည်း တပ်ကထွက်လိုက်ပြီ။ အဲဒီအိမ်မှာဘဲ ကပ်ရပ်နေရတာ။ သူတို့အိမ်မှာ ထမင်းစားကျွန်ခံပေါ့ကွာ”
ပြောလိုက်သော သူ၏ အသံက တဖြည်းဖြည်းတိမ်ဝင်သွားသည်။
“ငါတို့ တပ်မိသားစုအားလုံးလည်း တပ်ရဲ့ဘေးနားမှာဘဲ ဖြစ်သလိုကပ်ရပ် နေနေကြတယ်။ သူငယ်ချင်းတွေ တော်တော်များများတော့ သေကုန်ကြပြီကွာ”
ဟု ပြောလိုက်သဖြင့် အရွယ်မတိုင်ခင် ကွယ်လွန်သွားကုန်ကြသော ကျနော်၏သူငယ်ချင်းများအတွက် နှမျှောတသ ဖြစ်မိသွားရသည်။
“ဟိုကောင်တွေကော ရှိတုန်းလား”
ဟု ကျနော်က တပ်ထဲတွင်နေခဲ့သည့် သူငယ်ချင်းများကို တဦးချင်းစီရေရွတ်ရင်း မေးမိလိုက်သည်၊
“အေး အားလုံးတပ်ထဲမှာဘဲ၊ မင်းသွားပြီးနောက် တပ်ထဲကို အကုန်ဝင်ကုန်ကြတာ”
သူတို့အဆင့်ပြေကြလား
“နှစ်လုံးထီ၊ သုံးလုံးထီရောင်းစားနေကြတယ်”
ကျနော်က သူနှင့်တွေရသည့် ထိုခဏတာအချိန်တိုအလေးတွင်း၌ သိခြင်သည့်မေးခွန်းများကို တရစပ် မေးမိလိုက်သည်။ သူသည်ရရာအလုပ်လုပ်၍ သူ၏ အဖေတပ်ထွက်ကြီးကို ရှာဖွေကျွေးမွေးရသည့် ဘ၀၏ အထုအထောင်းခံ ဒဏ်ရာဒဏ်ချက်များက သူ၏မျက်နှာပေါ်ရှိ ရှုံ့တွ၍ အိုစာပေါက်နေသော ရုပ်သွင်နှင့် ၀ါဖျော့သောအသားရောင်များက သက်သေပြုနေသည်။
ကုန်ကားနောက်သို့ စပယ်ယာအဖြစ်လိုက်လာရင်း နယ်စပ်သို့ ရောက်လာသော အချိန်၌ အပိုဝင်ငွေအဖြစ် ဆန်အိတ်သွားထမ်းလိုက်အုံးမည်ဟု ပြောလာနေသော်လည်း တပ်ထဲ၌ အနှစ်(၂၀)ကျော် သံယောဇဉ်က သူ့အား ကျနော့်ဘေးနား၌ ဆက်လက်ရှိနေစေခြင်သေးသည်။ သို့သော် ဘ၀ပေးအခြေအနေများက တဦးနှင့် တဦးမတူကြတော့။ ကျနော်က လူထုကြားထဲ၌ လူထုအတွက်၊ တော်လှန်ရေးအတွက် မြုပ်နှံ၍နေသူ။ သူက လူထုကြားထဲ၌ စီးပွားရှာကာ တပ်ထွက်အဖေအိုကြီးအား လုပ်ကျွေးနေရသူ။
ကျနော်သည် သူ၏ ဘ၀အား စာနာစွာဖြင့်
“သွားလိုက်ပါသူငယ်ချင်းရာ”
ဟုသာပြောလိုက်ရသည်။

နောက်တနေ့ နေပူကြဲကြဲ သူဆန်ထမ်းသော နေရာသို့ကျနော်ရောက်သွားသည်။ အဟာရ မပြည့် ပိန်လှီနေသော သူ၏ ခန္ဒာကိုယ်ပေါ်၌ ဆန်အိတ်ကြီးတလုံးက နေရာယူလျှက်ရှိနေသည်။
“သူငယ်ချင်း မင်းအအေးလေး သောက်လိုက်ပါအုံးကွာ”
ဟု မကျည်းဖျော်ရည်ဗူးအား သူ့အားကမ်းပေးလိုက်သည်။ သူ၏မျက်ဝန်းအစုံ၌ မျက်ရည်စများဥ နေသည်ကို သတိထားမိလိုက်သည်။
“မင်းကတော့ အရင်အတိုင်းပဲကွာ။ တပ်ထဲမှာလိုပါပဲ”
သူ၏ကား ထွက်ခါနီး..............................။
“ကံကြုံရင် ပြန်ဆုံကြတာပေါ့ သူငယ်ချင်း”
“ငါလည်း ဘ၀အထွေထွေအတွက် ကျိုးစားနေဆဲပါ”
“ဟိုဗိုလ်ဖြစ်နေတဲ့ ငါ့သူငယ်ချင်းတွေကိုလည်း မင်းတွေ့ရင်ပြောလိုက်ပါ။ လူထုဘ၀ကို မမေ့ကြပါနဲ့ လို့................။”
“အေးသူငယ်ချင်း ငါဆက်ဆက်ပြောပြပေးလိုက်ပါမယ်။ မင်းမှာခဲ့တဲ့ စကားတွေကို”
“သွားတော့သူငယ်ချင်းရာ....................ဟု ပြောလိုက်ရသော်လည်း............။”
သူနှင့် ခွဲရတော့မည်ဆိုသော အသိက ကျနော်၏ ရင်ထဲ၌ ၀မ်းနဲစိတ်များ တလှိုက်လှိုက်။
ကားနောက်မှ တွဲလဲခို၍ လိုက်သွားရင်း လက်ပြ၍ နှုတ်ဆက်သွားခဲ့သော ကျနော့်သူငယ်ချင်း၏ ကျောပြင်ကိုရေးရေးကို နောက်ဆုံးကြည့်ရင်း ပင့်သက်အခါခါ ရှိုက်မိလိုက်သည်။ သူသွားခဲ့သော်လည်း............။ သူ၏စကားများက ကျနော့်နားထဲသို့ ပဲ့တင်ရိုက်ခတ်နေဆဲ........။
“ဒီကောင်တွေ တပ်ထဲမှာ ချဲဒိုင်ခံနေတယ်။ ပိုက်ဆံရှိတဲ့ ဟိုကောင် ၀င်းဦး ဆိုတဲ့ကောင်ကတော့ ဒိုင်လုပ်နေတယ်ကွ။ ဟိုကောင်က မင်းသိတယ်မဟုတ်လား ထွန်းအေး။ အေး အဲဒီကောင်က ချဲလိုက်ရောင်းနေတယ်”
တပ်အပြင်ထွက်ပြီး လုပ်လို့ရသလားကွ ?
“အေး ... တပ်အပြင်ထွက်ပြီးလဲ လုပ်စားခွင့်ပေးထားတယ်။ အရင်နဲ့မတူတော့ဘူးကွ။ တပ်ထဲမှာ ညနေအချိန်မှန်ရောက်လာရင်ပြီးရော။ ဖွဲ့စည်းပုံပြည့်နေဖို့ပဲ အရေးကြီးတယ်လေ။ ဖရီးလွတ်လွပ်လပ်လပ် ပေးထားတာ”

တပ်တွင်းရဲဘော်များ၏အခြေအနေနှင့် ဘ၀အထွေထွေများ။
တပ်တွင်းအုပ်ချုပ်မှုများ၊ စည်းကမ်းများ၊၊
တပ်ထွက်စည်သည်တော်များ၏ အခြေအနေများ။
ယခင်တပ်မတော်နှင့် ယခုတပ်မတော်၏ ကွာခြားနေမှုများ။

ဖရိုဖရဲဖြစ်နေသော စစ်တပ်ကြီးကို ကျနော်အတော်လေး စိတ်ပျက်သွားမိသည်။

အချိန်ပြည့် တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သော တပ်မတော်သားများက အပြင်ထွက်၍ ချဲလိုက်ရောင်းနေရသည်ဟု ကြားလိုက်ရသဖြင့် တပ်ထုအတွင်း စီးပွားရေးဒုက္ခ မည်မျှဖိစီးနေကြောင်း သိလိုက်ရသည်။

တိုင်းပြည်၏ လူထုစီးပွားရေးဒုက္ခမီးကြီးက စစ်တပ်ထုအတွင်းသို့ပင် ၀င်ရောက်ကာ တပ်ထုတပ်မတော်သား တရပ်လုံး၏ ထိုထိုဘ၀အခြေအနေများကို ၀င်ရောက် မွေနှောက် ၀ါးမျိုနေသည်ကို သတိထားမိလိုက်သည်။
သူထွက်ခွာသွားလိုက်သည်။ သူသည်ကျနော့်၏ နဘေးတွင် ရှိမနေတော့သော်လည်း သူသည် ကျနော်နှင့်နီးကပ်စွာ ရှိနေသည်ဟု ယုံကြည်သည်။

သူ၏ အဖေသည် ဂေါ်ရခါးလူမျိုး။ သူ၏ အမေသည် သူတို့ငယ်စဉ်ကတည်းကပင် ဆုံးပါးသွားခဲ့သဖြင့် သူတို့မောင်နှစ်မရှစ်ယောက်အား သူ့အဖေကြီး၏လစာဖြင့် ခဲခဲယဉ်းယဉ်း လူလားမြောက်ခဲ့ရသူ။ သူအဖေ၏ လစာသည်ကား ထိုနှစ် ၁၉၈၀ ကျော်က (၁၈၀)ကျပ်။

သူနှင့် ပါတ်သက်၍ တပ်မတော်အတွင်းနေထိုင်စဉ် ငယ်စဉ်က ထိုတရက်။ ထိုရက်သည် ကျနော့်အတွက် ရက်စွဲတိတိကျကျမမှတ်မိတော့ပေမဲ့ ထိုရက်ကိုတော့ မှတ်မှတ်ရရ....။
“ထမင်းစားရအောင်ကွာ”
“စားတာပေါ့”
ထမင်းဝိုင်းအလယ်တွင် ပုဂံတလုံးရှိသည် ထိုပုဂံထဲတွင် ရေအပြည့်ထည့်ထားသည်။ ကျနော်က ထမင်းစားရန် ပြင်လိုက်သည်။ ဤသို့နှင့် ထိုပုဂံထဲသို့ လက်နိုက်ဆေး လိုက်သည်။
“ဟေ့ကောင်.......ဟေ့ကောင်..........”
“ဘာလဲကွ.........”
“မင်းလက်နိုက်ဆေးတာ ရေမဟုတ်ဘူးကွ........ အဲဒါ ဟင်းရေတွေ”
“ဟာ........ စိတ်မရှိနဲ့ကွာ........ ငါ...ငါ...........ငါမသိလို့ပါ တောင်းပန်ပါတယ်”
ကျနော်က သူတို့၏ စားဝတ်နေမှုကို မသိ။ ထိုစဉ်က လူငယ်ပီပီ ဇိုးကနဲဇတ်ကနဲအမူအကျင့်များက ကျနော့် ဘ၀အတွက် နောင်တရစေခဲ့သည်။

တပ်မတော်သားတဦး၏သားဖြစ်သူ သူတို့ညီအကိုများ၏ ထမင်းဝိုင်း၌ ဟင်းမရှိပါ။ ထိုရေသည်သာလျှင် ဟင်းဖြစ်ကြောင်း ထိုရက်က ကျနော်သဘောပေါက်လိုက်ရသည်။
သူတို့၏ ထမင်းပုကန်ထဲသို့ ထိုအရည်ကိုလောင်းချသည်။ ပုကန်ဘေးတွင် ဆားပုံထားသည်။ ထိုဆားနှင့် ငရုတ်သီးကို တရှူးရှူးးစားနေသော ထိုညီအကိုအား ကျနော်အံ့သြောသွားမိလိုက်သည်။
သူတို့၏ ဟင်းသည်ကား ရေနှင်ဆား၊ ငရုတ်သီး...............။
သူတို့ဤကဲ့သို့ နေထိုင်စားသောက် နေရပါတကားဟု သိလိုက်ရသည့်အတွက် အိမ်၌ဈေးဆိုင်ဖွင့်၍ ပါးစပ်စိုနေသော ကျနော့်က သူတို့ဘ၀များကို အားနာမိလိုက်သည်။

ထိုစဉ်မှစ၍ ကျနော်သည် တပ်မတော်အတွင်း နေထိုင်စားသောက်မှုများကို စေ့စေ့ငှငှ လိုက်ကြည့်မိလေတော့သည်။ မိသားစု (၉)ယောက်အတွက် သူ့အဖေ၏လစာ (၁၈၀)ကျပ်က မည်သို့ဖူလုံ လောက်ငှအောင် ကျွေးနိုင်တော့မည်နည်း။ ဟင်းမရှိသော သူတို့ဘ၀အတွက်၊ တပ်မတော်သားအတွက် ဟင်းမပေးနိုင်သော တပ်မတော်အပေါ် ကျနော်၏ ထားရှိခဲ့သော နုနယ်သောစိတ်များ၌..............................။

သူသည် အချိန်အားသည်နှင့် တပ်၏ဘေးရှိမြေနုကွက်လပ်များပေါ်၌ အပင်စိုက်နေလေ့ရှိသည်။ ငယ်ရွယ်နုပျိုသည့် ခလေးငယ်သည် နွားတကောင်နှင့် ရုန်းဖက်နေရသည်။ ကျနော်သည် သူ့ရှိရာသို့ မကြာမကြာသွားလည်ဖြစ်သည်။ ငယ်စဉ်က တပ်မတော်အတွင်း၌ နွားဖြင့် ရုန်းဖက်ခဲ့ရသည်။ ကြီးလာတော့ ၀မ်းစာရေးအတွက် စီးပွားရေးဒဏ်ရာဒဏ်ချက်များဖြင့် ရုန်းဖက်၊ ရုန်းကန်နေရတုံး။
သြော် ................. တပ်မတော်အတွင်း ဖြစ်တည်ခဲ့ရသော လူဘ၀များသည်ကား ဆိုးရွားလွန်းလှပေစွ။

တပ်ထဲမှာ ချဲဒိုင်ဖွင့်စားနေတယ်ဟု သူငယ်ချင်းပြောလိုက်ခဲ့သောစကားကို ကျနော်အံ့သြောသွားမိခဲ့သည်။ တပ်ကြပ်က ချဲဒိုင်ခံသည်။ တပ်ကြပ်ကြီးက ချဲလိုက်ရောင်းသည်။ ထိုတပ်ကြပ်သည်ကား ငွေရှင်။ တပ်ကြပ်ကြီးသည်ကား ထိုငွေရှင်၏ လက်ဝေခံ။ တပ်အတွင်း ပြောင်းပြန်တွေဖြစ်ကုန်နေသည်။ ငွေရှိသော အရာခံဗိုလ်အား ဗိုလ်မှူး၊ ဗိုလ်ကြီးများက ဒူးထောက်ကြရတော့မည်။

ကျနော်နုပျိုစဉ် တပ်ထဲနေစဉ်ကာလအချိန်များ......။

အပြင်မှနေ၍ တပ်ထဲသို့ ဆိုင်ကယ်ဖြင့် အလုပ်လာဆင်းဘူးသော အဖေ၏မိတ်ဆွေ တပ်မတော်သားတဦး ရှိခဲ့ဖူးသည်။ သိပ်မကြာခင် သူတို့မိသားစုအားလုံး တပ်ထဲသို့ရောက်လာကြသည်။ ထိုကိစ္စနှင့် ပါတ်သက်၍ အဖေအား မေးခဲ့ဖူးသည်။
“ တပ်အပြင်ကနေ အလုပ်တက်လို့ ရသလား ... အဖေ”
“မရဘူး ငါ့သား...။ တပ်ကစည်းကမ်းကြီးတယ်”
“ဒါဆို အပြင်ထွက်ပြီးတော့ စီးပွားရှာလို့ကော မရဘူးလား .. အဖေ”
“မရဘူးငါ့သား”
“ဘာဖြစ်လို့လဲ”
“အကျိုးစီးပွားပြသနာတွေဖြစ်လာရင် တပ်ထဲမှာ ဆင်းရဲချမ်းသာတွေကွာဟလာပြီး တပ်ကို ဘယ်လိုအုပ်ချုပ်လို့ ရတော့မလဲကွာ”
ဟု အဖေပြောခဲ့ဖူးသော စကားများကို အမှတ်ရစေခဲ့သည်။ ယခုတော့ တပ်မတော်အတွင်း၌ ဆင်းရဲချမ်းသာကွာဟချက် ကြီးမားလာနေပြီ။

ယခုတပ်မတော်သည် ယခင်တုန်းက တပ်မတော်မဟုတ်တော့။ ယခင်တပ်မတော်သည် စည်းကမ်းအပေါ် တပ်ဆောက်ခဲ့သော တပ်မတော်။ ယခုတပ်မတော်သည်ကား.........?

ကျနော်၏ သူငယ်ချင်းနှင့်ပြောခဲ့သော စကားများကို ပြန်လည် အမှတ်ရစေမိခဲ့သည်။

“မင်းတပ်ထဲကို သွားမလည်တော့ဘူးလား”
“လည်တော့လည်ခြင်တာပေါ့....။ သူငယ်ချင်းတွေနဲ့လည်း တွေ့ခြင်တယ်။ ဒါပေမဲ့ မလည်ခြင်တော့ဘူးကွာ
“ဟ........ဘာဖြစ်လို့လဲကွ”
အခုနောက်အသစ်ဝင်လာတဲ့ ရဲဘော်တွေက အရင်ရဲဘော်တွေနဲ့ မတူကြတော့ဘူး။ တပ်ထဲကို ၀င်မဲ့ဂိတ်တွေက မူးပြီးအရမ်းရစ်တာ။ ဒီကောင်တွေ ကင်းသာစောင့် နေကြတာ တနေကုန်လုံး မူးရူးနေကြတာ။ မင်းကို ငါခေါ်ပြလိုက်ခြင်တယ် သူငယ်ချင်း။ ငါတို့တပ်ထဲမှာနေတုန်းက ကင်းစောင့်တဲ့ရဲဘော်တွေ အရက်မူးနေတာ ငါတခါမှ မြင်လည်းမမြင်ခဲ့ဘူး။ ကြားလည်းမကြားမိခဲ့ဘူး။

ဟုတ်သည်။ ကျနော်တပ်ထဲမှနေစဉ် တပ်ကို ၀ိုင်းရံထားသောကင်း ဂိတ်များစွာရှိသည်။ ဟေ့...ရပ်ဘယ်သူလဲ။ ကျနော်တပ်ကြပ်ကြီး ဦး ..... ရဲ့သားပါ။ အချိန်မတော်ပြန်လာသော ကျနော်တို့အား မည်သူတဦးတယောက်မှ အရက်မူးရမ်းကားပြီး မဆက်ဆံခဲ့ဖူးပါ။ ယခုတော့ အဲသည်လိုမဟုတ်တော့ နေခင်းကြောင်တောင်ကြီးတောင် ကင်းစခန်းထဲတွင် မူးရူးနေကြသည်ဆိုတော့ တပ်မတော်သည် မည်မျှယိုယွင်းပျက်စီးနေကြောင်း လေ့လာသိရှိခွင့် ရလိုက်လေသည်။

ထိုရက်က တပ်မတော်အတွင်း ကျနော်ငယ်စဉ်က ကျနော့်အား ချစ်ခင်စွာထိမ်းကြောင်းပေးခဲ့သော အဖေ၏ သူငယ်ချင်းတဦးနှင့် အဆက်အသွယ်ရလိုက်သည်။
“ငါ့တူ... ငါက တပ်ကထွက်လိုက်ပြီ။ ပင်စင်က ငါးထောင်ကျပ်ရတယ်ကွ။ တလကို ငါက ၅၀၀ကျပ်သုံးတယ်။ ကျန်တာက မင်းညီမတွေရဲ့ ကျောင်းစရိတ်ထဲကို ထည့်ပေးနေရတယ်”
“ဟုတ်လား ဦးလေး”
ထမင်းတပွဲပင်လျှင် ၁၀၀၀ကျပ်ခန့်ရှိနေသော အချိန်၌ ကျနော်၏ တပ်ထွက်ဦးလေးကြီးက တလကို ၅၀၀ကျပ်သုံးနေသည်ဟု ပြောလာသဖြင့် ကျနော် အလွန်အံ့သြော မိသွားသည်။ အဖေ တပ်မှထွက်လိုက်သည်က သူ့ထက်ပိုစောသည်။ ထို့အတွက် အဖေရသည့် ပင်စင်သည် ကျပ်ငွေ(၇၅၀)ကျပ်။ အနှစ်(၄၀)ကျော် တာဝန်ထမ်းခဲ့သော အဖေ၏ပင်စင်လစာကား ဆေးလိပ်တဗူးဘိုးမျှပင်မရှိ။ ယခု ဦးလေးရသည့်က (၅၀၀၀)ကျပ် ၂၀၀၈ခုနှစ် ဂိတ်ဆုံး။ တပ်မတော်က ပင်စင်များကို တိုးပေးမည်ဟုပြောနေသော်လည်း လွန်ခဲ့သည့်(၁၀)နှစ်ကတည်းက ပင်စင်ကို မျှော်နေကြသော တပ်ထွက်စစ်သည်များက မယုံကြည်ကြတော့။ သူတို့အိတ်ထဲ သူတို့ထည့်နေသည်ဟုသာ မိမိကိုယ်ကိုမိမိ ဖြေသိမ့်နှစ်သိမ့်နေကြကြောင်း တပ်ထွက်ကြီးများ၏ ပြောသံကြားလိုက်ရသည်။

သူ၏သားသမီးများအတွက် သူအနစ်နာခံနေရသည့်အတွက် ထိုငွေ(၅၀၀)ကျပ်ကို မည်သို့သုံးစွဲနေကြောင်း ကျနော် မမေးရက်။ မမေးရဲတော့ပါ။ မေးရန်လည်းမသင့်တော်ကြောင်း ကိုယ့်ကိုကိုယ် မချင့်မရဲ တပ်ထွက် ဘ၀များအတွက် စာနာနားလည်စွာ ခံယူလိုက်ပါသည်။ ကျနော်၏ ရှိစုမဲ့စုထဲမှ မြန်မာငွေ ကျပ်တသောင်း ပေးလှူခဲ့သောအခါ သူသည် ၀မ်းသာ၍မဆုံး။ ပျော်ရွှင်၍ မဆုံးနိုင်ခဲ့။ ကျနော်၏ သတိရမှုများသည်သာ သူ့အတွက် ဂုဏ်ယူလို့မဆုံး။

ဒါမှ ငါတူကြီးကွ။ မင်းတို့ ဆက်ကြိုးစားကြ ဟု ပြောသံများက တပ်ထွက်စစ်သည်အိုကြီးများနှင့် ကျနော်တို့ ဒီမိုကရေစီအင်အားစုများ တသားတည်းရှိနေကြောင်း မီးစိမ်းပြလိုက်သည် ဟု ကျနော်ခံယူမိလိုက်သည်။

ထိုရက်က ကျနော်သည် တရုပ်မြန်မာနယ်စပ် ကျယ်ဂေါင်မြို့လေးသို့ ရောက်သွားသည်။ ကျယ်ဂေါင်မြို့လေးသည် မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ကပ်ရက်တည်ရှိသည်။ မြန်မာတရုတ် ဥဒဟိုသွားရာဒေသဖြစ်သည်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်မှုလုပ်နေတဲ့ လမ်းမကြီး။ တရုပ်ပစ္စည်းပေါချောင်ကောင်းများထုတ်လုပ်၍ မြန်မာပြည်သို့တင်ပို့ကာ မြန်မာ့ဝယ်လိုအားနှင့် ရပ်တည်နေရသောနယ်စပ်မြို့ဖြစ်သည်။ တရုပ်၏ မြန်မာပြည်တွင်းသို့အား အကောင်းဆုံး အပို့များဆုံးကုန်စည်သည်ကား ဆိုက်ကယ်ဖြစ်သည်။ ဆိုင်ကယ်က တရားမ၀င်မှောင်ခိုကုန်။ ထိုမြို့လေးသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ဆိုင်ကယ် လာဝယ်သူများနှင့် ပျားပန်းခပ်လျှက်ရှိသည်။ ဆိုင်ကယ်ဈေးကွက်သည် မြန်မာပြည်တွင် အကြီးမားဆုံးငွေလှည့်လည်နေသည့် ဈေးကွက်ကြီး။ ဆိုင်ကယ်တစီး မြန်မာပြည်သို့ ရောက်သွားပါက စားပြီးသောက်ပြီး တခေါက်လျှင် (၅၀၀၀၀)ကျပ်ခန့် ကျန်သည်ဟုသိရသည်။ သို့သော်လမ်းခရီး၌ ဆိုင်ကယ်ကယ်ရီသမားများအကြောက်ဆုံးသည်ကား “ဖား” များ။ ထို ဖားများနှင့် တွေ့လိုက်ရင်ဖြင့် ကံမကောင်းရင် အမြတ်မရသည့်အပြင် ကိုယ့်အိပ်ထဲမှ ငွေပါ ပါသွားနိုင်သည်။ ထိုဖားများ ဆိုသည်ကား လူထုအခေါ် လက်နက်ကိုင်ထားသော စစ်သားများ၊ ရဲများပင်ဖြစ်သည်။ သူတို့သည် လမ်းကျိုလမ်းကြား၊ ချောင်းကြိုချောင်းချား၌ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တဖွဲ့ စုဖွဲ့ကာ တောင်းစားနေသူများကို ဖားဟုခေါ်ကြသည်။ သူတို့အလုပ်ရှားဆုံးအချိန် သည်ကား ညအခါဖြစ်သဖြင့် ဖားဟုခေါ်ကြသည်။ လူထုက သူတို့ကို ရွံရှာမုန်းတီးစွာ ဖားဟု နာမည်ပေးကြသည်။
ဖားတွေကတော့ မလွယ်ဘူးအကိုရေ၊ လမ်းတွေ့ရင်ဆော်ဖို့ ဒါးဝယ်နေတာဟု ဆိုင်ကယ်ကယ်ရီသမားလေးက ဈေးဝယ်နေသော ကျနော့်ဘက်သို့လှည့်ပြောရင်း ၀မ်းစာရေးအတွက် ဒါးတောင်ဆောင်နေရတဲ့ ခေတ်ကြီးဖြစ်နေပါလားဟု တွေးလိုက် မိသည်၊ ခေတ်ကြီးက ဒါးဆောင်၍ စီးပွားရေးမီးပယ်လယ်ကြီးကို ကျော်ဖြတ်နေရသောခေတ်...........။

ရုရှားစစ်သည်တော်၏ဖခင်ကြီးနှင့်ဆုံဆည်းရခြင်း

ဖေဖေါ်ဝါရီလ၂၀၀၈။ ကျနော်ရုရှားစစ်သည်တော်တဦး၏ဖခင် ပင်စင်စားတပ်ထွက်ဗိုလ်မှူးတဦးနှင့် ဆုံတွေ့ခဲ့ရသည်။
ထိုရက်က ကျနော်သည် လွယ်ဂျယ်သို့ တခေါက်ရောက်ခဲ့သည်။ လွယ်ဂျယ်ဆိုသည်ကား တရုပ်မြန်မာနယ်စပ်။ ထိုမှတဆင့်သွားလျှင် ဗန်းမော်သို့ရောက်တော့မည်။ ကျနော်သည် တရုပ်မြန်မာနယ်စပ်ရှိ ကုန်စည်ကူးသန်းရောင်းဝယ်မှု အခြေအနေများကို သွားရောက်လေ့လာရင်း ထိုဒေသရှိ ကျနော်၏မိတ်ဆွေတဦးထံသို့ ၀င်ရောက်လည်ပါတ်မိသည်၊ ကျနော်၏မိတ်ဆွေသည်ကား တရုပ်ပြည်နယ်စပ်၌ အခြေ့ပု၍ စီးပွားရှာနေသူတဦး။ သူ၏အိမ်မှ ပန်း၍ပါတ်၍သွားလျှင် လွယ်ကျယ်မြို့သို့ ၀င်ရောက်နိုင်သည့် ခိုးလမ်းပေါင်းများစွာရှိသည်။ တရုပ်နယ်စပ်နှင့် မြန်မာနယ်စပ်ကို ၀ါးခြံများဖြင့်သာ ကာရံထားတဲ့အတွက် အလွယ်တကူဝင်ရောက်နိုင်သည့် လမ်းမျှောင်များစွာကို တွေ့ရနိုင်သည်၊

ထိုရက် ရာသီဥတုကအလွန်ပူပြင်းသည်။ မြန်မာပြည်နှင့် ပိုမိုနီးကပ်လာသဖြင့် ပူပြင်းခြောက်သွေ့လာသည်။ ကြံခင်းများက တရုပ်ဖက်ကမ်းတွင် တမျှော်တခေါ်။ ပူပြင်းသောနေရောင်အောက်၌ ကျနော်၏ ဆိုင်ကယ်လေးသည် ဖုန်တထောင်းထောင်းထနေသည့် လမ်းမပေါ်၌ ကျနော်၏ မိတ်ဆွေအိမ်ရှိရာသို့ ဦးတည်လျှက်။ ရှေ့တောင်ကုန်းတခုကို ကျော်လိုက်သောအခါ ရေချောင်းလေးက သာယာစွာစီးဆင်းလျှက်။ ကျနော်သည် ထိုချောင်းလေးပေါ်ရှိတံတားကို ကျော်ဖြတ်ရင်း နွေဦးရာသီသို့ တိုးဝင်တောမည်ဖြစ်သဖြင့် သဘာဝပါတ်ဝန်းကျင် အလှအပများက ကျနော့်ကိုဆွဲဆောင်နေသော်လည်း ကျနော်၏အာရုံများသည်ကား ဆင်းရဲကြပ်တည်းလှသော လူထုဘ၀အထွေထွေ အခြေအနေများ... ...............

ကျနော်၏ မိတ်ဆွေအိမ်သို့ရောက်သည်နှင့် ကျနော်သည် ပထ၀ီအနေအထားနှင့် လူရိပ်လူခြေများကို ကြိုတင်၍ အကဲခတ်လိုက်မိသည်။ ဤနေရသည်ကား နယ်စပ်။ လူအမျိုးမျိုး စရိုက်အမျိုးမျိုး တွေ့နိုင်သည်မဟုတ်ပါလား? အိမ်ရှေ့မြေကွက်လပ်တွင် ဆိုင်ကယ်အသစ် သုံးစီးရပ်ထားသည်ကို တွေ့မြင်လိုက်ရပြီး လူတယောက်ထိုင်နေသည်ကို တွေ့မြင်လိုက်ရသည်။ ကျနော်ရောက်လာသည့် အသံကိုကြားရသဖြင့် ကျနော်၏ မိတ်ဆွေသည် အားရ၀မ်းသာစွာ အပြင်သို့ထွက်ကြိုလာသည်။ သူနှင့် အချိန်အတော်ကြာ အိမ်ထဲ၌စကားပြောပြီးသည်နှင့် ကျနော်သည် အညောင်းအညာဆန့် အိမ်အပြင်သို့လမ်းလျှောက် ထွက်လာမိသည်။ ကျနော်ဝင်ကာစက မြင်လိုက်ရသော လူတဦးက လမ်း၌ပြန်တွေ့ကာ ကျနော့်အား ပြုံးပြနေသည်။ ကျနော်က အလိုက်သင့် ပြန်ပြုံးပြလိုက်သည်။ လွယ်ဂျယ်သွားမလို့လား ဟု ပြောလာသဖြင့် ကျနော်က ခပ်တည်တည်နှင့် ဟုတ်တယ်ဟု ဖြေလိုက်သည်။ ခင်ဗျားကဘယ်လဲ ဟု ကျနော်ကမေးလိုက်သည်။
ကျနော် ဆိုင်ကယ်ကယ်ရီ လုပ်နေတာပါဟု ဖြေသည်။ သူ၏ဘေးနားတွင်ဆိုင်ကယ်အသစ်သုံးစီး။ ထိုသူသည် အရပ်က ငါးပေတလက်မခန့်။ အရပ်ပြတ်ပြတ်။ မျက်နှာက ၀ိုင်းဝိုင်း။ အောက်တွင် စစ်ဘောင်းဘီအစိမ်းကို ၀တ်ထားသည်။ အပေါ်တွင် ရိုးရိုးသာမန်အင်္ကျီ အဖြူတထည်။ ဆိုင်ကယ်ကယ်ရီ သမားများ၏ ဘ၀ကို စုံလင်စွာလေ့လာထားသော ကျနော်က သူ့အား စကားဖိတ်မန္တက အနေဖြင့် အဆင်ပြေလားဗျ ဟု မေးလိုက်မိသည်။ လွယ်ဂျယ်ဝင်မဲ့လမ်းမှာ ရဲတွေစောင့်နေတယ်ကြားလို့ဗျာ။ ကျနော့် ကောင်လေးတွေကိုသွားပြီး အိုပီ(ကြို၍ ကင်းထောက်စုံစမ်းခြင်း) လုပ်ခိုင်းလိုက်တယ်။

စစ်သုံးစကား အိုပီဟုကြားလိုက်ရသဖြင့် နဲနဲ လူပုဂ္ဂိုလ်အရ စိတ်ဝင်စားမိသွားသည်။ ဘယ်မှာနေလဲဗျ။ ကိုယ်က မန္တလေးကပါ။ ကိုယ်ကလို့ပြန်၍ သုံးလာသည့်အတွက် ဤနေရာ၌ ကျနော့် အတွေ့အကြုံများအရ သုံးသပ်ချက်ချရတော့မည်။

“ခင်ဗျားက တပ်မတော်ကလားဗျ ?”
ကျနော်က ခပ်တင်းတင်းမေးလိုက်တော့....သူသည် အံ့သြောစွာကြည့်ရင်း
အေးဟုတ်တယ်
ဘယ်တပ်ကလဲ?
“ခလရ ..... ကပါ။ ကိုယ်က ဗိုလ်မှူးတယောက်ပါ ”
ဟုပြောလာသဖြင့် ကျနော် နားရွက်ထောင်သွားသည်။
“ဘာနဲ့ထွက်တာလဲ အကိုကြီး။ ကက်ရှူရယ်လ် လိဗ်လား မက်ဒီကယ်လိဗ်လား ? ”
“မောင်ရင်ကလည်း တပ်ထဲကလား ”
“ဟုတ်တယ်”
“ကိုယ်က မက်ဒီကယ်လ်လိဗ်( ရောဂါဖြင့် တပ်ထွက်ခွင်ရခြင်း) နဲ့ထွက်လာတာပါ”
“ကြာပြီလားဗျ ခင်ဗျားဆိုင်ကယ်ကယ်ရီလုပ်စားနေတာ ”
“မကြာသေးပါဘူးငါ့ညီရာ။ လုပ်စားစရာမရှိတော့ ဒီဆိုင်ကယ်ကယ်ရီဘက်ကို လှည့်လာရတာပါ”
ဟု ပြောသဖြင့် လူထုဘ၀အမောကြားထဲ၌ ရှိနေသော ကျနော်သည် သူ့အားရီဝေစွာကြည့်မိလိုက်သည်။ ကွမ်းယာစားထားသဖြင့် သွားများသည် ကွမ်းချေးများ ကပ်နေသည်။ ပူလောင်သည့် နေရောင်ခြည်ဒဏ်ကြောင့် သူ၏အသားရည်များက အညိုရောင်မှ အမဲရောင်များဘက်သို့လုနေသည်။
“ခင်ဗျားကရောဘာလုပ်စားလဲ”
“ကျနော်က အကုန်လုပ်စားတယ်ဗျ”
ဟု ခပ်ဖေါ့ဖေါ့ ပြောလိုက်သည်။
“အေးဗျာ အကွက်လေးဘာလေးရှိရင်လည်း ပြောပေးပါအုံး။ ဆိုင်ကယ်ကယ်ရီလုပ်စားရတာ ဖားတွေနဲ့ မလွယ်ဘူးဗျ”
“ဖား” ဆိုသည့် အသံကြားလိုက်သည်နှင့် ကျနော်ခေါင်းထောင်သွားမိသည်။ ဖားဆိုသည်ကား လုပ်စားကိုင်စားနေကြရသော ပြည်သူလူထုများအတွက် ကြီးမားသည် အန္တရာယ်။ ဖားတွေက တော်တော် ဆိုးတယ်။ ကျနော်လည်းဘာမှ မကျန်ပါဘူးဗျာ။ မိသားစုတွေများနေလို့သာ ဒီအလုပ်ကို အိုကြီးအိုမနဲ့လုပ် စားနေရတာ။ ကျနော့် အသက်အရွယ်နဲ့ အင်မတန်မှ သိက္ခာ ကျလှပါတယ်။
ကျနော်က သိက္ခာဆိုသော စကားကို သတိထားမိလိုက်သည်။ ခေတ်စနစ်လူများ၏ မှားယွင်းသော စီမံအုပ်ချုပ်မှုများကြောင့် စီးပွားရှာဖွေစားသောက်နေကြသော သူအများစုမှာ သိက္ခာထက်ရိက္ခာကို ပိုမို အဓိကထားလာနေကြောင်းသိနေသော ကျနော်သည် သူပြောသည့် သိက္ခာဆိုသည့် စကားလုံးလေးကို သဘောကျလိုက်မိသည်။ မှန်သည်။ ရိုးရိုးသားသား စီးပွားရှာဖွေသူတိုင်းက သိက္ခာကို အလေးထားလေ့ ရှိသည်။ ရိက္ခာကို ပိုမိုအလေးထား ရှေ့တန်းတင်လာပါက လောဘ၊ မောဟ၊ ဒေါသများ ပိုမို ဖိစီးလာကာ ကိုယ်ကျိုးစွန့် အနာခံမှုများရှိလာနိုင်တော့မည်မဟုတ်။
အထဲကကောင်တွေက သိက္ခာမရှိကြတော့ဘူးကွဟု ပြောလာသဖြင့် ကျနော်သူ့ကို စိတ်ဝင်စားမိသွားသည်။
“ကိုယ့်ဆိုင်ကယ်ကို ရဲတွေဖမ်းသွားတယ်။ ဒီလွယ်ဂျယ်အ၀င်မှာပဲ။ အဲဒါနဲ့ စခန်းမှူးဆီသွားတာ။ စခန်းမှူးက မရှိဘူး ဒုရဲအုပ်နဲ့တွေ့တော့ ခခယယကို တောင်းပန်ပြီး မနည်းထုတ်ယူလာရတယ် ညီလေး။ တလမ်းလုံးလဲ ဒီဖားတွေနဲ့ပဲ တိုးနေတာ။ ဒီကောင်တွေကို ပိုက်ဆံပေးပြီး ဖြတ်ရတာ ပြသနာမရှိဘူး ငါ့ညီရ။ ခက်တာက ရစ်နေတာ။ ကိုယ့်သားကိုယ့်မြေးလောက်က ရစ်နေတာကို အခံရအခက်ဆုံး။ ဆိုင်ကယ်လာရင် ၀ါးလုံးတားပြီးပိုက်ဆံတောင်းစားတယ်။ ပြီးတော့ ကျုပ်တို့က အရင်းကြီးတယ်ပြောတယ်။ ဘာအရင်းစိုက် ရလို့လဲ။ ငါ့ညီ မင်းစဉ်းစားကြည့်လေကွာ...။ ၀ါးလုံးတလုံးရယ်...ထိုင်ခုံတလုံးရယ် လမ်းတွေမှာပိတ်ထိုင်ပြီး လာသမျှလူဆီက အတင်းကို ငွေညှစ်ယူနေတာ။ ဒီကောင်တွေနဲ့တွေ့ရတာ ကိုယ့်စစ်သား သိက္ခာတောင် ကျတယ်ကွာ......။ငါ့ညီ မင်းစဉ်းစားကြည့်ကွာ....။ အကိုတို့က ရှေ့တန်းလိုနေရာတွေမှာ အသက်ပေးပြီး တိုက်ပွဲဝင်လာခဲ့တဲ့ကောင်တွေက ငါ့.... မိသားစု ၀မ်းရေးအတွက်မို့လိုသာ အတော်လေး သည်းခံနေရတာ...။ ဒီ ခွေးသူတောင်းစား ရဲတပ်ကြပ် အဆင့်လောက်တွေကို ငါလိုတပ်ထွက် ဗိုလ်မှူးတယောက်က ခယနေရတော့ကွာ........”
သူနဲ့တွေ့လိုက်သည့်အတွက် တပ်တွင်းအခြေအနေများကို ပို၍ပို၍ သိခြင်လာသည်။ သို့သော် အရမ်းတိုး၍ မရ။
“ကိုယ် အရင်တုံးက ဒီဘက်နယ်တွေမှာ တာဝန်ကျခဲ့ဖူးတယ်။ တပ်ခွဲမှူးဘ၀နဲ့ပေါ့။ ကချင်ပြည်နယ် တော့် တော်တော်နှံ့တယ်”
ဟု ပြောတော့ ကျနော်ကအလိုက်သင့် ဟုတ်လားဟု ထောက်ခံလိုက်သည်။

မိသားစု ဘယ်နှစ်ယောက်ရှိလဲဗျဟု မေးတော့ (၅)ယောက်ဟုဖြေသည်။ အားလုံးတပ်ထဲမှာပဲလား။ နှစ်ယောက်ကတပ်ထဲမှာဟု ဖြေသည်။ တပ်မိသားစုဝင်များ တပ်ထဲသို့ဝင်ကြသည်မှာ မဆန်း။ ဆန်းနေသည်က သူ၏ဆိုင်ကယ်ကယ်ရီဘ၀။ တပ်ထွက်ဗိုလ်မှူးတယောက်၏ ဆိုင်ကယ်ကယ်ရီ လုပ်စားနေရသောဘ၀။ ဆိုင်ကယ်မောင်းရသည်အလုပ်မှာ တကယ်တော့မလွယ်လှ။ ခရီးဝေးမောင်းသည့် လူငယ်တဦးပင် လေတိုးသဖြင့် အဆုပ်ပွရောဂါများရနိုင်သော ထိုအလုပ်။ ထိုအလုပ်ကို အသက်ကြီးကြီး တပ်ထွက်ကြီးက မောင်းနေရသဖြင့် ကျနော်သူ့ကို ဂရုနာသက်မိပြီး အဝေးရောက်နေသည့် သူ၏ သားသမီးများကိုလည်း အထင်သေးလိုက်မိသည်။ မိအိုဖအိုကို ပစ်ထားနေပါလား။
ကျနော့်၏ သူငယ်ချင်းက သူ့အဖေအိုကို လုပ်ကျွေးနေသည်။ နေပူကြဲကြဲကူလီထမ်း၍ သူ၏စစ်ထွက် အဖေအိုကြီးရှင်သန်ရန် အားကြိုးမာန်တက် ကြိုးစားလျှက်ရှိနေသည်။ ထိုဗိုလ်မှူး၏သားသမီးတွေက ဘာတွေလုပ်နေကြသနည်း ........။
အကိုကြီးရဲ့သားသမီးတွေက ဘယ်ရောက်နေလဲဟု ကျနော်က ဆက်မေးမိသည်။
တယောက်က ဒုဗိုလ်။ တယောက်က ဗိုလ်ကြီးအဆင့်
ဟု ပြောလာသဖြင့် ကျနော်က စိတ်ဝင်စားသွားမိသည်။
သူတို့ဘယ်မှာလဲဗျ.....။
တယောက်ကပြည်တွင်းမှာ
တယောက်ကနိုင်ငံခြားမှာ
ဟာ ... ဟုတ်လား........ နိုင်ငံခြားမှာဆိုတော့ ဘယ်မှာလဲဗျ
ရုရှားမှာ....
ဗျာ........ ရုရှားကို ဘယ်တုံးကသွားတာလာဗျ။
သုံးနှစ်လောက်ရှိ သွားပြီ။
ကျနော်က ရုရှားဆိုတော့ တော်တော်စိတ်ဝင်စားသွားသည်။ နူကလီးယားနည်းပညာရရန် ရုရှားသို့ မြန်မာစစ်ဗိုလ်လူငယ်တော်တော်များများကို နအဖစစ်အုပ်စုမှ ပို့ထားကြောင်းသိထားပြီးဖြစ်သည်။ လွန်ခဲ့သောလမှ တသုတ်ပြန်ပို့ထားသည့် သတင်းကိုလည်း ကျနော်က ကြားသိပြီးဖြစ်သည်။
ကျနော် ရုရှားပညာတော်သင်ဘ၀များအကြောင်းကို စိတ်ဝင်စားမိလိုက်သည်။
သူတို့စားဝတ်နေရေး အခြေအနေဘယ်လိုရှိလဲဗျ
ထို တပ်ထွက်ဗိုလ်မှူးက သူ၏သားရုရှားရောက်နေကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလျှက်ရှိနေသည်။
ရုရှားမှာ ရေမရလို့ ဘီယာသောက်ကြရတယ်ပြောတယ်။ နောက် အသားချည်းဘဲစားနေရတယ်။ ဟင်းသီးဟင်းရွက် အရမ်းစားခြင်တယ်ပြောတယ်။
သူတို့ပိုက်ဆံလေးဘာလေး မပို့ဘူးလားဗျ။
မမျှော်ပါဘူးကွာ........။
သူနဲ့ကျနော်စကားအတော်ပြောဖြစ်ခဲ့ကြသည်။ ရုရှားရောက်စစ်သည်များ၏ အသေးစိတ် အခြေအနေများကို ထိုတပ်ထွက်ဗိုလ်မှူးထံမှ သိရှိလိုက်ရသည်။ ကျနော်သည်သူ့ဆိုင်ကယ်များအား လုံခြုံစိတ်ချရသည့်လမ်းသို့ ခေါ်ဆောင်ပို့ဆောင်ပေးခဲ့သည်။ သူ၏ဆိုင်ကယ်သည် လွယ်ဂျယ်မြို့သို့ ရောက်သွားခဲ့သည်။ လမ်း၌ ဖားများနှင့်မတွေ့စေရန် ဆုတောင်းပေးလိုက်သည်။ မန္တလေးသို့ အမြန်ဆုံး ရောက်နိုင်ပါစေ.......။

ဤနေရာ၌ ရုရှားရောက် သူ၏သားနာမည်ကို ကျနော်မဖေါ်ပြတော့ပါ။ အဆင့်မြင့်နည်းပညာများသင်ယူနေကြသော ထိုရုရှားရဲဘော်များအား ဤနေရာမှနေ၍ တခုပြောလိုက်ခြင်ပါသည်။ အသင်သည် ထိုရုရှား၌ နေ၍ ဂုဏ်မောက် မနေကြကုန်လင့်။ အသင်၏အဖေတပ်ထွက်ပင်စင်စားဗိုလ်မှူးကြီးသည် အိုကြီးအိုမနှင့် ဆိုင်ကယ်ကယ်ရီလုပ်စားနေသည်။ သင်၏ အဖေကဲ့သို့ ယနေ့လူထုတရပ်လုံးသည်လည်း စီးပွားရေး မီးပင်လယ်ကြီးကို အသက်လု၍ ကျော်ဖြတ်နေရသည်။ အသင်အနေဖြင့် အသင်၏အဖေ ယခုလို ဆင်းရဲနွမ်းပါးဖြစ်နေရသည်ကို အဘယ့်အတွက်ကြောင့်ဖြစ်ရသနည်းဟု ဆန်းစစ်ဝေဖန် စောကြောဘို့ လိုပါသည်။
နိုင်ငံခြားပညာတော်သင်စစ်ဗိုလ်များအနေဖြင့် ကိုယ့်မိဘအခြေအနေများ၊ ကိုယ့်ပြည်သူ၏ အခြေအနေ များကို မျက်ချေမပြတ်လေ့လာရန် အရေးကြီးလာနေပါသည်။
သူ့အဖေပင်စင်စား ဂေါ်ရခါးစစ်သည်ကြီးအား ပင်ပင်ပန်းပန်း ကူလီထမ်း၍ ကြိုးစားပမ်းစား တပ်ထဲမှာ ကျနော်နှင့်အတူနေခဲ့သော ကျနော်၏သူငယ်ချင်းနှင့် ရုရှားရောက် စစ်ဗိုလ်များအားကျနော်နှိုင်းယှဉ်ကြည့်မိ လိုက်လေတော့သည် .........

ထို့အတွက်ကြောင့် တိုင်းပြည်၏ တပ်မတော်၌ ဆက်လက်ပုခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် အရာရှိငယ်များအနေဖြင့် အထက်ပါဖြစ်ရပ်များအား သင်ခန်းစာယူ၍ တပ်အုပ်ချုပ်ရေး၊ တပ်ပြုပြင်ရေး၊ တပ်တွင်းထု၏ ခံစားချက်များ၊ လူထု၏ခံစားချက်များကို ပိုမိုသိမြင်နားလည် သဘောပေါက်အောင် ကြံဆောင်ကြိုးစားနိုင်ကြပါစေ ...........................................။

ဥတ္တရကျော်
၂၇-၃-၂၀၀၈

အပိုင်း(၃) မျှော်

မှတ်ချက်။ ။ ဤဆောင်းပါး ပေးပို့သော ဆရာ ဥတ္တရကျော် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
...


Summary

Rest of your post

Tuesday, March 25, 2008

“ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ နအဖရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ကန့်ကွက်”

ဥတ္တရ
၂၅-၃-၂၀၀၈

၂၀၀၈မေလတွင် နအဖ ကျင်းပပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့မှနေ၍ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားမည်လို့ ၂၀၀၈မတ်ခ်ျလ (၂၃)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မတ်ခ်ျလ (၂၄)ရက်နေ့မနက်ပိုင်း၌ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အင်အား (၁၀၀)ကျော်ဖြင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် (၁၄)ရပ်ကွက်၊ ကျေးရွာ (၄)ရွာ၊ မြစ်ကြီးနား တက္ကသိုလ်နှင့် ၀ိုင်းမော်မြို့ပေါ်တို့တွင် ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်စာများကို လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

ယင်းလိုက်လံဝေငှခဲ့သော စာမှာ အေဖိုးဆိုက်စာရွက်တွင် အလျားလိုက် “အတင်းအဓမ္မ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် အတည်ပြုခြင်းကို” စာတန်းတစ်တန်းအဖြစ် အပြည့်ရေးသားထားပြီး ဒုတိယစာတန်းတွင် “ကန့်ကွက်ကြ” ဟူသော စာလုံးအား စာလုံးကြီးကြီးဖြင့် ရေးသားထားကြောင်းလည်း သိရသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ယခင်ကပြုလုပ်ခဲ့သော စာကပ်မှုများတွင် တာဝန်ရှိ ဒေသအာဏာပိုင်များမှနေ၍ ညအချိန်ကတည်းက ဖြုတ်ခွာပစ်လိုက်သည့်အတွက် ယခုတကြိမ်တွင် စာကပ်ခြင်းမပြုလုပ်တော့ဘဲ လူစည်ကားချိန်ဖြစ်သော မနက်ပိုင်းဈေးများနှင့် ရပ်ကွက်၊ ကျေးရွာ လူထုများထံသို့လူအင်အား ပိုသုံးကာ တိုက်ရိုက်လိုက်လံဝေငှခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ ဆက်လက်၍လည်း တိုက်တွန်းနှိုးဆော်စာများ ဖြန့်ဝေတိုက်တွန်း စည်းရုံးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်သူလူထုသို့ နဖအရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆန္ဒခံယူပွဲကို ကန့်ကွက်စာများ ဖြန့်ဝေပြီးချိန်တွင် မြစ်ကြီးနား တက္ကသိုလ်နှင့်ဈေးများတွင် လုံခြုံရေးအဖြစ် စစ်တပ်နှင့်ရဲများကို ထူထပ်စွာ ချထားကြောင်းလည်း သိရသည်၊၊

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အနေဖြင့်လည်း နအဖ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲတွင် ကြားနေသွားမည်လို့ လွန်ခဲ့သောရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Summary

Rest of your post

“ တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ ”

အပိုင်း(၁)
“ တပ်တွင်းမိသားစုဝင်များဘ၀နှင့် အောက်ချေ အကြပ်စစ်သည်များ၏ ဘ၀ ”


ထိုရက်က ဘလော့တခုမှ ဓါတ်ပုံလေးတပုံကို တွေ့မိလိုက်ရသဖြင့် ရင်ထဲ၌ကြီးစွာသော ခံစားမှု ဝေဒနာတရပ် မွေးဖွားစေခဲ့သည်။ စစ်မှုထမ်းဟောင်းတယောက် ငုံးတိတိခြေပြတ်ကြီးဖြင့် လမ်းဘေး၌ ခွက်ဆွဲကာ တောင်းစားနေရသော ထိုဓါတ်ပုံကြောင့် ဟိုအဝေး ....... ဆီက ကျနော်၏ အဖေတပ်ထွက် စစ်သားအိုကြီးအား ..... စိုးရိမ်တကြီး ....... သတိရမိလိုက်သည်။

“သြော် ငါရဲ့ တပ်ထွက်အဖေစစ်သားအိုကြီး ဒီလိုဘ၀မျိုးမရောက်ပါစေနဲ့”

ငယ်စဉ်က ဆယ်တန်းအောင်ပြီး ဒီအက်စ်အေနှင့် အိုတီအက်စ်ဖြေရန် ခြေယား၊ လက်ယားနေသည့် ဗိုလ်ရူးရူးနေသော ကျနော့်ကို အဖေက ဤသို့ဆုံးမခဲ့ဘူးသည်။ ဤစကားလေးတခွန်း၏ ကျေးဇူးကြောင့်ပင် ကျနော်သည် ကံဖယ်စွာ၊ ဘုရားမစွာ လူ့အန္ဓ၊ လူ့ငနွား၊ မိစ္ဆာဒိဌိ စစ်ဗိုလ်များဘ၀မှ လွဲဖယ်ကာ ပြည်သူ့ဘက်တော်သား တယောက်ဖြစ်လာခွင့်ရခဲ့သည့်အတွက် အဖေ့အား အဖေနှင့်ဝေးနေသော ဤနေရာမှနေ၍ ရှစ်ခိုးလိုက်ရပါသည်။

ထိုဆုံးမခဲ့သော စကားသည်ကား ................................................၊၊

“ဟေ့ကောင် စစ်ဆိုရင်......ရေတောင်စစ်မသောက်နဲ့ကွ”
“ မင်းငါတို့စစ်သားတွေရဲ့ ဘ၀တွေကို နားလည်အောင်ကြည့်”

ကျနော် နောက်ဆုံးသိရှိခဲ့ချက်အရ ကျောင်းနေဘက် သူငယ်ချင်း ကံမော်ဦးသည် မုံရွာအခြေစိုက်တပ်ရင်းတွင် တပ်ရင်းမှူးကြီး ဗိုလ်မှူးကြီး ကံမော်ဦး အဖြစ်လည်းကောင်း၊ သန်းကျော်စိုးသည် ရေတပ်တွင် ရေယာဉ်အုပ်စုမှူးကြီးအဖြစ် ဖြစ်ခွင့်ရကာ လူ့မလိုင်၊ လူ့အဆီတုံးများကို သားသတ်သမား ယစ်ဇ်ပလ္လင်ပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ မိန်ရည်ရှက်ရည် ဇိမ်ခံစားသောက်နေကြမည်ကို မြင်ယောင်နေမိသည်။

ထိုခြေထောက်ပြတ်ကြီးဖြင့် တပ်ထွက်စစ်သားတယောက် လှည့်လည်တောင်းစားရင်း ပြတ်ခဲ့ရသော ထိုခြေတဖက်အတွက် မည်၍မည်မျှ ၀မ်းနည်းနေမည်ကို ထိုတပ်ထွက် စစ်သားကြီးတယောက်သာ သိရှာပေတော့မည်။

တိုင်းချစ်ပြည်ချစ်စိတ်ကြောင့် ခြေတဖက်ပြတ်ခဲ့ရတာလား ........................?

ဝမ်းစာရေးအတွက် အလုပ်အကိုင်မရှိလို့ စစ်ထဲဝင်ရင်း ခြေပြတ်ခဲ့ရတာလား ..................................?

အတင်းအဓမ္မ စစ်ထဲအသွင်းခံရလို့တိုက်ပွဲဝင်ရင်း ခြေပြတ်ခဲ့ရတာလား .................................?

ဆိုသည်များကိုမူ ထိုခြေပြတ်စစ်သားတယောက်သာ ထိုမေးခွန်းများကို ဖြေဆိုနိုင်ပေတော့မည်။

စစ်တပ်ထဲ၌ ကြီးပြင်းလာခဲ့ရသော ကျနော်သည် ငယ်စဉ်က တပ်ကြပ်ကြီးအဖေ့ကို ဤကဲ့သို့မေးခဲ့ဖူးသည်။

“အဖေဘာ့ကြောင့် စစ်ထဲဝင်တာလဲ”


တုံးတိတိဖြေလိုက်သော အဖေ၏စကားကို အပြည့်အ၀ နားမလည်မိခဲ့။

“စီးပွားရေး အခွင့်အလမ်း မရှိလို့ကွ”

အချိန်တန်အရွယ်ရောက်လာသောအခါ တပ်မိသားစု၏ ဘ၀များ၊ တပ်တွင်းရဲဘော်များ၏ ဘ၀များစွာကို တဖြည်းဖြည်း နားလည်သဘောပေါက် လာမိတော့သည် ............။

အဖေ၏ လစာသည် ကျနော်တို့မိသားစုအတွက လုံးဝမလောက်။ တပ်ကြပ်ကြီးတဦးဖြစ်သည့် အဖေ၏ လစာသည် ထိုစဉ်က (၁၈၀)ကျပ်။ မိသားစု (၇)ယောက်၏ စားအိုးသည် ငယ်ရွယ်သေးသည့် အဖေ့အတွက် ဆံပင်များကို ဖြူစေခဲ့သည်။ တပ်ထဲမှ အလုပ်ဆင်းချိန် ဥသြဆွဲသံနှင့်အတူ အဖေအလုပ်ဆင်း ပြန်လာချိန်တိုင်း အဖေ၏ အိမ်အပြန်လမ်းသည် နွမ်းလျလျ။
အဖေ၏ စစ်သားခြေထောက်သည် မတက်မကြွ ............။

ကျနော်ငယ်စဉ် ရိက္ခာသွားထုတ်ဖို့ အဖေ၊ အမေက ခိုင်းတိုင်း ကျနော်သည် ထိုနှစ်ခမ်းမွှေးနှင့် လူကြီးကို စိတ်ထဲ၌ ပြစ်တင်ဆဲဆိုနေသည်။

ကျနော်တို့ ရဲဘော်သားသမီးများသည် နေရောင်အောက်၌ တန်းစီပြီး ထိုနှုတ်ခမ်းမွှေးကို စောင့်စားရသည်။
ကျနော်တို့၏ ပုခုံးပေါ်များ၌ အိတ်ကလေးများကိုယ်စီ။ ထိုစဉ်က တပ်မတော်တွင် ရိက္ခာခြောက်၊ ရိက္ခာစို ရသည်။ ရိက္ခာခြောက်တွင် တအိမ်ထောင် နို့ဆီတဗူး၊ လဘက်ခြောက်တဗူး၊ ကုလားပဲ၊ ငရုတ်ခြောက်၊ ငပိ၊ အနည်းငယ်အတွက် ခြေတိုအောင်စောင့်ခဲ့ရသော အချိန်များကို သတိရမိသည်။ ရိက္ခာစိုပေးသည့် အချိန်တွင် ကျနော်သည် စိတ်အတိုဆုံး။ အမဲသားပုံထဲမှ အသားများကို ရွေးထုတ်ပြီး ရဲဘော်မိသားစုအတွက် အရွတ်များကို ထည့်ပေးနေလေ့ရှိသော ထိုနှုတ်ခမ်းမွှေးက

“ ဒီအသားတွေက တပ်ရေးဗိုလ်ကြီးအတွက်ကွ ”
“ ဒါက တပ်ထောက်ဗိုလ်ကြီးအတွက် ”

ဟုပြောပြောနေတတ်သည်၊၊ ကျနော်သည် အမဲအရွတ်ထည့်ပေးနေသော ထိုနှုတ်ခမ်းမွှေးကြီးကို လက်နှစ်ဖက်ဖြင့် ဆွဲကာဆွဲကာ လိမ်ပြစ်လိုက်ခြင်တော့လေသည်။

ထိုထိုသော ရိက္ခာစို၊ ရိက္ခာခြောက်များ ကူထောက်ပေးနေသော်လည်း ကျနော်တို့မိသားစု၏ စားအိုးကြီးကို အဖေသည် မည်သို့မျှ မဖြေရှင်းနိုင်ခဲ့။ နောက်ဆုံးအမေသည် ခေါင်းပေါ်ဗျတ်တင်ကာ လိုင်းတကာလှည့်၍ သူ့သား လူမမယ်ကျနော့်အား လက်ကိုဆွဲခါ ဈေးရောင်းအသက်မွေးဝမ်းကြောင်း ပြုရပါလေတော့သည်။
ထိုစဉ်မှစ၍ ကျနော့် ဈေးဗန်းလေးပေါ်မှ ရိက္ခာများသည် တပ်မိသားစုဝင်များအတွက် ဟင်းအိုးကြီး ဖြစ်ခဲ့ရသည်၊၊

“ဟော့ဒီကဗျို့..........”

ဟု အော်သံနှင့်အတူ ကျနော်၏ ဈေးဗန်းလေးသည် တပ်မိသားးစုများဆီသို့ ဦးခိုက်လျှက်...........။ ကျနော်၏ အသံကြားတိုင်း ဘုစုခရု ခလေးများကို လက်ဆွဲ၊ ခါးတစ်ခွချီ၍ (၁၀)ပေပါတ်လည် အခန်းကျဉ်းလေးထဲမှ ထွက်လာသော တပ်မိသားစုများ၏ ရုပ်ပုံလွှာများကို ကျနော်၏ မျက်လုံးထဲမှ ယနေ့အထိ မထွက်နိုင်။

အကျီနွမ်းဖတ် နို့ဘတ်လတ်နှင့် ထွက်လာသော သားသည်အမေများ၏ ဘေး၌ နှပ်ချီးတွဲလောင်း ချေးအခြောင်းခြောင်းနှင့် ဗိုက်ပူနံကား ခလေးများသည် ကျနော်၏ ဗန်းလေးရှေ့၌ စုပြုံတိုးခွေ့လျှက် .........။

“ အမေ ဟိုဟာစားခြင်တယ်”
“ ဟဲ့ အဲဒါဈေးကြီးတယ် ငါးမူးကြီးများတောင်”

တဆယ်သားပုံ ၀က်သားကို ကြည့်၍ လက်ညိုးးထိုးနေသော ခလေးအား သူ့အမေက ဟန့်လိုက်သည်။

“ ဟို ဆယ်ပြားအပုံကိုပဲ ယူတော့မယ်။ ငါ့သား အကြွေးမှတ်ထားလိုက်နော်။ မင်းဦးလေး လစာထုတ်မှ ယူပါ ငါ့သား ”

ဟု နွမ်းလျလျ ပြောဆိုသံများကြားမှ

“အမေဆူမယ်ဗျာ”
“ မင်းအမေကို အဒေါ်ကြီး ဆက်ဆက်လာပြောပြပါ့မယ်”

ဤသို့ဖြင့် ညနေ အိမ်အပြန်လမ်း၌ ကျနော်၏ ဗန်းလေးသည် ပေါ့ပါးလျှက်။ စာရင်းထဲတွင် အကြွေးစာရင်း များက လေးလံလျှက်။ လစာထုတ်ရက်တိုင်း ကျနော်၏ အိပ်ကလေးထဲ၌ အကြွေးစာရင်းကို ထည့်ကာ ရဲဘော်များ၏ လိုင်းတကာလှည့်၍ အကြွေးတောင်းရတိုင်း စိတ်ပန်းကိုယ်နွမ်းဖြစ်ရသည်။ ကိုယ်နွမ်းသည်က ခြေတိုအောင် လိုက်လျှောက် လှည့်လည်တောင်းရခြင်း။ စိတ်နွမ်းသည်က....................။

“ ဒီတလတော့ မဆပ်နိုင်ဘူး ငါ့သားရယ် နောက်လမှပဲပေါင်းယူပါ .........”
“ ဒီနေ့ထုတ်တဲ့လစာ ခလေးတွေ ကျောင်းစရိတ်ထဲကို ထည့်လိုက်ရလို့ပါ .........”

ဟု ပြောလိုက်သော အသံများစွာက ကျနော့်၏ ရင်ကို ထိတ်စေခဲ့သည်။ အိမ်အပြန်လမ်းတွင် အမေဆူတော့ မည်။
တပ်မိသားစုဝင်များ၏ ထိုထိုဘ၀များစွာ ထဲ၌ ကျနော်သည် အနှစ်(၂၀)ကျော် မျှောပါရွက်လွင့်ခဲ့ရ ............။
ထိုအနှစ် (၂၀)ကျော်ထဲမှ ဘ၀အပိုင်းအစများ ................။

မနက်ခင်းစောစောထ ဈေးရောင်းပြီးသည်နှင့် (၉)နာရီ ကျောင်းတက်မှီရန် ကျောင်းကားစောင့်ကြရသည်။
ထမင်းဘူးအပြားလေးပေါ်၌ ရောင်စုံလက်ကိုင်ပုဝါများဖြင့်ပါတ်၍ ကိုယ်လေးမတ်ကာ ထိုင်ရင်း စောင်းငဲ့ကြည့်သွားသော ထိုကားပေါ်မှ ထိုလူငယ်များကို ကားအောက်မှ ရဲဘော်သားသမီးများက ငေးမော၍ ကြည့်နေကြသည်။ ကျနော်တို့က သူတို့ကို ဗိုလ်သားများဟု ခေါ်ကြသည်။ ဗိုလ်သားကားတွေလာပြီဟေ့ အော်လိုက်သံနှင့်အတူ မာစတာဂျစ်ပေါ်တွင် ကော့ကော့လေးထိုင်သွားကြသော အရာရှိသားများကို ကြည့်ရင်း ကျနော်တို့၏ဘ၀ကို မချိတင်ကဲ ဖြစ်မိရသည်။ မုန်စားကျောင်းဆင်းသည်နှင့် ကျနော်တို့၏ ဖွင့်လိုက်သော ထမင်းဗူးများသည် ပြိုင်တူညှိ၍ ချက်ထားသည့်အလား။ ချဉ်ပေါင်ကျော်၊ မျှစ်ကျော်၊ သူတို့အထဲ၌ ကြက်သားကြော်၊ ကားပျက်၍ ကျောင်းကားလာမကြိုနိုင်သော ရက်များတွင် ရဲဘော်သားသမီးများက (၇)မိုင်ကျော်ခရီးကို ခြေလျှင်သုတ်နေရသော်လည်း မာဇဒါကား အစိမ်းရောင်လေးပေါ်မှ ကြည့်သွားသော ထိုပြုံးစစ အကြည့်စိမ်းများသည် ဗိုလ်သားနှင့် ရဲဘော်သားကို ခွဲခြားစေခဲ့သည်။

ထိုရက်က ကျနော်တို့ ရဲဘော်လိုင်းတွင် အိမ်ထောင်သည်စစ်သည်များ၏ သားသမီး ကာလသားများ စုဝေးကာ တီးတိုးတီးတိုး လုပ်နေကြသည်။

“ ဒီည အရာရှိမက်စ်မှာ ဟိုကားပြမယ်”
“ဟုတ်လား”
“အေးဟုတ်တယ်”
“သွားကြည့်မယ်ကွာ”

ကျနော်တို့သည် ထိုငြိမ်သက်နေသော အရာရှိမက်စ် (mass)ဆီသို့ ဦးတည်နေသည်။ တတပ်လုံးတွင် တလုံးတည်းရှိသေးသော တီဗွီရှေ့၌ အရာရှိများစွာ သက်ပြင်းရှည်ချသံ များစွာကြားနေရသည်။ ကျနော်တို့ လူပျိုပေါက်လေးများသည် နောက်တွင် ကုပ်ကုပ်လေး ပုန်းလျှိုးကွယ်လျှိုးလျှက်။ သိပ်မကြာခင် အာအက်စ်အိုင်ကြီး ရောက်လာသည်။

“ဟေ့ကောင်တွေ မင်းတို့ဘာလာလုပ်တာတုံး”
“ကျနော်တို့ ဗွီဒီယိုလာကြည့်တာ”
“ဒီမှာ လူကြီးတွေကြည့်နေတာ မင်းတို့မသိဘူးလား၊ အခုထွက်၊ မထွက်ရင် ဖမ်းချုပ်ပစ်မယ်”

တပ်မိသားစုပျော်ရွှင်ရေးအတွက် တပ်ပိုင်ပစ္စည်းကို သူတို့ပစ္စည်းကဲ့သို့ အသုံးပြုနေသော ထိုသူများအတွက် ထိုရက်က ထိုမက်စ် (အရာရှိများစုဝေးရာစားရိပ်သာ၊ အဖျော်ယမကာမျိုးစုံရသည်) ခေါင်မိုးပေါ်သို့ ကျနော်တို့ ခဲမိုးရွာချခဲ့သည်။

ဗိုလ်သားနှင့် ရဲဘော်သား ခွဲခြားကွဲပြားမှုများ။
အရာရှိဘ၀နှင့် ရဲဘော်များ၏ ကွဲပြားခွဲခြားမှုများ။

ဆရာဆီရောက်သွားတော့ ဆရာငိုင်နေသည်ကို တွေ့ရသည်။ သူ၏အမည်သည်ကား တပ်ကြပ် ဘော်ဇံ၊ စစ်သက် (၇)နှစ်ကျော်ရှိပြီ။

“ ဆရာဘာဖြစ်လို့လဲဆရာ”
“ငါထွက်ခွင့်တောင်းတာ ပေးမထွက်ဘူးကွာ ငါထွက်ခြင်နေပြီ။ ဒီတပ်ထဲမှာနေရတာ ကျွန်လိုဘဲကွ၊ ဟိုလူကခိုင်းလိုက် ဟိုလူကဟောက်လိုက်နဲ့။ ဟိုတရက်က ဗိုလ်ပေါက်စကွာ ငါကလမ်းသွားရင်းနဲ့ ကိုယ့်အတွေးနဲ့ကိုယ်သွားနေတော့ ဘယ်မြင်မိလိုက် မလဲကွာ၊ သူ့ကို ဂရုမစိုက်ဘူး အလေးမပြုဘူးလို့ဆိုပြီး ငါ့ကို ထိုးကြိတ်သွားတယ်။ ယူနီဖေါင်းနဲ့မို့ပေါ့ကွာ။ အပြင်မှာဆိုရင် ဒီကောင်တော့မလွယ်ဘူး”

ဟု ဆရာက ကျနော့်ကို ရင်နာနာနှင့် ရင်ဖွင့်ပြသည်။ သူသည် စစ်တပ်ကိုသာမက တပ်မတော်ကိုပါ အထင်ကြီးစိတ် နည်းပါးသွားကြောင်း သိလိုက်ရသည်။

“စစ်သားလုပ်ခြင်လို့ဝင်လာတာ ဒီထဲမှာ ဘူဇွာတွေနဲ့ ကပ်ဖါးရပ်ဖါးတွေ၊ အထက်ဖါးအောက်ဖိတွေ၊ ရရင်ရသလို ခိုးတဲ့လူတွေနဲ့ပဲ လာတွေ့နေရတယ်။ ရာထူးကြီးလေ သူခိုးကြီးလေဘဲ။ ရရင်ရသလို အချောင်နိုက်စားနေကြတာကွ။ ငါတို့တိုက်ခိုက်ရေးသမားတွေက ခြေပြတ်လက်ပြတ်ဘဲရမှာ။ နောက်တန်းမှာ ထိုင်နေတဲ့ကောင်တွေကတော့ တပ်ရိက္ခာဘုန်း၊ တပ်ပစ္စည်းတွေဘုန်း၊ နောက်ကိုယ့်ရဲဘော်ရဲ့ မယားကိုတောင် မရှောင်တော့ဘူး။ လစ်ရင်လစ်သလို အုပ်နေကြတာ။ စည်းမရှိ၊ ကမ်းမရှိတဲ့ တပ်မတော်ဖြစ်ကုန်ပြီကွ”

ဟု ပြောသော ဆရာ၏ ရင်ထုမနာသံကို ကြားလိုက်ရသည်။ ကျနော့်အား အင်္ဂလိပ်စာသင်ပေးခဲ့သော ဆရာသည် ထွက်ခွင့်ရရန် အမျိုးမျိုးကြံစည်ရင်း စစ်တပ်ကို ကျောခိုင်းကာ တဖက်နိုင်ငံ၌ ရရာအလုပ် လုပ်စားနေသည့် သတင်းကိုသာကြားလိုက်မိသည်။ ဆရာ၏ ရင်ထုမနာသံနှင့်အတူ .....

တရက်။
ဗိုလ်ကြီးသန်းဦး တယောက် မိမိကိုယ်ကို ပစ်သတ်လိုက်သည့် သတင်းက ကျနော်တို့ တပ်အတွင်းတွင် သတင်းကြီးသွားခဲ့သည်၊၊ သူ၏နေအိမ် အရာရှိလိုင်း၌ ဖြစ်သည်။ ထိုအိမ်သို့ သွားဝိုင်းသော ရဲဘော်များက အခင်းဖြစ်ပွားခြင်းခြင်း အိမ်အနီးနားသို့မည်သူမျှ မကပ်ရဲကြ။ သူ့ကိုယ်သူ မပစ်သတ်မှီ သူ့မိန်းမကို အရင်ပစ်သတ်သည်။ နောက် သူ့ခလေးကို ပစ်သတ်ပြီးနောက် သူရဲ့ပစ္စတို ဘရောင်နင်ဖြင့် သူ့နားထင်ကို တေ့၍ ပစ်သတ်လိုက်တော့သည်။ ထိုစဉ်က (၁၉၈၀) ကျော်ကာလ။ ကျနော်က ထိုကိစ္စနှင့်ပါတ်သက်၍ အဖေ့ကို မေးကြည့်မိသည်။ အဖေသည် အဖြေကိုမပြော။ သူစစ်မှုထမ်းစဉ် လူပျိုဘ၀ ဘားတိုက်ဆောင်အတွင်း လူသတ်မှုအကြောင်းကို ပြန်လည် ပြောပြခဲ့သည်။

“အဲဒီရက်က ဒီကောင်က ညပိုင်းဂျူတီကျတော့ ကင်းစောင့်ဖို့ စခန်းကနေ ဂျီသရီးသေနတ် ထုတ်ပေးထားတယ်။ လုပ်ငန်းခွင်က ဘာစိတ်ညစ်လာလဲမသိဘူး။ အဆောင်လည်းရောက်ရော မောင်းတင်ပြီး ပစ်လိုက်တာ ရဲဘော်ခုနှစ်ယောက်တောင် သေသွားတယ်။ လုပ်ငန်းခွင်ကလည်း စိတ်ညစ်လာ။ အမြဲအဆူအငေါက်၊ အခြိမ်းအခြောက်ခံရ။ နောက်အဆောင်မှာရှိတဲ့ ရဲဘော်တွေကလည်း သူ့ကို အနူကြီးလို့ သွားစလိုက်မိတယ်။ လက်ထဲမှာပေါက်နေတဲ့အနာကို မင်းနူနေပြီလို့ သွားပြောလိုက်တော့ လူ့ဂုဏ်သိက္ခာ အစော်ကားခံလိုက်ရသလို ဖြစ်သွားတာ”

“ ဗိုလ်ကြီးသန်းဦး ကိစ္စကလည်း သူ့တပ်တွင်းမှာ အထက်အောက် ခွဲခြားဆက်ဆံမှုတွေက သူ့ဂုဏ်သိက္ခာကို စော်ကားခံခဲ့ရတာကစပြီး အိမ်ထောင်ရေး ကတောက်ကစဖြစ်တော့ ဒီပြသနာတွေက အိမ်ထောင်ရေးထဲမှာ ပါလာ၊ ကိုယ့်မိသားစု တစုလုံးပါ ပစ်သတ်လိုက်တဲ့အထိကို ဆိုးဝါးသွားတာဖြစ်တယ် ”

ဟု အဖေပြောတော့ လူ့ဂုဏ်သိက္ခာကို အမှတ်ရစေခဲ့သည်။

အခွင့်အလမ်းမဲ့မှု၊ တပ်မိသားစုဝင်များ၏ အထွေထွေဆင်းရဲကြပ်တည်းမှု၊ အခွင့်ထူးခံမှု၊ ကွဲပြားခြားနားမှု။ ဂုဏ်သိက္ခာမဲ့မှုများက ကျနော်၏ တပ်အတွင်းမှီခိုမှုဘ၀ကို ပိုမိုဆင်းရဲကြပ်တည်းစေခဲ့သည်။

ထိုစဉ်က ကျနော်တို့တွင် ရှိနေသော စာအုပ်များသည်ကား ဆရာကြီးရွှေဥဒေါင်း၏ စာအုပ်များသာ။ ထိုကိစ္စနှင့်ပါတ်သက်၍ အယူအဆအမျိုးမျိုးရှိခဲ့ကြသော တပ်မိသားစုဝင်များအပေါ်၌ ကျနော်၏ စာဖတ်အားသည် အယူအဆတခုဆီသို့ ဦးတည်စေခဲ့သည်။ ထိုစာအုပ်က ကျနော်တို့ တပ်အတွင်းနေခဲ့ကြသည့် လူငယ်များအပေါ် ကျနော်တို့နားလည်သလောက်ခံယူနိုင်သလောက် သူသည် ဤသို့ပေးခေါ်ခဲ့သည့်နေမှစ၍ ကျနော်တို့ အော်တိုဆပ်ဂျပ်ရှင်း(မိမိကိုယ်ကိုယ် အမိန်ပေးခြင်း၊ ဤ အလုပ်ကို မိမိလုပ်ကိုလုပ်နိုင်ရမည်။ မိမိလုပ်လျှင်အောင်မြင်မည်။ ဆိုသည့်အရာကို မနက်တိုင်းတွင် အကြိမ်ကြိမ်အခါခါ လုပ်ဆောင်ခိုင်းစေခြင်း) လုပ်ကြသည်။ ငါ .... ဆယ်တန်းအောင်ရမည်။ ဗိုလ်ဖြစ်ရမည်။ တချို့ကဆိုသည်။ ငါ ..... စီးပွားရေးသမားဖြစ်ရမည်၊၊ ငါ ..... ပညာတတ်ဖြစ်ရမည်။ အားလုံးက ကိုယ့်ကိုကိုယ် အမိန့်ပေး မွေးမြူခဲ့ကြလေသည်။

သို့သော် မဆလပါတီ စနစ်ကြီးက ထိုသို့ဖြစ်ရန် တွန်းအားမပေးခဲ့။ မတိုက်တွန်းခဲ့။ အလေးမထားခဲ့။ နောက်ဆုံးကျနော်တို့ ပညာတတ်များ မဆလစနစ်အောက်၌ သူ၏၀န်ထမ်းဘ၀သို့ရောက်ရန် စနစ်ကိုယ်တိုင်က မောင်းသွင်းခဲ့ကြသဖြင့် ကျနော်တဦးမှလွဲ၍ ကျန်သည့်လူများ မှားယွင်းသည့် စနစ်အောက်၌ ၀မ်းစာရေးအတွက် နှစ်မြုပ်ခဲ့ကြသည်။ ထားရာနေ စေရာသွား ခိုင်းသည့်နွားပမာ ထိုစနစ်အောက်သို့ရောက်ခဲ့ကြရပြီး ဘ၀ကို ရေစုန်မျှောသွားခဲ့ရသည့် သူများကို နှစ်မျှောတသမိသည်။ ယခု သူတို့သည် အသက်ရှင်လျှက် မရှိကြတော့။ ယုံကြည်ချက် အားလုံးဖျက်ဆီးချေမှုန်းခံရသဖြင့် ဘ၀ကို အလျားလိုက်ကူးရင်း (အနံလိုက်မဟုတ်) ရေစုန်မှာ မျှောပါခဲ့ကြလေပြီ။

ဤသို့ဖြင့် ကျနော်တို့ တပ်တွင်းလူငယ်များသည်လည်းကောင်း၊ တပ်မိသားစုများ၏ ဆွေမျိုးသားချင်း များသည်လည်းကောင်း ၀မ်းစာရှာဖွေရေးအတွက် လုံလောက်သည့်အတွေးအခေါ်များ၊ ဖူလုံကြွယ်ဝသည့် ကုန်စည်ကူးသန်းမှုမရှိမှုများ၊ ဈေးကွက်စီးပွားရေး ရှင်သန်မှု မရှိမှုများက နောက်ဆုံး တပ်မတော်အတွင်းသို့ ၀င်ရောက်ရန် တွန်းအားပေးခဲ့လေသည်။
တပ်မတော်အတွင်းသို့ ၀င်ရောက်ရန်အခြေအနေပေးခဲ့သော် ကျနော်၏ အဖေဘ၀များကဲ့သို့ ကျနော်၏ ငယ်သူငယ်ချင်းများသည်လည်း ခြေရာခံလိုက်ကြရလေပြီ။
အဖေသည် တပ်ကထွက်ခြင်သော်လည်း မထွက်ရဲ။ ဘ၀များက ထွက်ဖြစ်အောင်တိုက်တွန်းနေသော်လည်း ရုပ်ဘ၀အခြေအနေများက အဖေ့ကိုမပေးစွမ်းနိုင်ခဲ့။ ငါတပ်ကထွက်လိုက်ရင်ဆိုသောအသိ ....................

ငါ့ ... သားသမီးပညာရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးကို ငါ .... ဘယ်လောက် စွမ်းဆောင် နိုင်မည်နည်း......?

ငါ ... တပ်က ထွက်လိုက်ရင်ဖြင့် ငါ့ .... သားသမီးတွေရဲ့ ဘ၀တွေကို ဖျက်စီးရာရောက်တော့မည်လား .....?

ငါ ... ဘယ်မှာသွားနေရမည်နည်း .......?

ဤသို့ဖြင့် စစ်သားဟောင်းကြီးများသည် အခြေခံကြသည့် ထိုအထက်ပါအတွေးအခေါ်များဖြင့် တပ်ထဲ၌ တပ်ကြာကြီးဖြစ်ကာ တပ်ကထွက်သော် တပ်၏မြေနဘေး၌ သေစာရှင်စာ မြေတကွက်လေး၌သာလျှင် ရှင်သန်ခွင့် အသက်ရှူခွင့်ကို ရခဲ့လေသည်။
သူတို့သည် သူတို့ဘ၀တခုလုံးကို တပ်တခုအတွက် မြုပ်နှံခဲ့ကြသော်လည်း စစ်တပ်သည် ထိုသူတို့အတွက် မျက်နှာသာမပေးခဲ့ပါ။ လိုသည့်အချိန်များ၌ အသုံးချမည် မလိုလျှင် စွန့်ပယ်ထားခြင်းခံရသော ထိုစစ်သားအိုများ၏ဘ၀အား စစ်သားပျိုတယေက်အနေဖြင့် ကိုယ်ချင်းစာနာမိလေသည်။ အဖေပြောခဲ့သည့် စစ်သားဘ၀နှင့် စစ်တပ်ဘ၀ကို ပို၍ ပို၍ နားလည်အောင် ကျနော် အများကြီး လေ့လာရအုံးမည်။ တိုင်းပြည်၏ တပ်မတော်၌ ဆက်လက်ပုခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် အရာရှိငယ်များအနေဖြင့် အထက်ပါဖြစ်ရပ်များအား သင်ခန်းစာယူ၍ တပ်အုပ်ချုပ်ရေး၊ တပ်ပြုပြင်ရေး၊ တပ်တွင်းထု၏ ခံစားချက်များကို ပိုမိုသိမြင်နားလည် သဘောပေါက်အောင် ကြံဆောင်ကြိုးစားနိုင်ကြပါစေ ...........................................။

ဥတ္တရကျော်
၂၅-၃-၂၀၀၈

အပိုင်း(၂) မျှော်

မှတ်ချက်။ ။ ဤဆောင်းပါး ပေးပို့သော ဆရာ ဥတ္တရကျော် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ါ...


Summary

Rest of your post

Sunday, March 23, 2008

ချေဂွေဗားရား ဖျော်ရည်များ သံချပ်”

ထွန်းလင်း

Image and video hosting by TinyPic Image and video hosting by TinyPic


၁၉၈၈ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းတွင် နယ်မြေဒေသအလိုက် ထိုင်းမြန်မာနယ်စပ် ကေအင်န်ယူ ထိန်းချုပ်ရာ ဒေသတွင် ABSDF (ဗဟို) ကျောင်းသားတပ်မတော် (ဗဟို) အနေဖြင့် ပေါ်ပေါက်ခဲ့ပြီး ၎င်း၏ နိုင်ငံရေး ဦးဆောင်မှုအောက်မှနေ၍ မြန်မာပြည် (မြောက်ပိုင်း) တရုတ် မြန်မာနယ်စပ် ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေတွင် ABSDF(NB) ကျောင်းသားတပ်မတော် (မြောက်ပိုင်း) လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ပေါ်ထွန်းလာခဲ့သည်။


ယင်းကဲ့သို့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အနေဖြင့် ပေါ်ထွန်းလာပြီး စစ်ဆင်ရေးများကို
ဆင်နွဲနေသော်လည်း တဖက်မှနေ၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပပျောက်ခြင်း မရှိစေရန်အတွက် လည်းကောင်း၊ အာဏာသိမ်း စစ်အုပ်စုများ သရုပ်မှန်များကို ဖေါ်ပြလိုသည့် အတွက်လည်းကောင်း၊ သမိုင်းမှန်များကို ထင်ကျန်ရစ်စေရန်အတွက်လည်းကောင်း စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)မှ နေ၍ “ချေဂွေဗားရား ဖျော်ရည်များ” အမည်ရှိ သံချပ်ခွေအား ၁၉၉၆ခုနှစ် သင်္ကြန်ကာလတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ တော်လှန်ရေးနယ်မြေရောက် အဖွဲ့အစည်း အသီးသီး ရှိခဲ့ကြသော်လည်း ယခုကဲ့သို့ သံချပ်ခွေထုတ်ဝေဖြန့်ချိခြင်း ယင်းအချိန်ထိ မည်သည့် အဖွဲ့အစည်းမျှ ပြုလုပ်ခဲ့ဘူးခြင်း မရှိသလို တော်လှန်ရေးနယ်မြေရောက် ပထမဦးဆုံးသော သံချပ်ခွေလည်းဖြစ်ပါသည်။

၁၉၉၄ ခုနှစ်တွင် ကေအိုင်အေနှင့်နအဖ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း မိမိတို့ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များသည် ကေအိုင်အေဖြင့် တွဲဖက်လှုပ်ရှားနေသော ရှေ့တန်းစစ်မျက်နှာများမှ ဆုတ်ခွာလာခဲ့ရပြီး နောင်ရာပါ ဒေသတွင် တပ်ရင်းစိုက် အခြေချ နေထိုင်ခဲ့ရသည်။ ယင်းကဲ့သို့ နောက်တန်းတွင်
နေထိုင်နေရသည့် အချိန်တွင် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)အနေဖြင့် ရဲဘော်များ၏ စိတ်ဓါတ်ကြံ့ခိုင်ရေး၊ သဘောတရား မွမ်းမံသင်တန်းများ ဖွင့်လှစ်ခြင်းများ၊ စစ်ဆင်ရေး မွမ်းမံသင်တန်းများ သင်ကြားပေးခြင်း၊ စာပေမတတ်ခဲ့သော ရဲဘော်ရဲမေများအား ကျောင်းဆောက်လုပ်ပြီး အခြေခံမူလတန်း ကျောင်းစာပေများ သင်ကြားပေးခြင်းများ၊ မိမိတို့တပ်ရိက္ခာနှင့် ဒေသနေပြည်သူများ သက်သာချောင်ချိ စေရန်အတွက် စိုက်ပျိုးမွေးမြူရေးများ ပြုလုပ်၍ နေထိုင်နေခဲ့ရသည်။

၁၉၉၆ခု သင်္ကြန်ကာလသို့ ရောက်ရှိချိန်တွင် တဘက်မှလည်း စစ်ရေးမွမ်းမံလေ့ကျင့်မှုများ၊ စိတ်ဓါတ်ကြံခိုင်ရေးများ၊ သဘောတရားရေးသင်းတန်းများ ဘက်စုံပြည့်ဝခိုင်မာသည့် ကျောင်းသားတပ်မတော်ဖြစ်မြောက်အောင် ပြုလုပ်နေသလို တဖက်မှလဲ မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်မြင့်တင်ရေးဌာန (People Ralation and Encourage
Team) မှ ဦးစီးကာ သံချပ်ခွေထုတ်ဝေဖြန့်ချိရန် ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရာတွင် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ရှိ တပ်ရင်းများနှင့် ရုံးဌာနအသီးသီးမှ ရဲဘော်များအားလုံးသို့ ရေသားသီကုံး ခိုင်းခဲ့ပြီး ရရှိလာသော သံချပ်များအား စုစည်းကာ “ချေဂွေဗားရားဖျော်ရည်များ” အမည်ဖြင့် သံချပ်ခွေကို ထုတ်ဝေဖြန့်ချိ ခဲ့ခြင်းဖြစ်သည်၊၊


အဆိုပါ သံချပ်ခွေ အမည်နာမနှင့် ပတ်သက်၍ သံချပ်ခွေအမည်နာမ ရွေးချယ်ပေးခဲ့သူ ကျောင်းသားရဲဘော်တဦး၏ ပြောပြချက်အရ သံချပ်ခွေခေါင်စဉ်အား “တော်လှန်သူတို့၏သင်္ကြန်” ဟု အစကနဦးက သတ်မှတ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် တော်လှန်သူတို့ ဆိုသော စာသားအစား တချိန်က တောင်အမေရိကတိုက်တွင် လက်နက်ကိုင်တော်လှန်ရေး သမားတဦးအဖြစ် ထင်ရှားခဲ့သော ချေကွေဗားရား အမည်အား လက်နက်ကိုင် တော်လှန်ရေးသမားများ၏ သင်္ကေတအဖြစ် သုံးထားခဲ့ပြီး မြန်မာ့ရိုးရာအတာ သင်္ကြန်၏ သင်္ကေတအဖြစ် ဖျော်ရည်ကို ယူကာ ယခုလို “ချေဂွေဗားရား ဖျော်ရည်များ” အမည်သို့ပြောင်းလဲ သတ်မှတ်ခဲ့သည်ဟု သိရှိရသည်၊

၁၉၉၇ ခုနှစ် ရောက်ရှိချိန်တွင် မိမိတို့ကျောင်းသားတပ်မတော်သည် ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေအတွင်းတွင် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အသွင်ဖြင့် ဆက်လက် ရပ်တည်ခွင့် မရရှိခဲ့တော့ချေ။ သို့ဖြစ်၍ မိမိတို့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များသည် ယင်းနယ်မြေမှ စွန့်ခွာက အခြား လက်နက်ကိုင် တော်လှန်နေသော တိုင်းရင်းအဖွဲ့အစည်းများထံ ပူးပေါင်း၍ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွဲ၍ လည်းကောင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ပူးပေါင်းမှုမရရှိခဲ့ပဲ ကျန်ရှိနေသော ရဲဘော်များမှလည်းကောင်း မိမိတို့ ကျောင်းသားတပ်မတော်၏ ရည်မှန်းချက်၊ ဦးတည်ချက် များကို ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး တိုက်ပွဲဝင်လျက် ရှိနေခဲ့ပါသည်၊၊ အသွင်ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တွန်းလှန်နေလျက် ရှိနေကြပါသည်။ သို့သော် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) အနေဖြင့် ဆက်လက်၍ သံချပ်ခွေများအား ထုတ်လုပ်ဖြန့်ချိနိုင်မှု မပြုလုပ်နိုင်ခဲ့တော့ချေ။

ယခုလို ၂၀၀၈ခုနှစ် သင်္ကြန်ရောက်လာတော့မည့် ကာလတွင် ၁၉၉၆ခုနှစ် အာဏာသိမ်း စစ်အုပ်များ၏ သရုပ်မှန်များ၊ မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေမှန်များ၊ န၀တ စစ်အစိုးရလက်အောက် ပြည်သူများ၏ ဖြစ်ပေါ်ခဲ့သော လူမှုဒုက္ခ အ၀၀ အထွေထွေ တို့ကို နှိုင်းယှဉ် လေ့လာ ပြန်လည် အမှတ်ရ သိရှိနိုင်ရန် အတွက် ယခုလို မြန်မာပြည် အနောက်ပိုင်း အိန္ဒိယနယ်စပ်မှ နေ၍ “ဘုန်းဘုန်းချမှ လုံးလုံးရမည်” ဆိုသည့် သံချပ် ထုတ်ဝေဖြန့်ချိ လာချိန်တွင် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)မှ ထုတ်ဝေဖြန့်ချိခဲ့ဘူးသော “ချေဂွေဗားရား ဖျော်ရည်များ” အမည်ရှိ သံချပ်ခွေအား ပြန်လည် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ပါသည်။

Rest of your post