Sunday, April 27, 2008

“နအဖဖွဲ့စည်းပုံထောက်ခံမဲ နှင့် တိုင်းရင်းသား အပစ်ရပ်ငြိမ်းအဖွဲ့များ”

ရဲဘော်ထွန်းလင်း
၂၆-၄-၂၀၀၈


နအဖသည် ယခင် ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးသည့်နောက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကို အသုံးချကာ ၎င်းတို့စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခဲ့ပြီးဖြစ်သည်။ ယင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုင်းရင်းသား လူမျိုးစုအဖွဲ့များမှလည်း မိမိတို့၏ သဘောထားဆန္ဒများကို ရေးဆွဲ အတည်ပြုနိုင်ရေး တင်ပြထားရှိခဲ့ကြပြီး ဖြစ်သည်။ သို့သော် ယခုဆိုလျှင် တိုင်းရင်းသား လူမျိုးစုအဖွဲ့များ၏ တင်ပြချက်များကို လစ်လျူရှု့ကာ စစ်အစိုးရ စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သည်။

ယခုလည်း နအဖမှ ကျင်းပပြုလုပ်လာတော့မည့် မေလ (၁၀)ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု နိုင်ရေး ဆန္ဒခံယူပွဲတွင် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် လူမျိုးစုအဖွဲ့အစည်းဒေသများရှိ ပြည်သူလူထု များကို အသုံးချကာ ၎င်းတို့အတွက် ထောက်ခံမဲရရှိရေးကို ပြုလုပ်နေလျှက်ရှိနေသည်။

ယခုအချိန်ထိ နအဖအနေဖြင့်လည်း လက်နက်ကိုင် အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ၏ မဲပေးရေး သဘောထား ဆန္ဒကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့အစည်းများ မှလည်း နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး ဆန္ဒမဲပေးပွဲတွင် မိမိတို့၏ အခြေခံဒေသရှိ ပြည်သူလူထုများ၊ မိမိတို့တပ်ဖွဲ့ဝင်များအပေါ် ထောက်ခံရန် (သို့မဟုတ်) ကန့်ကွက်ရန် ဆိုသည့် တရားဝင် သဘောထား ထုတ်ပြန်ချက်များ ချမှတ်ထုတ်ပြန်ပေးထားခြင်း မရှိသေးချေ။

သို့သော်လည်း နအဖအနေဖြင့် အပစ်ရပ် တိုင်းရင်းသားငြိမ်းအဖွဲ့ပိုင်နယ်မြေများတွင် မဲရုံများကြိုတင် သတ်မှတ်ပေးထားပြီး မဲပေးပိုင်ခွင့် ဦးရေများကို လျို့ဝှက်အကြောင်းကြား တရားဝင်ထုတ်ပြန်ပေးထားပြီး ဖြစ်သည်။ ဤကဲ့သို့ ထုတ်ပြန်ပေးပြီး နောက်ပိုင်းတွင် အချို့တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုနိုင်ရေး ဆန္ဒမဲပေးရန်အပေါ် အချို့အဖွဲ့များသည် မိမိပိုင်နယ်မြေအတွင်း ထောက်ခံမဲကိုသာပေးရန်အတွက် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် ညွန်ကြားထားရှိပြီး အချို့အဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များအပေါ် မည့်သည့် လမ်းညွန်မှုမျှ မပြုလုပ်ပဲ ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များ၏ သဘောဆန္ဒအတိုင်းသာ လုပ်ဆောင်စေလိုသည့်သဘော မိမိတို့ဘာသာ ဆုံးဖြတ်ကြစေရန် ဆိုသည့် သဘောဖြင့် မည်သို့မျှ ညွန်ကြားခြင်းများ မရှိကြောင်းကိုလည်း တွေ့ရှိရသည်။

တရုတ်-မြန်မာနယ်စပ်ဒေသရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များတွင် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံမဲပေးရန် ကချင်အထူးဒေသ(၁) NDAK ဦးဇဂုန်တိန့်ယိန်း အဖွဲ့နှင့် ရှမ်းအထူးဒေသ (၅) KDA မထုနော် အဖွဲ့တို့အနေဖြင့် ထောက်ခံမဲသာပေးကြရန် ညွန်ကြားထားရှိ ကြသည်။ ကချင်အထူးဒေသ (၁) ဦးဇဂုန်တိန့်ယိန်း အဖွဲ့နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၆၉၄)ဦး၊ မဲရုံစုစုပေါင်း (၄)ရုံအဖြစ် နအဖမှ သတ်မှတ်ထားရှိပေးထားသည်။ နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲအတွက် အဓိက ထောက်ခံမဲရမည့် ဒေသဖြစ်သလို ထောက်ခံမဲပေါင်းလည်း (၃၆၉၄)ရရှိမှာ ဖြစ်ပါသည်။ ရှမ်းအထူးဒေသ(၅) KDA မထုနော် အဖွဲ့အနေဖြင့်လည်း မဲပေးနိုင်ခွင့်ရှိသူနှင့် မဲရုံအရေအတွက်ကို မသိရှိသော်လည်း ၎င်းတို့အဖွဲ့သည်လည်း ဦးဇဂုန်တိန့်ယိန်း အဖွဲ့ကဲ့သို့ပင် နအဖ၏ စစ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အဓိက ထောက်ခံမဲရမည့် ဒေသလည်းဖြစ်နေပါသည်။

ကချင်အထူးဒေသ(၁) KIO အဖွဲ့၊ ရှမ်းအထူးဒေသ (၁) ကိုးကန့်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KDUP) အဖွဲ့၊ ရှမ်းအထူးဒေသ (၂) “၀”အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (WNDP) အဖွဲ့၊ SSA(N)အဖွဲ့ နှင့် ဦးစိုင်းလင်း ဦးဆောင်သော ရှမ်းအထူးဒေသ (၄) တို့သည် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုရေး ထောက်ခံမဲပေးခြင်းကို မည်သည့်သဘောထားမျှ ထုတ်ပြန်ထားခြင်း မရှိသလို မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုများနှင့် တပ်ဖွဲ့ဝင်များကိုလည်း မည်သည့် သဘောထားမျှချပြ ထုတ်ပြန်ပေးထားခြင်းမရှိကြပါ။

ကချင်အထူးဒေသ(၁) KIO အဖွဲ့ နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၂၆၆၉)ဦး၊ မဲရုံစုစုပေါင်း (၆၃)ရုံအဖြစ် နအဖ မှ သတ်မှတ်ထားရှိပေးထားကြောင်း သိရှိရသည်။ ရှမ်းအထူးဒေသ(၁) ကိုးကန့်အဖွဲ့ အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူဦးရေး စုစုပေါင်း (၇၂၀၀၀)သတ်မှတ်ထားရှိ ပေးထားပြီး မဲရုံပေါင်း (၂၀)အထိ သတ်မှတ်ပေးထားသည်။ နအဖအနေဖြင့် မိမိတို့၏ စစ်အုပ်ချုပ်ရေးဖွဲ့စည်းပုံ အတည်ပြုရေးအတွက် ထောက်ခံမဲ အသင့်သင့် ရရှိသွားနိုင်ပေသည်။

ရှမ်းအထူးဒေသ(၁) ကိုးကန့်ဒေသသည် လွန်ခဲ့သည့် ၂၀၀၀ခုနှစ်တွင် ကိုးကန့်အဖွဲ့အတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် နအဖ အုပ်ချုပ်ရေးကို အဓိက စိုးမိုးချယ်လှယ်လာခဲ့သော ဒေသလည်းဖြစ်သည်။ ကိုးကန့်ဒေသသည် အဓိက တရုတ်လူမျိုးများ အများဆုံးနေထိုင်ရာဒေသဖြစ်ပြီး ယင်းဒေသအနေဖြင့် ယခုပြုတ်ကျသွားပြီးဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်တွင် နအဖမှ အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်နေချိန်တွင် ကိုးကန့်ဒေသ အဖြစ်သတ်မှတ်ပေးခဲ့သော ဒေသဖြစ်သည်။ ယခုလက်ရှိနိုင်ငံရေးတွင်လည်း နအဖအနေဖြင့် ၎င်းတို့ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုနိုင်ရေးအတွက် ကိုးကန့်ဒေသအတွင်းရှိ တရုတ်လူမျိုးများအား အသုံးချ၍ ထောက်ခံမဲရယူလိုနေပေသည်။ တဖက်အနေဖြင့် လည်း ယခုလို ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုရေးတွင် မိမိတို့အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ဦးရေများများ ရရှိရေးနှင့် မဲရုံများ များပြားစွာ ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်ရေး၊ မိမိနယ်မြေ အတည်ပြုနိုင်ရေး ကိုသာ အဓိကကျနေပေသည်။ သို့အတွက် နှစ်ဦးနှစ်ဖက်အကြားတွင် နအဖအနေဖြင့် ၎င်းတို့အတွက် ထောက်ခံမဲ အတော်အတန် ရရှိနိုင်သော ဒေသဖြစ်နေပေသည်။

၎င်းကိုးကန့်အဖွဲ့နှင့် ဆန်ကျင်ဘက်အနေဖြင့် နယ်မြေအားဖြင့်လည်း အလွန်ကျယ်ပြန့်လျှက်ရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ မူရင်းတိုင်းရင်းသားများလည်းဖြစ်သည့် SSA(N) အဖွဲ့နယ်မြေအတွင်း နအဖ၏ မဲပေးပိုင်ခွင့်ဦးရေးကို (၅၃၀၀)သာ သတ်မှတ် ပေးထားပြီး မဲပေးပိုင်ခွင့်နယ်မြေအဖြစ် ကျေးရွာစီရင်စု (၆)စုသာ သတ်မှတ်ပေးထားသည်။ နအဖ၏ စစ်အုပ်ချုပ်ရေး အတည်မဖြစ်နိုင်ရေးအတွက် များစွာကန့်ကွက်မဲ ရရှိနိုင်သော ဒေသလည်းဖြစ်နေသည်။ သို့အတွက် နအဖအနေဖြင့် ကန့်ကွက်မဲ အများစုဖြစ်ပေါ်နိုင်သော SSA(N) အဖွဲ့တို့၏ နယ်မြေများနှင့် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထုများသတ်မှတ်ပေးခြင်းသည် များစွာ နည်းပါးလျှက်ရှိနေသည်။ ယခုကဲ့သို့ နအဖ၏ မဲပေးပိုင်ခွင့် လူဦးရေသတ်မှတ်ချက်များနှင့် မဲပေးပိုင်ခွင့် ကျေးရွာစီရင်စုများ သတ်မှတ်ပေးချက်များအပေါ် လက်တွေ့မိမိတို့အမျိုးသားအရေးအတွက် ဦးဆောင်မှု ပြုနေတဲ့ ခေါင်းဆောင်များ၏ အပေါ်များစွာ တည်မှီလျှက် ရှိနေပေလိမ့်မည်။

ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ဖြစ်ရေးသည် နအဖ သက်စိုးရှည်စေရေးအတွက် များစွာအရေးပါနေသည့် အတွက် တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် လူမျိုးစု ဒေသခံပြည်သူများကို အသုံးချကာ ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံ အတည်ဖြစ်စေရေးအတွက် ထောက်ခံမဲရရှိရန် အလွန်လိုအပ်နေပေသည်။ တိုင်းရင်းသားလူမျိုးစု အဖွဲ့များ ဒေသရှိ ပြည်သူလူထုများ၏ ထောက်ခံမဲများသည်လည်း တနိုင်ငံလုံး စစ်အစိုးရအသက်ရှင် သက်စိုးရှည် မရပ်တည်နိုင်ရေးအတွက် များစွာ အရေးပါလျှက်ရှိနေပါသည်။ သို့အတွက်ကြောင့် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့်လည်း ယခုလိုအချိန်အခါတွင် မိမိတို့၏ထောက်ခံမှုဖြင့် စစ်အာဏာရှစ်စနစ် တည်တံ့ခိုင်မြဲရေးအတွက် သမိုင်းမှာ မကျန်ရှိစေပဲ ပြည်သူလူထုအား တိကျသော နိုင်ငံရေးဦးဆောင်မှုကို ရယူကာ စစ်အာဏာရှင် သက်စိုးရှည်မည့် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၀ိုင်းဝန်းတွန်းလှန် ကန့်ကွက် သွားကြရန် အလွန်လိုအပ်လှပေကြောင်း တင်ပြလိုက်ရပါသည်။

Summary

Rest of your post
Posted by Picasa

Friday, April 25, 2008

“နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲ နှင့် ကျေးရွာလူကြီးများ စီးပွားဖြစ်နေ”

ဥတ္တရ
၂၆-၄-၂၀၀၈


ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နောင်းခိန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအာဏာပိုင်များသည် မဲရုံဆောက်လုပ်ရန်အတွက်နှင့် ၎င်းတို့ သွားလာခရီးစရိတ်များအတွက် ကျေးရွာလူထုများအပေါ် ငွေကောက်ခံနေပြီး ယင်းဒေသအတွင်း လာရောက် သစ်ထုတ်လုပ် နေသော တရုတ်သစ်ထုတ်ကုမ္ပဏီများထံမှ မဲရုံအကြောင်းပြ၍ ငွေကြေးလာဘ်ငွေများရယူကာ စီးပွားဖြစ်နေကြကြောင်း ဒေသခံများမှ တဆင့် သိရှိရသည်။

၎င်းပြင် နောင်းခိန်ကျေးရွာအုပ်စုအတွင်းတွင် ကျေးရွာပေါင်း (၅)ရွာရှိပြီး ကျေးရွာအာဏာပိုင်များ ဖြစ်ကြသော နောင်းခိန်ကျေးရွာဥက္ကဌ ဦးလမျော်လွန်းခေါင်၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦး၊ ကြံ့ဖွံ့အသင်းဝင် ရယက စာရေး ဦးဂျဖော်လွန်းခေါင် တို့သည် ရပ်ကွက် ကျေးရွာအုပ်စုအတွင်း လိုက်လံလှည့်လည်ပြီး ဒေသခံလူထုများကို ထောက်ခံမဲထည့်ရန် ထောက်ခံမဲမထည့်ပါက ထောင်ဒဏ် (၃)နှစ်နှင့် ငွေဒဏ်(၁)သိန်းကျပ် ပေးဆောင်ရမည် ဖြစ်ပြီး မပေးဆောင်နိုင်ပါက လယ်ယာမြေများကိုပင် သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောဆို စည်းရုံးနေလျှက် ရှိကြောင်း သိရှိရသည်။

ယင်းနောင်းခိန်ကျေးရွာအုပ်စုအနီး ၀ဂမ်း တောင်ကျောပေါ်တွင် တရုတ်သစ်ထုတ်ကုမ္ပဏီများမှ သစ်ထုတ် လုပ်နေမှုများအား ၀ိုင်းမော်မြို့ အခြေစိုက် ခြေလျင်တပ်ရင်းအမှတ် (၅၈)နှင့် ကျေးရွာလူကြီးများထံသို့ ကျေးရွာလူထုများမှ သွားရောက်တိုင်ကြားခြင်းများ ပြုလုပ်ခဲ့သော်လည်း လာဘ်ငွေများ ရယူထားခြင်းကြောင့် မည်သို့မျှ အကြောင်းထူးလာခြင်း မရှိခဲ့ကြောင်းလည်း သိရှိရသည်။

ဝိုင်းမော်မြို့နှင့် (၁၄)မိုင်ခန့်အကွာ ၀ဂမ်းတောင်ကျောပေါ်တွင် သစ်တောဧရိယာ (၃၀၀၀)ဧကခန့်ရှိပြီး တရုတ်သစ်ထုတ်လုပ်ရေး ကုမ္ပဏီများမှ သစ်ခုတ်အလုပ်သမား (၃၀၀)ကျော်ဖြင့် လွန်ခဲ့သောနှစ် မတ်ခ်ျလမှ စတင်၍ သစ်ခုတ်လှဲခြင်းများ ပြုလုပ်ခဲ့ရာ ယခုနှစ်ဆိုလျှင် သစ်တောဧရိယာ (၅ပုံ၃ပုံ)ခန့် ကုန်ဆုံးခဲ့ပြီး ဒေသအတွင်းတွင်လည်း ရေခမ်းခြောက်မှုပြဿနာများ စတင်ကြုံတွေ့ လာနေရပြီ ဖြစ်ကြောင်း ဒေသခံများမှ တဆင့် သိရှိရသည်။

ဆမ်၊ ၀ဂမ်း၊ ဖလပ်၊ ဝေဒေါ့၊ မိုင်စော်ဂဂျီ၊ မိုင်စော်ကမ္ဘာ ချောင်းများသည် ၀ဂမ်းတောင်ကျောမှ စတင်ချောင်းဖျားခံ စီးဆင်းလာ ခြင်းဖြစ်ပြီး ယင်းချောင်းများပေါ် မူတည်၍ နောင်းခိန်ကျေးရွာအုပ်စုရှိ ပြည်သူလူထုသည် စိုက်ပျိုးမွေးမြူ အသက်မွေးဝမ်းကျောင်း ပြုနေကြရကြောင်း သိရှိရသည်။

Summary

Rest of your post

Thursday, April 24, 2008

NLD statement






Summary

Rest of your post
Posted by Picasa

“နောက်ဆုံး အမိန့်”


* အဓမ္မသမားတွေရဲ့ လက်ထဲမှာ

မတရားပြုကျင့်ခံရလို့

ဖွတ်ဖွတ်ကြေနေရတဲ့ တိုင်းပြည်

အော်....... ပြောလို့တောင် မကုန်တော့ပါဘူး။


* လူထုမှာ

အလိမ်အညာတွေအောက်

အလိမ်ခံနေရတာ

အခြိမ်းအခြောက်တွေအောက်

ထိတ်လန့်နေရတာ နှစ်တွေမနဲတော့ဘူး။


* လိမ်လို့ ခြောက်လို့ မရတဲ့အခါ

ထူးဆန်းတဲ့ ပုဒ်မတွေနဲ့ ဖမ်းတယ်

အကြောင်းမဲ့ ရိုက်တယ်

နောက်ပြီးတော့

အရေးယူမှုမရှိတဲ့ သူသတ်မှုတွေရှိတယ်။


* အဲဒီလိုနဲ့ ဖြတ်သန်းနေရတာ

တဖြည်းဖြည်းနဲ့ အသားကျလာသလို

စစ်အစိုးရနဲ့ ပြည်သူ

ရန်သူတွေဖြစ်နေကြရတာ

အကြောင်းမဲ့ မဟုတ်တော့ပါဘူး။


* အခုလဲလာပြန်ပြီ

စစ်တပ်က သခင်ဖြစ်ပြီး

လူထုက ကျွန်ဖြစ်ရမဲ့ စာချုပ်ကို

အတင်းအကြပ် လက်မှတ်ထိုးခိုင်းနေမှတော့.......။


* သေချာပါတယ်

ကိုယ့်ချရင် ပြန်ချဆိုတဲ့ အမိန့်ကိုဘဲ

နာခံချင်တော့တယ်။

ထက်လွင်အောင်

၂၄-၄-၂၀၀၈

မှတ်ချက်။ ။ ဤကဗျာ ပေးပို့သော ကဗျာဆရာ ထက်လွင်အောင် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။



Summary

Rest of your post
Posted by Picasa

Sunday, April 13, 2008

မျိုးဆက်သစ်လူငယ်များအစည်းအရုံး အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးနေ


Image and video hosting by TinyPic
Zayar Thaw @ Kyaw Kyaw (Generation Wave)

ယခုအတောအတွင်း မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) အဖွဲ့ဝင်များ၊ ပတ်သက်ဆက်နွယ် နေသူများကို နအဖစစ်အုပ်စုနှင့် လက်ကိုင်တုတ်တွေက ဆက်တိုက်ဆိုသလို ဖမ်းဆီးနေမူများ ရှိနေသည့်အကြောင်း ၎င်းတို့အဖွဲ့ဝင်တဦးထံမှ သိရှိရသည်။

လက်ရှိစာရင်းများအရ generation wave အဖွဲ့မှ ဇေယျာသော်(ခ) ကျော်ကျော် အပါအ၀င် အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်နေသူ (၉)ဦးအား ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရကြောင်း သိရှိရသည်။ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရသူများမှာ အောင်ဇေဖြိုး၊ အာကာဘို၊ သီဟ၊ ရန်နိုင်သူ၊ ဝေလွင်ဖြိုး၊ မင်းဇော်၊ နေမျိုးထွန်း၊ အောင်အောင်နှင့်ကျော်ဦး ၏(ခ)ခင်ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

generation wave သည် စက်တင်ဘာအရေးတော်ပုံ ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ မွေးဖွားလာသော မျိုးဆက်သစ်လူငယ်များနှင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်များမှာ အသက်(၂၀)ကျော် ကျောင်းသား လူငယ်များ ဖြစ်ကြသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး တေးသီချင်းများထုတ်ဝေခြင်း၊ ထုတ်ပြန်ကြေငြာချက်များနှင့် တော်လှန်ရေးလုပ်ငန်းများကို မြန်မာလူငယ်ထုအတွင်း လျှင်မြန်စွာစီးဆင်း ပြန့်ပွားရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသူများဖြစ်သည်။ generation wave နှင့် Freedomfighter အဖွဲ့တို့ ပူးတွဲ၍ ကန့်ကွက်ဆန္ဒမဲ ပေးကြရန် မြန်မာလူထုအားလှုံ့ဆော်ထားသည့် “နိုးထကြလော့ အိုမြန်မာ” “NO NO NO” သီချင်းတို့ကို ဖြန့်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သည်။

generation wave အဖွဲ့မှ အဆိုတော် ဇေယျာသော်(ခ)ကျော်ကျော်သည် မြန်မာပြည်လူငယ်များကြား ဟစ်ဟော့ သီချင်းများနှင့် ရေပန်းစားနေသည့် အက်ဆစ်အဖွဲ့မှဖြစ်ပြီး မတရားအသင်းထူထောင်မူ၊ နိုင်ငံခြားငွေ တရားမ၀င်ကိုင်ဆောင်မှုဖြင့် နအဖ၏ မတရား အမူဆင် ဖမ်းဆီးခံထားနေရသူလည်း ဖြစ်သည်။

generation wave နှင့် Freedomfighter အဖွဲ့တို့မှ ကျန်ရှိနေသေးသည့် အဖွဲ့ဝင်များ ပတ်သက်ဆက်နွယ် နေသူများကို ဆက်တိုက် လိုက်လံဖမ်းဆီးနေမှုကြောင့် ထွက်ပြေး တိမ်းရှောင် ပုန်းအောင်း နေကြရသော်လည်း အဖွဲ့ဝင်များအနေနှင့် စစ်ကျွံဘ၀မှာ ဆက်လက်မနစ်မွန်းစေဘို့ မြန်မာပြည် ဒီမိုကရေနှင့် ငြိမ်းချမ်းရေးအတွက် အဖိနှိပ်ခံပြည်သူများဘက်က ဆက်လက်ရပ်တည် လှုပ်ရှားသွားမည်ဟု ခံယူထားကြသူများဖြစ်ပြီး မိမိတို့နှင့်အတူ ပြည်တွင်းပြည်ပမှ လူငယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူများကလည်း တော်လှန်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် တိုက်တွန်းနှိုးဆော် ထားကြောင်း သိရှိရသည်။

.NO NO NO

နိုးထကြလော့“အိုမြန်မာ


“လူထုဒေါ်အမာအတွက် ရက်လည်ဆွမ်းသွတ် တရားနာပွဲကို နယ်စပ်တနေရာတွင် ပြုလုပ်”

ဥတ္တရ
၁၃-၄-၂၀၀၈


အမေလူထုဒေါ်အမာအတွက် အမှတ်တရ

မြန်မာပြည်မြောက်ပိုင်း ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ ဘ၀တပါးသို့ ကူးပြောင်းသွားသည့် လူထုဒေါ်အမာအတွက် ရည်စူးပြီး ရက်လည်ဆွမ်းကျွေး အမျှဝေ ကုသိုလ်ကောင်းမှုတရပ်ကို တရုပ်-မြန်မာ နယ်စပ်တွင် ယနေ့ မြန်မာစံတော်ချိန် ၁၀း၃၀ အချိန်မှ စတင်၍ ပြုလုပ်ခဲ့ပြီး ကျယ်ကောင်မြို့ ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာတော်များအား ဆွမ်း၊ ကွမ်း၊ အချိုရည်များနှင့် လှူဖွယ်ပစ္စည်း အမျိုးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ထိုအမျှဝေ တရားနာပွဲသို့ မြန်မာပြည်မြောက်ပိုင်းရှိ ဒီမိုကရေစီအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကွယ်လွန်သူ အမေလူထုဒေါ်အမာအား ရည်စူး၍လည်း နှစ်နိုင်ငံ နယ်စပ် ကျယ်ဂေါင်မြို့အတွင်းရှိ မြန်မာပြည်ဘက်မှ လာရောက်အလုပ်လုပ်ကိုင်နေကြသော ကျဘမ်းအလုပ်သမား (၂၀၀) ကျော်အား လူထုဒေါ်အမာ ဓါတ်ပုံနှင့် မှတ်သားဖွယ်ရာပြောကြားခဲ့သော စကားစုမျာဖြင့် ပြုလုပ်ထားသော ပို့စကပ်နှင့် အဖျော်ရည်ဗူးများ၊ မုန့်မျိုးစုံ၊ စီးကရက်ဗူးများကို ပေးဝေအလှူဒါန ပြုလုပ်ခဲ့ကြောင်းကို ဥတ္တရမှ သိရှိရပါသည်။

Summary

Rest of your post
Posted by Picasa

Saturday, April 12, 2008

“တရုတ်နိုင်ငံလုပ် အမြောက်ဆွဲထရပ်ကားများ နယ်စပ်သို့ ထပ်မံရောက်လာ”

ဥတ္တရ
၁၁-၄-၂၀၀၈



၂၀၀၈ဧပြီလ (၁၁)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြန်မာ နအဖ စစ်အစိုးရကို အမြဲတမ်း ကျောထောက် နောက်ခံပေးနေသော တရုတ်အစိုးရမှ ၎င်းတို့နိုင်ငံလုပ် တုန်ဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် ယာဉ်ကြီး အစီးရေ (၁၀၀)ခန့် မြန်မာနိုင်ငံအတွင်း ပို့ဆောင်ရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ကြယ်ဂေါင်မြို့ ကားကြီးများထားသိုရာ ကားကြီးကွင်းနေရာသို့ ရောက်ရှိလာကြောင်း နယ်စပ်နေ ပြည်သူများထံမှ သိရှိရသည်။

ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံလုပ် စစ်ကားများ တင်သွင်းခြင်း ဖြစ်သည်။ ပထမအကြိမ်သည် ယခုနှစ်မတ်ခ်ျလ အစောပိုင်းတွင် ဖြစ်ပြီး တုန်ဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်သုံး သယ်ယူပို့ဆောင်ရေးယာဉ် အစီး(၅၀၀)ကို မြန်မာအစိုးရထံ လွှဲပြောင်းထောက်ပံ့ ပေးခဲ့ပြီး ဖြစ်သည်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလတွင်လည်း တရုတ်နိုင်ငံလုပ် ဖေါ (Faw) တံဆိပ်ပါ စစ်သုံး အငယ်စားခြောက်ဘီးတပ် လူ၊ ကုန်တင်ယာဉ် အစီး (၄၅၀)ကို မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ယခုနောက်ဆုံးအခေါက်ပို့သည့် တုန်ဖုန်းယာဉ်ကြီးများသည် ခဲယမ်းမီးကျောက်များ တင်ဆောင်ပြီး ဟောင်ဝစ်ဇာ အမြောက်များကိုပါ ဆွဲယူ၊ သွားလာ၊ လှုပ်ရှားနိုင်သော စစ်သုံးယာဉ်ကြီးများ ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများထံမှ သိရှိရသည်။ ယနေ့တွင် စုစုပေါင်းအစီးရေ (၁၀၀)ခန့် ရောက်ရှိခဲ့ပြီး အတည်မပြုနိုင်သေးသော သတင်းများအရ စုစုပေါင်း ကားအစီးရေ (၂၀၀)ခန့် မြန်မာ နအဖ အစိုးရထံ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ဥတ္တရမှ သိရှိရသည်။
Summary

Rest of your post
Posted by Picasa

Thursday, April 10, 2008

“ တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ ”


ကျနော် တပ်မတော်အတွင်းနေစဉ်ကာလ။ ၁၉၈၀ကျော်။ ကျနော့် ဦးလေး၏ သားတော်မောင်တယောက် စစ်ထဲဝင်သွားသည်။ ထိုခလေးသည် ငယ်စဉ်မှစ၍ မိမနိုင်၊ ဖမနိုင်လောက်ဟု ဆိုရလောက်အောင် ဆိုးသွမ်းသည်။ လူပျိုပေါက်အရွယ်ရောက်ချိန်၌ မိဘစကားကို ဖယ်ရှားကာ ရူးရူးမိုက်မိုက် စစ်ထဲသို့ သွားခဲ့လေသည်။ ထိုစဉ်က သူ့အဖေမှာ တပ်ကြပ်ကြီးအဆင့်ဖြစ်သည်။ သားတယောက်ထဲရှိသော သူ၏ မိခင်ကြီးသည် သားစိတ်နှင့်တသသ....။ စစ်ထဲဝင်ပြီး နောက်နှစ်နှစ်ခန့်အကြာတွင် ဖခင်မိခင်နေထိုင်သော တပ်ရှိရာသို့ ခွင့်နှင့်ပြန်လာခဲ့သည်။ ရောက်ရောက်ခြင်း ကျနော့်ဆီသို့ သူသည် တခုတ်တရ ၀င်ရောက်နှုတ်ဆက်သည်။ ငယ်စဉ်က သူ့အားကျနော် ပဲ့ပြင်ထိမ်းကြောင်းခဲ့ရသဖြင့် သူသည် သံယောဇဉ် တပွေ့တဖက်ကြီးဖြင့် ကျနော့်အားတွေ့ရန် လာခဲ့ခြင်း......။ သူနှင့်တွေ့လိုက်ရသော်လည်း..........။

သူရောက်လာသည့် ထိုရက်က ကျနော်သည် ထင်းပေါက်နေသည်။ တပ်တွင်း၌ လောင်စာမရှိ။ လောင်စာမပေးနိုင်။ ကျနော်တို့ တပ်မိသားစုများ၏ ချက်ပြုတ်စားသောက်ရန်နှင့် အနွေးဓါတ်သည်ကား တပ်ဘေးရှိ သစ်တောများ။ နှစ်စဉ်နှစ်တိုင်း ထိုတပ်ဘေးရှိ
သစ်တောကို မှီခိုရသဖြင့် သစ်တောများရှားပါးလာကာ ဝေးလံသော ခရီးအထိသွားရောက်၍ ပင်ပင်ပန်းပန်း တပ်မိသားစုဝင်များ သစ်ခုတ်ကြရသည်။ ထိုသို့ တပ်ဘေးရှိ သစ်တောများကို အားကိုးရသည့်အပြင် မလုံလောက်သည့်အတွက် မိုးတွင်းကာလ မြစ်အတွင်းမှ မျှောပါလာသော ရေမျှောထင်းများကိုလည်း လှိုင်းထန်နေသော မြစ်အတွင်း၌ သက်စွန့်ဆံဖျား လှေငယ်များဖြင့် စွန့်စွန့်စားစား ဆယ်ယူ စုဆောင်းကြရသည်။ထိုရေမျှော သစ်ပင်များကို လွှနှင့်တိုက်ဖြတ်၊ ပုဆိန်ဖြင့်ပေါက်ခွဲကာ အိမ်အရောက် သယ်ယူပို့ဆောင်ကြရသည်။ ကျနော်တို့ မြစ်ကမ်းပါးသည်ကား အခြားကမ်းပါးများနှင့်မတူ အင်မတန်မှ မတ်စောက်လှသည်။ ထင်းရောင်းသည့် လုပ်ငန်းသည် ထိုအချိန်က တပ်မိသားစုဝင်များအတွက် တပ်အတွင်းတွင် အဓိကကျသည့် အသက်မွေးဝမ်းကြောင်း ဖြစ်ခဲ့ရသည်။


တပ်မတော်၌ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ဖြစ်သော
လေ့ကျင့်ရေးနှင့်တည်ဆောက်။
အုပ်ချုပ်ရေးနှင့်တည်ဆောက်။
သက်သာချောင်ချိရေးနှင့်တည်ဆောက်။

စိတ်ဓါတ်နှင့်တည်ဆောက်......။
ဟု ချမှတ်ထားသော်လည်း တပ်တွင်းရဲဘော်များနှင့် တပ်မိသားစုဝင်များကား မသက်သာရုံသာမက မချောင်လည်ခဲ့ကြပါ။ ဖေါင်စီးရင်း ရေငတ်သကဲ့သို့ပင်....။

တပ်တွင်းသက်သာချောင်ချိရေးဆိုင်ဆိုသည့် ဆိုင်းပုဒ်သည် သက်သာချောင်ချိရေး ဆိုင်ရှေ့၌ ချိတ်ဆွဲပြရုံမျှသာ.........။ သက်သာချောင်ချိရေးဆိုင်သည် ဖုံ်များနှင့် ပင့်ကူမျှင်များမှလွဲ၍ လူ့အကျိုးပြု ပစ္စည်းများ ဘာမှမရှိ..။ ဆိုင်အတွင်း တနေကုန်ထိုင်နေသော ရဲဘော်တယောက်သာရှိသည်။
ရေနံဆီပေးလျှင် တန်းစီရသည်။ ဖရောင်းတိုင်ပေးလျှင် တန်းစီရသည်။ အရောင်းထိုင်း ပစ္စည်းများကို လိုအပ်သော ပစ္စည်းများနှင့်တွဲ၍ ထိုးရောင်းသည်။ ဤမည်ပင် တပ်မိသားစုအပေါ် သက်သာစေရန် စေတနာ ထားမှုကြီးပင်တည်း.....။

ဒို့တာဝန်အရေးသုံးပါးထက် အဆတသောင်းမက အရေးကြီးသော စားရေး၊ ၀တ်ရေး၊ နေရေး ထိုအရေး........များ၌ တပ်မိသားစုဝင်များသည် မချောင်လည်ခဲ့ကြပါ။
ယခင်ကလည်း မချောင်လည်ခဲ့ပါ။ ယခုလည်း မချောင်ကြပါ။ ကြပ်သထက်ကြပ် နစ်သထက်နစ်မွန်းလာနေသည်။

တပ်တွင်း တပ်ရဲဘော်များ၏ မိသားစုများ၏ သက်သာချောင်ချိရေးကိုပင် မဖြေရှင်းနိုင်လျှင် ထိုပုထုဇဉ်လူသားဖြစ်သည့် လေ့ကျင့်နေကြသည့် ရှေ့တန်းထွက်နေရသော ရဲဘော်တဦး၏ တိုက်ခိုက်ရေး စိတ်ဓါတ်သည်လည်း မည်မျှပြင်းပြနိုင်မည်နည်း။ အနေကြပ်အစားကြပ်ဖြင့် နေနေရသော မိသားစုဝင်များ၏ ဘ၀များက ထိုတိုက်ခိုက်ရေးသမားကြီး၏ စိတ်ဓါတ်ကို မည်မျှ မြင့်မားစေနိုင်မည်နည်း။

ကျနော်တပ်ထဲနေစဉ် တပ်မိသားစုဝင်များ သုံးစွဲရေးအတွက် ရေကို မြစ်ထဲမှ စက်နှင့်စုပ်ယူ၍ ရေပိုက်လိုင်းများ သွယ်တန်းကာ တပ်ထဲသို့ပေးလေ့ ရှိသည်။ မိသားစုလိုင်းများတွင် ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် ရေလှောင်ကန်များရှိသော်လည်း ထိုကန်များသည် ကျနော်တို့ ငယ်စဉ်ကလေးဘ၀ကတည်းက ကလေးများ တူတူပုန်းဆော့ကစားရာ ကန်ကြီးများသာဖြစ်ခဲ့သည်။ တပါတ်တခါ မြစ်ထဲမှ ရေစုပ်စက်ဖြင့် ရှားတောင့်ရှားပါး ရေတင်ပေးသော ရက်များတွင် ဘုစုခလေးများပါမကျန် တိုးခွေ့လုယက်ပြီး ရေကို တန်းစီကြရသည်မှာ ထိုခေတ်က သမ၀ါယမဆိုင်များတွင် ရေနံဆီနှင့် ဖရောင်းတိုင်ရဖို့ တန်းစီနေသကဲ့သို့ပင် ဖြစ်ခြေတော့သည်။ ရေလာသော ရက်များတွင် ကျနော်တို့ တတပ်လုံး ဆူညံပွက်လောရိုက်နေသည်မှာ ရွှေကျင်သမား ရွှေတွင်းတွေ့ သကဲ့သို့။ မှိုရှာသမားမှိုတွေ့ သကဲ့သို့ပင်။ ဟေး.....။ ဟား......။ ၀ူး......၀ါးနဲ့ ပျော်လိုက်ကြသည့်အဖြစ်မျိုး။ တခါတရံ တပါတ်တခါမှလာသော ထိုရေသည် ညသန်းခေါင်သန်းလွဲမှ ပေးတတ်သည်က ရှိသေးသည်။ ထိုအချိန်၌ အိပ်မှုံစုံဝါးထကာ မျက်ချေးကိုပွတ်၍ ရေကိုတန်းစီကြရသည်။

မီးဆိုသည်ကား......။ လောင်စာဆီရှိသော ရက်များ၌သာ တပ်ပိုင်မီးစက်ဖြင့်နှိုး၍ မီးပေးသည်။
ညနေမှောင်ချိန်မှ စ၍ (၉)နာရီခန့်သာ မီးရသည်။ လာသည့်မီးအရောင်သည်ကား ခရမ်းချဉ်သီး တပ်ထားသည်ကမှ ပို၍ လင်းပေအုံးမည်။ ထို့ကြောင့် အိမ်တိုင်းအိမ်တိုင်းတွင် ရေနံဆီမီးခွက်များ ဆောင်ထားကြရသည်။ ငယ်စဉ်ခလေးဘ၀ စွဲစွဲမြဲမြဲ မှတ်မိနေသည်က....။

ညပိုင်းတွင် ကျနော်တို့စာကျက်ချိန်၊ စာကြည့်ချိန်အတွက် လုံလောက်သည့် မီးမရသည့်အတွက် မနက်ပိုင်းအချိန်ကိုသာ အားကိုးခဲ့ရသည်။ မနက်တွင် မီးလေးဖိုကာ ထိုမီးအလင်းရောင်ဖြင့်သာ စာကျက်ခဲ့ရသည့် နှစ်ပေါင်းများစွာကို ကျနော်တို့တပ်မိသားစုများ ကျော်ဖြတ်ခဲ့ရသည်။

တခါတရံမှလာတတ်သော ထိုမီးလာသောရက်များသည်လည်း ရေလာသည့်ရက်များကဲ့သို့ တတပ်လုံး ပျော်ရွှင်မြူးတူးခဲ့ရသည့်ရက်များ။ လူငယ်ဘာဝ မီးလာလျှင် ကျနော်တို့သည် လိုင်းတကာလှည့်၍ သူငယ်ချင်းများဆီသို့ အလည်အပါတ်သွားကာ စကားစမြည်ပြောကြသည်။ ထိုမီးရောင်လေးအောက်များ၌ ၀ိုင်းဖွဲ့၍ ဂီတာတီးကြသည်။ မီးလာသောရက်သည် ကျနော်တို့အတွက်ရွှေရက်။

တပါတ်တခါပြလေ့ရှိသော တပ်တွင်းမိသားစုများ ဖျော်ဖြေရေးအတွက် တခုတည်းသော ရုပ်ရှင်ရုံအောက်၌ မိသားစုဝင်များသည် တိုးဝှေ့တိုးခွေ့လျှက်ရှိသည်။ ကျနော်တို့မြန်မာလူမျိုးများသည် အနုပညာကို အခုံအမင်စုံ လူမျိုးများဟု ပြောလျှင်မှားမည်မထင်။ ရုပ်ရှင်ပြသည့်ရက်တိုင်း ကျနော်တို့ ခလေးများသာမက တပ်မိသားစုများသည် ရုပ်ရှင်မပြမှီ ကြိုတင်ခေါင်းလောင်းသံကို ရင်ခုန်စွာ စောင့်မျှော်လျှက်ရှိကာ ပိတ်ကားကြီးကို ငေးမောလျှက်.......။ တပ်တွင်းရုပ်ရှင်ရုံ၌ ပိတ်ကားကြီးထောင်သည့်ရက်သည် တတပ်လုံး ပျော်ရွှင်မြူးတူး ရသည့်ရက်များ။ ထိုရက်တွင် တပ်တတပ်လုံးသည် အုံးအုံးကြွက်ကြွက်။

ရုပ်ရှင်ကပြတော့မည်။ ဒုတိယကမ္ဘာစစ်လက်ကျန်စက်ကြီး အသံက တကျည်းကျည်းမြည်လာသည်။ တရုံလုံးသည် အပ်ကျသံမျှမကြား ငြိမ်သက်နေကြသည်။ ငိုနေသည့် ခလေးသည်ပင်လျှင် ထိုအချိန်၌ တိတ်သွားတတ်သည်။ ဖလင်ထည့်ပြီးမပြီးကို စောင့်ကြည့်နေသူကလည်း ရှိသေးသည်။ ရုပ်ရှင်ပြပြီး (၁၀)မိနစ်ခန့်ပင်မကြာ မီးကပျက်သွားသည်။ တရုံလုံးအော်လိုက်သည့် အသံသည် ကမ္ဘာပျက်သည့် အလား ဖြစ်သည်။ မီးအလာကို စောင့်ရင်းစောင့်ရင်း အိပ်ပျော်သွားကြသည်။ ဤသို့ဖြင်......့

ယနေ့ည မီးမလာတော့၍ ထိုရုပ်ရှင်ကားကြီးအား မနက်ဖြန်ဆက်၍ ပြပါမည်ခင်ဗျားဟု ကြေညာလိုက်မှသာ အိပ်ပြန်အိပ်ကြသည်။ မကြေညာသေးသ၍တော့ မိုးလင်းသည်အထိ စောင့်ကြည့်ကြမည့် လူမျိုး။ ဤသည်ကား တပါတ်မှာ တကြိမ်လျှင်ပြသည့် ရက်မျိုး။ ကျနော်တို့ကတော့ ပိတ်ကားကြီးအား လက်သီးနှင့် ထိုး၊ ခြေထောက်နှင့်ကန် ၊ ပြောင်းဖူးရိုးနှင့်ပေါက် ဤသို့ငယ်စဉ်က အံတုခဲ့ကြသည်။
လျှပ်စစ်မီးလောက်ကိုပင် မစီမံတတ် မကွပ်ကဲတတ်သော... တပ်။ တပ်မိသားစုများအပေါ် အလေးမထားသော... တပ်၊၊ ထိုကဲ့သို့ အုပ်ချုပ်ရေးစွမ်းရည်ပြည့်ဝသည့် တပ်မျိုး။

တပ်မိသားစု ရဲဘော်များကို ပေးထားသည့်အခန်းကိုလည်း ကြည့်လိုက်အုံးလေ။ (၁၀)ပေပါတ်လည် အခန်းလေးမျှသာ။ တအိမ်ထောင်လျှင် မိသားစု အနည်းဆုံး(၆)ဦးခန့်ရှိသော မိသားစုဝင်များအတွက် ဖင်လှည့်ခေါင်းလှည့်ရုံမျှရှိသော အခန်းများသာ။ သစ်သားပျဉ်ပြားများဖြင့် ဆောက်လုပ်ထားသော အခန်းများဖြစ်သည့်အတွက် သစ်သားများသည် ဆွေးမြေ့ပျက်စီးလျှက်ရှိသော်လည်း တာဝန်ခံ၍ ပြုပြင်ပေးခဲ့သည်ကိုမူ ကျနော်တပ်အတွင်းနေသည့် အနှစ်(၂၀)ကာလအတွင်း တခါမျှပင်မတွေ့ခဲ့။



တပ်မတော်၏ အဓိက လုပ်ငန်းကြီး (၃)ခုကား...........
စစ်တိုက်ရန်၊
စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊
စစ်တိုက်ရန်နှင့် လေ့ကျင်ရန်မရှိက ပြည်သူအကျိုးပြုလုပ်ငန်းများကိုလုပ်ရန်..... ဟု

ကြည်း၊ ရေ၊ လေ တပ်မတော်သားများ လုပ်ငန်းလမ်းညွန်အဖြစ် ပြဌာန်းထားရှိသည်။


တပ်ဖွဲ့ဝင်မိသားစုများပင် စားဝတ်နေရေး မလောက်မငှ ဖြစ်နေသောအချိန်၌ မည်ကဲ့သို့များ ပြည်သူ့အကျိုးကို လုပ်နိုင်မည်နည်း။ အထက်အမိန့်အရ၊ တာဝန်အရ ခိုင်းစေခံရ၍ လူထုအကျိုးပြု
လုပ်ငန်းများကို လုပ်ကြသော်လည်း မည်သူမျှ မိမိအလုပ်ကဲ့သို့ စိတ်မ၀င်းစားကြ။ ၀တ်ကြေတမ်းကြေ ဖြစ်ကတတ်ဆန်း လုပ်ကြသည်က များသည်။

တခါက.............

တပ်မတော်သားများနှင့် ကြံစိုက်လိုက်ဖူးသည်။ မျိုးကြံချောင်းများကို ကြံမြောင်းထဲသို့ စီရီကာရီကာ မထည့်ပဲ ဖြစ်သလိုထည့်စိုက်ခဲ့သည့်အတွက် အခင်းပိုင်ရှင်လူထုများက အကြီးအကျယ် တပ်မတော်သားများအပေါ် စိတ်ပျက်ခဲ့ကြောင်း သိရှိရသည်။ လူထုအကျိုးပြုလုပ်ငန်းစဉ်ကြီးက လူထုဆန့်ကျင်ရေး လုပ်ငန်းစဉ်ကြီးသာ ဖြစ်ခဲ့သည်။ ပြည်သူကြားမှ ပေါက်ဖွားလာသည့် တပ်မတော်မိသားစုများအား အခြေခံကြသည့် ရေမီးမျှပင်လျှင် မဖြည့်စွမ်းနိုင်လျှင် လူထုကြီးတရပ်လုံး၏ အကျိုးပြုလုပ်ငန်းကို မည်ကဲ့သို့လုပ်မည်နည်း။ စားဝတ်နေရေး ဘ၀ပင်လျှင် မဖူလုံ မလောက်ငှသော တပ်မိသားစုဝင်က မည်ကဲ့သို့ လူထုအကျိုးပြုလုပ်ငန်းကို စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်၍ လုပ်နိုင်မည်နည်း။

လူထုကြီးတရပ်လုံး စီးပွားရေး မီးပင်လယ်ကြီးကို သေလုမျှောပါး ဖြတ်သန်းနေရချိန်၌ ယခု တပ်မတော်အတွင်း မိသားစုဝင်များသည်လည်း အပြင်ထွက်၍ ၀မ်းစာရှာဖွေ စားသောက်နေရသည့် ခေတ်သို့ပင် ယခုအချိန် တိုးတက် တက်လှမ်းလာနေပြီ ဖြစ်သည်။ တပ်မတော်အတွင်း၌ ကျနော်နေခဲ့စဉ် တပ်မိသားစုဝင်များ အပြင်သို့ထွက်၍ စီးပွားရှာဖွေခွင့် မရခဲ့။ ထိုစဉ်က ကျနော်တို့ တပ်အတွင်း မိသားစု ၀င်များ၏ ပြင်ပအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများမှာ ထင်းစုဆောင်း ရောင်းချခြင်း၊ ရွှေကျင်ခြင်း၊ ငါးဖမ်း၍ ရောင်းချခြင်းသာလျှင် ဖြစ်ခဲ့သည်။ ထိုအလုပ်များသည်ကား တပ်ဘေးနားမှာတွင် ရှိကြသော အလုပ်များ ဖြစ်ကြသည်။

ယခုတွင်မူ တပ်မိသားစုဝင်များသည် တပ်ခြံအပြင်ထွက်၍ အလုပ်လုပ်စားနေကြရပြီ။

အ၀တ်လျှော်ခြင်း၊ ပန်းရံလိုက်ခြင်း၊ ဟင်းသီးဟင်းရွက်ရောင်းခြင်း၊ ပုရစ်ကောက်ရောင်းခြင်း၊ သက်ငယ်ရိတ် ရောင်းခြင်း၊ ကျောက်ခဲကောက် ရောင်းခြင်း၊ ချဲရောင်းခြင်း၊ ကြုံရာကျဘမ်း အလုပ်များဖြင့် ခက်ခက်ခဲခဲ အသက်မွေးဝမ်းကြောင်းပြုလာနေရသည်ကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်ကြီးများ။



ယခုဒို့တာဝန်အရေးသုံးပါးဖြစ်သော
ပြည်ထောင်စု မပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး

အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး ဟု

တပ်ထုအကြား၊ လူထုအကြား၌ မျက်စိမှိတ်၍ စွတ်အော်နေသောလည်း ကျနော်ငယ်စဉ်တပ်မတော်ထဲမှ ကြီးသည်အထိ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးဆိုသည့် စကားလုံးများ၊ ဝေါဟာရများကို လုံးဝကြားမိခဲ့ခြင်း မရှိပါ။ ထိုကိစ္စများကိုလည်း တပ်မိသားစုဝင်များအား ချပြပြောဆို
စည်းရုံးခဲ့သည်ဟူ၍ မရှိခဲ့ဘူးပါချေ။ တပ်အတွင်း တပ်မတော်စာစဉ်နှင့်ကြီးပျင်းခဲ့ရသော ကျနော်တို့သည် ငယ်စဉ်က သူပုန်ဆိုလျှင် ရုပ်ဆိုးဆိုး၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထူလပြစ်၊ ပါးနှစ်ဖက်ပေါ်တွင် ပလာစတာနှစ်ခုက ကြက်ချေကပ်ထားသည်။ ရုပ်ရှင်ပြသည့်အခါတွင်လည်း ထိုပုံစံများကိုသာ အပီအပြင်ရိုက်ပြသည်။ အရက်သောက်၊ ကြက်ပေါင်ကိုက်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သည့် အခန်းများကသာ များသည်။ တပ်မတော်စာစဉ်ထဲတွင် အဓိက သူတို့အလေးထားရေးသားသည်ကား ပြည်ထောင်စုမပြိုကွဲရေး။ ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဟူ၍သာ....။ ထို့ကြောင့် တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးကို ထိုစဉ်က ရဲဘော်များသာမက ယခုရဲဘော်များပါ လုံးဝလုံးဝ သိကြမည် မထင်ကြပါ။ တိုင်းပြည်နှင့် လူထုအပေါ် စစ်မှန်သောစေတနာ ရှိသည်ဆိုပါက အဘယ်ကြောင့် တပ်ထုအတွင်း၌ ပြည်ထောင်စုစစ်စစ်မူကို မချပြသနည်း၊ ဘာကြောင့် မချရဲကြသနည်း။

ကျနော်တပ်ထဲ၌ နေစဉ် တပ်ရင်းတရင်းလုံး ရှားရှားပါးပါး ကချင်အမျိုးသား တပ်ကြပ်ကြီးနှစ်ဦးနှင့် သူ၏မိသားစု၊ ကရင်အမျိုးသား တပ်ခွဲတပ်ကြပ်ကြီး နှစ်ဦးနှင့် သူ၏မိသားစု၊ ဗမာရဲဘော်မှ ယူထားသော “၀” အမျိုးသမီးတဦးကို မြင်ခဲ့ဘူးပါသည်။ ချင်းနှင့်ရခိုင်များသည်ကား များပြားလှသည်။
ငယ်စဉ် ဗမာအများစုကြား၌ သူတို့သည် အနှိပ်ခံဘ၀အဖြစ်သာ ခေါ်ပြောဆက်ဆံကြသည်ကို တွေ့ခဲ့ရသည်။
ဟဲ့...ကချင်မ။ ဟဲ့....ရှမ်းမ။ ဟဲ့...ကရင်မ ဆိုသောစကားများက ကျနော်၏ ငယ်စဉ်နားထဲ၌ ခါးသက်သက် အရသာကိုသာ ခံစားခဲ့ရသည်။ တပ်တွင်း ခလေးများသည်ပင်လျှင် ထိုတိုင်းရင်းသား အမျိုးသမီးများကိုပင်လျှင် အတုမြင်အတတ်သင်ကြသည့်အနေဖြင့် ကချင်မကြီး၊ ကရင်မကြီး၊ ရှမ်းမကြီး ဟု ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်ကို အမှတ်ရနေသည်။ ထိုအမြင်များဖြင့် ကြီးပြင်းလာကြသော ထိုခလေးများသည် ယနေ့တပ်မတော်ထဲ၌ အရာရှိ၊ အရာခံများအဖြစ်သို့ပင် ရောက်ရှိကုန်ကြပြီ။

မြန်မာ စကားပုံရှိသည်။ မရှိတာ ထက်၊ မသိတာ ခက်။ ခက်နေသည်က တပ်မတော်သားများက ဘာမျှကို သိမြင်နားလည်ခြင်း မရှိကြပေ။ လူထု၏ နားမျက်စိများကို ပိတ်ထားရုံသာမက တပ်မတော်သားများ၏ အမြင်အာရုံ အကြားအာရုံများကိုလည်း လုံးဝပိတ်ပင်ချုပ်ချယ်ထားခြင်းကြောင့် တပ်မတော်သည် အရာရှိ၊ အရာခံမှအစ အောက်ခြေ အကြပ် စစ်သည်အဆင့်အထိ နိုင်ငံရေးကို လုံးဝနားလည်ခြင်းမရှိသည့်အတွက် မတရားသော အမိန့်များကို နာခံရသည့် တပ်မတော်အဖြစ်သို့ ကျရောက်နေကြရသည်။ တိုင်းရင်းသားအရေး ပြည်ထောင်စုအရေးကိုပင်မဆိုထားနှင့် ရဲဘော်တဦး၏ အထက်ပါ စား၊ ၀တ်၊ နေရေး အရေးသုံးပါးအတွက် ကိုယ်ရသင့်ရထိုက်သည့် အခွင့်အရေးကိုပင်လျှင် မသိကြချေ။ ထိုအခွင့်ရေးများကို သိလျှင် ထိုအခွင့်အရေးများကို တောင်းဆိုသည့် လုပ်ရှားမှုများဖြစ်ပေါ် လာလိမ့်မည်ဟု ကျနော်ယုံကြည်မိသည်။ တပ်မတော်အတွက် ဆန်အိုးထဲမှာ ဆန်နဲနဲ ရှိနေသေးသည်။ လူထုအတွက်မူ ဆန်အိုးထဲ၌ ဆန်မရှိတော့။ ဆန်ဘာကြောင့်မရှိသည့် ပြဿနာကို လူထုကသိလာကြပြီ ဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လုပ်ခြင်လျှင် အပေါ်ယံဟန်ပြလုပ်၍ မရ။ ကချင်တိုင်းရင်းသားများအား မခုတ်ဒါးမထိုးလှံ၊ ကချင်ပုဆိုး ကချင်လွယ်အိတ်ပေးခြင်းဖြင့် လုပ်၍မရ။ ညီညွတ်ရေးဆိုသည်ကား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှုမှတဆင့် ယုံကြည်မှုတည်ဆောက်ကာ လုပ်ရသော အလုပ်မျိုး။ ယနေ့ နအဖ၏ မျက်စိမှိတ် အော်နေသည့် ညီညွှတ်ရေးသည်ကား ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် ကိုယ့်အချင်းချင်း ကုလားထိုင် မြဲရေးပေါ်မှာ အချင်းချင်း အပြန်အလှန်ညီညွှတ်နေသည့် စားဖားညီညွတ်ရေးပင် ဖြစ်သည်။



တပ်မတော်၏ စွမ်းရည်သုံးရပ် ဖြစ်သော
စည်းရုံးရေးစွမ်းရည်
စစ်ရေးစွမ်းရည်
အုပ်ချုပ်ရေးစွမ်းရည်ကိုလည်း ငယ်စဉ်က အံ့မခန်းဘွယ်ကြုံတွေ့ခဲ့ဖူးရသည်။


တပ်မှူးကြီးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဘောလုံးကန်ရမည်ဟု ဆိုလာသည်။ တပ်တွင်းရှိ လူငယ်အသင်းနှင့် တပ်ဘေးရှိကျေးရွာများမှ တိုင်းရင်းသား ကချင်လူငယ်အသင်းတို့ တပ်တွင်းဘောလုံးကွင်း၌ ဘော်လုံးကစားကြမည်။ ထိုပွဲ၌ ကျနော်တို့ လူငယ်များအား အနိုင်မကန်ရ
အရှုံးပေးကန်ရမည်ဟု အမိန့်ချလာသည်။ လက်တွေ့ဘောကွင်းထဲ ရောက်သောအခါ သူပြောသလို မဟုတ်တော့။ အားကစားဆိုသည်မှာ အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ဖြင့် ကစားရသောပွဲ။ ကျနော်တို့လူငယ်များ၏ သဘာဝပင်ကိုယ်စိတ်ဓါတ်သည်ကား တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်ဆိုသည့် စိတ်ဓါတ်မျိုး၊ နိုင်ရမည်။ အောင်ရမည်ဆိုသည့် စိတ်ဓါတ်က လူငယ်များ၌ ပါလာသည့်မျိုးစေ့။ ထိုရက်က ကျနော်တို့ အနိုင်ကန်ပစ်လိုက်သည့်အတွက် ကျနော်တို့အဖေများ တပ်ရင်းမှူး၏ ဆူပူကြိမ်းမောင်းပြစ်တင် ခံလိုက်ရသည်။ တပ်မှူးကြီးက ဘောလုံးကန်ပွဲလုပ်၊ ပြီးရင် အရှုံးပေးလိုက်။ ဤနည်းဖြင့် လူထုစည်းရုံးရေး အောင်မြင်မည်ဟု ထင်မြင်ယူဆသည်။ “လူထုစည်းရုံးရေး” ဆိုသည်ကား သူတို့ဘ၀အား ထဲထဲဝင်ထဲထဲမြင်ပြီး လူထုနှင့် တသားတည်းအတူတကွဖြတ်သန်း၍ အေးအတူပူအမျှ စည်းစည်းရုံးရုံနေထိုင်းခြင်းပင်ဖြစ်သည်ကိုမူသူသည် မသိရှာ။ ယနေ့နအဖ၏ စဉ်းစားချက်သည်ကား ငယ်စဉ်က ထိုဘော်လုံးကန်ခဲ့သော အဖြစ်အပျက်နှင့် တူနေသည်။ နအဖ၏ စည်းရုံရေးကား လက်နက်ကိုင်တိုင်းရင်းသားများအပေါ် မင်းတို့က အရှုံးပေးရင် (လက်နက်ချ) ငါတို့က မင်းတို့ကို အနိုင်ပေးလိုက်မယ်ဆိုသည့် ပုံစံမျိုး။

ကျနော် တပ်ထဲအနှစ်(၂၀)နေသမျှ ကာလပါတ်လုံး တပ်ရင်းမှူးသည် လူထုနှင့်ရင်းရင်းနှီးနှီး နေထိုင်သည်လည်း မတွေ့ရ။ တသားတည်းရှိနေ သည်လည်းမတွေ့ရ။ လူထုမပြောနှင့် တပ်ရင်းမှူးသည် တပ်မိသားစုဝင်များ နေထိုင်ရာသို့ပင် စားဝတ်နေရေး အခြေအနေများ၊ မိသားစုအခြေအနေများ၊ တပ်မိသားစုဝင်များ၏ သားသမီးများ၏ပညာရေးကိစ္စများကိုပင်လျှင် လာရောက်လည်ပါတ် ကြည့်ရှုဆွေးနွေး အဖြေရှာရန် အိမ်ထောင်သည် လိုင်းများသို့ပင်လည့်လည်ခဲ့ဖူးခဲသည်ကို အနှစ်နှစ်ဆယ်လုံးလုံး မတွေ့မြင်ခဲ့ရခြေ။

တပ်မှူးတယောက်ပင်လျှင် လူ၏ရေးရာများကို ဂရုမစိုက်နားမလည်ခဲ့။ ရဲဘော်တယောက် ဆိုလျှင်..................။ ဗိုလ်ချုပ်ကြီးများသည် အပွင့်အခက်များ ပိုများလာရေး၊ ဆွေမျိုးတစုကောင်းစားရေး၊ ထိုင်နေသည့် ကုလားထိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို လက်တွေ့မပါ မျက်စိမိတ်ပြီး စွတ်စွတ်အော်နေလျှက်ရှိသည်။ ဒို့တာဝန်သုံးပါးထဲ၌ ခြေချုပ်မိနေသော ဗိုလ်ချုပ်ကြီးများသည် လူထုကို လိမ်ညာဝါဒဖြန့်ချိရင်း ထိုအလိမ်အညာအတွင်းထဲမှ သူတို့ကိုယ်တိုင် ရုန်းမထွက်နိုင်တော့။




“လိမ်ရင်များများလိမ်၊ ခဏခဏလိမ် ကြာရင်လူတွေ ယုံလာလိမ့်မယ်” လို့ပြောခဲ့သော ဟစ်တလာ စကားအတိုင်း .........
ထိုဒို့တာဝန်အရေးသုံးပါး အတွေးအခေါ် လိမ်ဆင်ကြီးက သူတို့ကို ဒိုင်းသဖွယ်ကာရံထားသဖြင့် အများအတွက် ဆိုသည့် လူထုအတွေး အခေါ်များ ၀င်ရောက်လာခြင်း မရှိနိုင်တော့။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ သည်သာအမှန်တရားဟု ကိုင်စွဲထားသော ထိုဗိုလ်ချုပ်များ၏ စစ်သည်တော်များက လူထုအားထင်သလို ရက်စက် ရမ်းကားသတ်ဖြတ်၊ မုဒိမ်းကျင့်ကြသည်မှာ ထိုဗိုလ်ချုပ်များပေးသည့် ပညာများကို အသုံးချနေခြင်းသာ ဖြစ်သည်။

ကျနော်၏ ညီဝမ်းကွဲသည် ကျနော်အား တွေ့ရန်လာနေသည်။ သူနှင့် တွေ့လိုက်ရသော်ကျနော် အတော်စိတ် ပျက်သွားမိသည်။ သူသည် ကျနော့်အား ခပ်ကြွားကြွား ရှေ့တန်းအတွေ့အကြုံများကို ပြောလာသည်။ စစ်ဆိုရင် ရေတောင်စစ်မသောက်နှင့်ဟု ပြောထားသော အဖေ့စကားက ကျနော်အတွက် သိပ်နားထောင်လိုစိတ် မရှိ။ သူက ရှေ့တန်းအတွေ့အကြုံများကို တော်တော်လေး အာမိနေသည်။


ရှမ်းပြည်တနေရာမှာ အကိုကြီးရ
ဘာလဲကွ
ကျနော်တို့ စစ်ကြောင်း ရွာထဲဝင်သွားတယ်။
အဲဒီတော့ ဘာဖြစ်လဲ
ရွာရောက်တော့ ကျနော်တို့ သူငယ်ချင်းတွေ ပိုက်ဆံရှိတဲ့အိမ်တွေကို အကုန်တက်မွေတာ
အဲဒီအထဲမှာ မင်းကောပါလား
ပါတာပေါ့ အကိုရ
ဘာ.....။ မင်းကကွာ သူများပစ္စည်းတွေကို မတရားမလုပ်ပါနဲ့ကွ။
ဟာ....အကိုကြီးကလည်း ရှေ့တန်းရောက်ရင် ရဲဘော်တွေက ဒီလိုပဲလုပ်နေတာဗျ
သူတို့လုပ်တိုင်း မင်းကလိုက်လုပ်ရမှာလားကွ
သူတို့ကလုပ်နေတော့ ကျနော်လည်းလိုက်လုပ်တာပေါ့
မတရားမှုကို ငယ်စဉ်ကတည်းက ရွံရှာခဲ့သော ကျနော်သည် သူနှင့်တွေ့လိုက်ရသော်လည်း ပြည်သူပြည်သားများအတွက် ထိုရက်က ကျနော်အတော်လေး စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

အဖေပြောသည့် စစ်ဆိုရင်ရေတောင် စစ်မသောက်နဲ့ သီအိုရီက ကျနော့် (၁၇)နှစ်သားဘ၀ကို သေချာစေခဲ့ပြီ...။ ထိုကျနော်၏ ညီဝမ်းကွဲသည်များ မကြာမီ ၁၉၈၈-ခုနှစ် မဲ့သဝေါတိုက်ပွဲတွင် သူရ ရကာ ဗိုလ်ဖြစ်သွားရှာလေခဲ့သည်။ ဆိုးသွမ်းသော၊ ရမ်းကားသော သူတယောက်ဗိုလ်ဖြစ်သွားသဖြင့် ကျနော်သည် လူထုအတွက်၊ တိုင်းပြည်အတွက် ရင်တမမ ဖြစ်သွားခဲ့ရလေတော့သည်။
ဆက်ရေးပါအုံးမည်။
ဥတ္တရကျော်
၁-၄-၂၀၀၈

Summary

Rest of your post
Posted by Picasa

“ကြံ့ဖွတ် အတွင်းရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ”

ဥတ္တရ
၁၀-၄-၂၀၀၈

၂၀၀၈ ဧပြီလ (၉)ရက်နေ့ ည(၁၀) နာရီအချိန်ခန့်တွင် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွင်းရေးမှူး ရပ်ကွက်(၃) ဥက္ကဌ ဖြစ်သူ ဦးဝင်းမောင် အား နေအိမ်တွင် သေနတ်၊ လက်ပစ်ဗုံးများဖြင့် အမည်မသိသူ (၂)ဦးမှ ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။

ဖြစ်စဉ်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွင်းရေးမှူး ဦးဝင်းမောင်သည် သေနတ်ဒဏ်ရာဖြင့် နေအိမ်ခြံဝင်း ၀င်ပေါက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၀င်ရောက်ဆွဲကူပေးသော သားဖြစ်သူသည်လည်း လက်ပစ်ဗုံး စများ ထိမှန်ကာ မူဆယ်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် တက်ရောက်ဆေးကုသ နေရကြောင်းလည်း သိရှိရ သည်။

မည်သည့်အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်သည်ကို မသိရသော်လည်း ယခုအချိန်တွင် ပန်ဆိုင်းမြို့အတွင်း နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ အာဏာပြ လုပ်ရှားနေသည့်အချိန်ဖြစ်နေသည်။ ဆန္ဒမဲပေးပိုင်ခွင့်အတွက် နအဖ ပြုလုပ်ပေးနေသော မှတ်ပုံတင်များ ပြုလုပ်ပေးရာတွင်လည်း ငွေကြေးများ ပေးဆောင်နေရကြောင်း ဥတ္တရမှ သိရှိရသည်။

Wednesday, April 9, 2008

“လူထုမိခင် ဒေါ်အမာ”





Summary

Rest of your post
Posted by Picasa

“စေ့စပ်ဆွေးနွေးပွဲ နဲ့ စကားပြောပွဲ”

ရဲဘော် ဖိုးသံချောင်း

ဒီနေ့ ဗမာပြည်မှာ ဖေဖေါ်ဝါရီလထဲမှာ ထုတ်ပြန်လိုက်တဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ရဲ့ ဂယက်တွေ အပြင်းအထန် ရိုက်ခတ်နေပါတယ်။ အဲဒါကတော့ နအဖ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ “စကားပြော” နေတဲ့အကြားက သူတို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကိုအတည်ပြုဖို့နဲ့ ရွေးကောက်ပွဲ အစီအစဉ်တို့ကို အတင်းတင်ပြလာတာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နအဖတို့ “စကားပြော” တာရဲ့ အဖြေလား....? နောက်ဆက်တွဲလား....? စဉ်းစားစရာ ဖြစ်ပါတယ်။ အဲဒီ “စကားပြောပွဲ” ဟာ ဘာဖြစ်သွားပြီလဲ။ ဆက်ပြီး ပြောခိုင်းထားအုန်းမှာလား....? မေးစရာတွေလည်း ပေါ်လာပါတယ်။

တကယ်တော့ ဒီစကားပြောပွဲဟာ စံကျတဲ့ စစ်အုပ်စု ပုံစ စကားပြောပွဲ တခုသာဖြစ်ပါတယ်။
ဒီလိုဆိုတော့ စကားပြောပွဲဆိုတာနဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတာတို့ရဲ့ ခြားနားချက်ကို ပြောဖို့ လိုလာပါတယ်။

စေ့စပ်ဆွေးနွေးတယ် ဆိုတာဟာ နှစ်ဖက်ကွဲလွဲနေတာတွေကို ဖြေရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရှိ စကားပြောကြတာ ဖြစ်ပါတယ်။ စကားပြောပွဲ ဆိုတာကတော့ ဘာဘောင်မှခတ်မထားတဲ့ တနည်းပြောရရင် ဦးတည်ချက်မထားပဲ ပြောရင်လည်း ပြောလို့ရတဲ့ စကားပြောခြင်းတရပ် ဖြစ်ပါတယ်။ န၀တ - နအဖရဲ့ သက်တမ်းတလျှောက်မှာ စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကားမပြောနဲ့ စားပွဲဝိုင်းမှာ ထိုင်တယ်ဆိုတဲ့ စကားမျိုးကိုတောင် မသုံးဘူးဆိုတာ သတိပြုမိပါတယ်။ သူတို့တတွေ ငြိမ်းအဖွဲ့တွေနဲ့ တွေ့ဆုံတာတွေ မှာတောင် ဒီလိုအသုံးအနှုန်းတွေ မသုံးတဲ့ပါဘူး။

တကယ်ကျတော့ စစ်အုပ်စုတိုင်းလိုလိုပဲ “စေ့စပ်ဆွေးနွေးရေး” ကို ယတိပြတ်ငြင်းပယ်လေ့ ရှိပါတယ်။ သူတို့ဟာ “သရေပွဲ” ဆံတဲ့ အဖြေမျိုးကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့က “နိုင်ရမှ” ကြိုက်ပါတယ်။ “နိုင်” ပြီးပြီဆိုတော့မှ ဘယ်၍ဘယ်သို့သော စည်းကမ်းချက်တွေနဲ့ အညံ့ခံပါ၊ လက်နက်ချပါ၊ အဲဒီကျမှ နိုင်သူနဲ့ရှုံးသူ “စကားပြောပွဲ” လုပ်ကြမယ်လို့ ပြောလေ့ရှိတာဟာ သူတို့ရဲ့ဝသီပါ။ ထုံးစံပါ။ ဒါဟာ စစ်ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားမှုခြားနားချက်လို့ ပြောရင်ရမယ် ထင်ပါတယ်။

စစ်ဗိုလ်တွေရဲ့ ဒီလိုအတွေးအခေါ်ကို ကမ္ဘာ့စစ်ပွဲ(၂)ခုမှာလည်း တွေ့ခဲ့ကြရပါတယ်။ ဒုတိယ ကမ္ဘာစစ်ပွဲမှာ ဂျပန်ကို အဲဒီနည်းနဲ့ လက်နက်ချခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်က တင်းခံနေတော့ မနိုင် နိုင်တဲ့နည်းနဲ့ “အနုမြူဗုံး” ကြဲချခဲ့တာပါပဲ။

ကိုးရီးယားစစ်ပွဲ (၁၉၅၀-၅၃ခုနှစ်)မှာကျတော့လည်း စစ်ဗိုလ်တွေက (အမေရိကန်က မက်အာသာက) စစ်ပွဲကြာလာတာနဲ့အမျှ သူတို့ဖက်က အကျအဆုံးများလာလို့ အနိုင်အရှုံးပြတ်ဖို့ အနုမြူဗုံးကို သုံးချင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်နေတဲ့ သမ္မတ ထရူးမင်းက မက်အာသာကို “ကိုယ်အာဏာမပိုင်တဲ့ ပေါ်လစီကို ထုတ်ပြန်ခဲ့မှု” နဲ့ ကိုးရီးယား စစ်မြေပြင်တပ်မှူးအဖြစ်က ဖြုတ်ပစ်ခဲ့ရပါတယ်။ (တကယ်တော့ ထရူးမင်းဟာ ဂျပန်မှာ အနုမြူဗုံးကြဲဖို့ အမိန့်ပေးခဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်မှာ အနုမြူဗုံးမရှိပါဘူး။ ဂျပန်ကို နာလန်မထူနိုင်အောင် အနုမြူဗုံးကြဲပြလိုက်တော့ ဆိုဗီယက်ကိုလည်း ခြောက်လှန့်ပြီးဖြစ်သွားလို့ အကျိုး(၂)ခု ရလိုက်ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ တရုတ်ပြည်အပေါ် အနုမြူဗုံးကြဲမိရင် ဆိုဗီယက်က ၀င်ပါရလိမ့်မယ်။ ဆိုဗီယက်မှာက အနုမြူဗုံး ရှိနေပါပြီ။ ကမ္ဘာဖျက် စစ်ပွဲကြီး ဖြစ်တော့မှာ သေချာသလောက်ပါ။ ဒါကြောင့် အရမ်းပြော အရမ်းလုပ်မယ့် စစ်ဗိုလ် မက်အာသာကို အိမ်ဖြူတော်က ဖြုတ်လိုက်ရတာပါပဲ။ ဒီလိုနဲ့ သမ္မတ အိုက်ဆင်ဟောင်ဝါ လက်ထက်မှာ ကျမှ နှစ်ဖက်စလုံးက “သရေပွဲ” အဖြစ် အသိအမှတ်ပြုပြီး စစ်ကို ရပ်လိုက်တာ ဖြစ်ပါတယ်။ ကိုးရီးယား စစ်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ရှင်းမှပြီးသွားတာပါ။

ဗီယက်နမ်စစ်ပွဲမှာလည်း ဒီလို ပြဿနာ ကြုံခဲ့ဖူးပါတယ်။ အမေရိကန်ဟာ စစ်ကိုနိုင်အောင် တိုက်နိုင်မယ် ထင်လို့ ပဲရစ်ဆွေးနွေးပွဲတွေကို ဟန်ဆောင်လောက်လုပ်ပြီး အချိန်ဆွဲနေခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဟာ သူတို့ထင်သလို ဖြစ်ပေါ်မလာပဲ ဗြုံးဆိုအကွေ့အချိုး တခုကို ရောက်သွားပြီး အမေရိကန်တွေ အကုန် ထွက်ပြေးရတာ ဖြစ်ပါတယ်။

စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေက နိုင်ရမှကြိုက်ပါတယ်။ အရှုံးအနိုင်ပြတ်ပြီးမှ စကားပြောချင်ပါတယ်။ သေနတ်နဲ့ ပြောပြီးမှ ပစပ်နဲ့ ပြောချင်ကြတာပါ။

တကယ်တော့ ဗမာပြည်အရေးနဲ့ ပတ်သက်လို့ “သရေပွဲ” ဆိုတဲ့ နိုင်ငံရေး နည်းနာဟာ အသစ်အဆန်း မဟုတ်ပါဘူး။ သခင်ကိုယ်တော်မှိုင်းရဲ့ “သူမနာ ကိုယ်မနာ သင်ပုန်းချေရေး” နည်းဟာ “သရေပွဲ” အဖြစ် လက်ခံတဲ့ နည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို ဖဆပလ အစိုးရနဲ့ စစ်ဗိုလ်တွေက “အဖိုးကြီးဟာ သူပုန်တွေအတွက် ရှေ့နေလုပ်တယ်” လို့ ပစ်ပစ်ခါခါပြောပြီး အပြုတိုက်ရေးကို လုပ်ကြတာနဲ့ ပြည်တွင်း စစ်ကြီး ဒီနေ့အထိ မပြီးမပြတ် ဖြစ်နေရတာပါပဲ။

မဆလခေတ်မှာ ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေ၀င်းရဲ့ ရုပ်သေးရုပ် တရုပ်သက်သက် ဖြစ်ပါတယ်။ သူအာဏာရလိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာ ပြောခဲ့တာဟာ “စေ့စပ်ဆွေးနွေးပွဲ” ခေါ်တာမဟုတ်ပါဘူး။ “စကားပြောပွဲ” နည်းနဲ့ အချိန်ဆွဲချင်တာပါ။ ဒါကို ဘယ်သူကမှ ၀မ်းမပါးခဲ့ဘူးဆိုတာ အဲဒီကာလ ဖြတ်သန်းဖူးသူတိုင်း မှတ်မိကြပါတယ်။ သူက အပျော့ဆွဲ ဆွဲပြီး “လူထုအုံကြွမှု” ကို ရပ်ပေးအောင် လှည့်စားတာ ဖြစ်ပါတယ်။ ကြောင်ချေးပရိယာယ်ပါ။ သူ့စကားထဲမှာ တကသ အဆောက်အဦးကြီးကို သူတို့ ခေါင်းဆောင်မှုနဲ့ ပြန်ဆောက်ကြဖို့ ဆိုတာတောင် ပါသေးတာပဲ။ “ဒီစကားမျိုးကို ဗိုလ်နေ၀င်းက အပြောမခိုင်းရင် ဒေါက်တာ(ဗိုလ်)မောင်မောင် ကပြောဝံ့ပါ့မလား”

နိုင်ငံရေးမှာ ရိုးအ ထုံထိုင်းနေသူ နာတတ်ပါတယ်။ ဒေါက်တာ(ဗိုလ်)မောင်မောင်ရဲ့ စကားတွေထဲမှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပါယ်တွေ အများကြီး ပါနေတာကို သတိပြုသင့်ပါတယ်။

“အသံတိတ်နေတဲ့ အများစုကြီး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်။
“တကသ အဆောက်အဦးကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြပါစို့” (ထင်ပါရဲ့) ဆိုတာရဲ့အဓိပ္ပါယ်။
“၁၉၇၄ (မဆလ) အခြေခံ ဥပဒေ” ကို ပြုပြင်သင့်တာ ပြင်ဖို့ဆိုတဲ့ အဓိပ္ပါယ် စသဖြင့် စကားတိုင်းရဲ့ နောက်ကွယ်က အဓိပ္ပါယ်တွေကို တွေ့အောင်ကြည့်တတ်ရပါမယ်။

အလားတူ ဗိုလ်သန်းရွှေတို့က “စကားပြောတယ်” ဆိုတာရဲ့ နောက်ကွယ်မှာ ဖုံးဝှက်ထားတဲ့ အဓိပ္ပါယ်ကိုလည်း ကျွန်တော်တို့ ထိုးထွင်းကြည့်တတ်ဖို့ လိုပါတယ်။ ကျွေးရင် ကျွေးတိုင်းစားတဲ့ အရွယ်တွေ မဟုတ်ကြတော့ ပါဘူး။

Monday, April 7, 2008

လူထုဒေါ်အမာ




Summary

Rest of your post
Posted by Picasa

“NO” ဆိုတဲ့ 7day sports journal


ယခုဧပြီလ ၂-ရက်နေ့ထုတ် 7day sports journal တစောင်ကို ကောက်ကိုင် ဖတ်ကြည့်လိုက်တဲ့အခါ တော်တော်အံ့အားသင့် သွားပါတယ်။ အံ့အားသင့်ခြင်းနှင့်အတူ အားတက်ခြင်းပါ တပြိုင်နက်တည်း ခံစားလိုက်ရတယ်။ စစ်အာဏာရှင်စနစ် ကျွန်သက်ရှည်မည့် ဖွဲ့စည်းပုံအခြေခံဥပေဒေကို ဆန့်ကျင်ကန့် ကွက်မဲပေးရေးကို အမျိုးသားရေးတာဝန်ဖြင့် တတိုင်းတပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် လူပ်ရှားတိုက်ပွဲဝင် နေတဲ့အချိန်မှာ အခုလို အားကစားဂျာနယ်တခုရဲ့ မျက်နှာဖုံးကနေ စစ်အာဏာရှင်တိုက်ပွဲဝင်တဲ့ စာသားများကို တွေ့လိုက်ရတဲ့အတွက် ကျနော်တို့ အရမ်းကို ၀မ်းသာအားရဖြစ်ပြီး ကျေနပ်မိလိုက်ပါတယ်။

အခုလို မြန်မာပြည်နေရာအနှံ့“NO” ဆိုတဲ့စကားလုံးပြန့်နှံ့နေချိန်မှာ ဒီအားကစား ဂျာနယ်မျက်နှာဖုံးမှာလည်း ရန်သူမိတ်ဆွေ မကွဲပြားသော တိုက်ပွဲများနှင့် ဆိုသော စာသား ကိုသုံးထားပြီး အဲဒီရဲ့အောက်မှာ အဖြူရောင်စာလုံးကြီးဖြင့် အင်္ဂလိပ်လို “NO” ဆိုတာကို ထင်ထင်ရှားရှားကြီးရေးထားတာ တွေ့လိုက်ရ ပါတယ်။

ရန်သူ မိတ်ဆွေခွဲခြားဖို့ “NO” လုပ်ကြပါစို့ ဆိုတဲ့အဓိပ္ပါယ်ကို လူထုအား thanshwe killer ပြောင်းပြန်ရေးသလို ပညာသားပါပါနဲ့ ခပ်ပါးပါးလေး ထည့်လိုက်ခြင်း ဖြစ်တယ်လို့ ခံစားလိုက်ရပါတယ်။ အထက်ပါဓါတ်ပုံကို ကြည့်ကြပါခင်ဗျား...။

ဂျာနယ်ရဲ့နောက်ကျောအဖုံး စာမျက်နှာဘက်က စာသားများကလည်း အင်မတန်မှကို အဓိပ္ပါယ်ရှိပြီး လူထုဘ၀နဲ့ ထပ်ဟပ်တဲ့ ခံစားချက်မျိုးတွေကို အနှစ်သာရရှိရှိနဲ့ ဖေါ်ပြထားချက်တွေက တကယ့်ကို ရသမြောက်လှပါတယ်။



မျှော်လင့်ချက် ဆိုတာတွေ၊ နောက်......အနာဂါတ်တခု၊ ဒုတိယမြောက် လက်စားချေခွင့်၊ တစ္ဆေခြောက်မှုကို အဆုံးသတ်မယ့်ညတွေ။ နောက်ပြီး ဂုဏ်သိက္ခာ မြင့်တင်နိုင်မဲ့မာန်၊ ဆာလောင်ပြင်းပြတဲ့ဆန္ဒ၊ ကိုယ်စီမျှော်လင့်ချက် ကြယ်ဝါရောင်တွေနဲ့အတူ ကျနော် - ခင်ဗျား ဘယ်သူမှားမလဲဆိုတဲ့ စာသားတွေဟာ မြန်မာပြည်ပြည်သူလူထု တရပ်လုံးနဲ့ ခေါင်းဆောင်မှုကို ရည်ညွှန်းနေရော့လားဟု ခံစားလိုက်ရပါတယ်။

Summary

Rest of your post
Posted by Picasa

ရှမ်းပြည်နယ်အတွင်းနအဖတပ် မုဒိမ်းကျင့်၊ လုယက်၊ ဓါးမြတိုက်

ဥတ္တရ
ဘာသာပြန်
နအဖ၏ ကင်းလှည့်ခြေလျင်တပ်ရင်းတခုသည် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာတရွာသို့ ၀င်ရောက်၍ မုဒိမ်းကျင့်၊ ဓါးမြတိုက်၊ လူရိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

မတ်ခ်ျလ ၂၁ရက်နေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် စကခ(၂) လက်အောက်ခံတပ်ဖြစ်သော လဲချားမြို့အခြေစိုက် ခြေလျင်တပ်ရင်းအမှတ် ခလရ (၅၁၅)မှ ဗိုလ်ကြီး ကျော်မြင့်သိန်း ဦးဆောင်သော အင်အား(၄၀)ခန့်သည် မိုင်းနောင်မြို့နယ်ခွဲ ခဲ့စီ(kehsi)မြို့နယ်၊ မိုင်းယိုင်ကျေးရွာအုပ်စုအတွင်းရှိ ပါ့က်ယန်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ထိုကျေးရွာအတွင်းရှိ အိမ်တအိမ်ထဲသို့ ၀င်ရောက်ကာ အသက်(၁၇)နှစ်အရွယ် မိန်းခလေးတဦးအား ကျော်မြင့်သိန်း ဦးဆောင်သော စစ်ကြောင်းအတွင်းရှိ စစ်သားတဦးက မုဒိမ်းကျင့်ခဲ့သည်ဟု သိရသည်။ ထိုစစ်သား၏ရန်မှ အကာအကွယ်ပေးခဲ့သော မိန်းခလေး၏ အမေကိုလည်း ရက်ရက်စက်စက် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ယခုလို သိရှိရသည်။

“ကောင်မလေးအမေရဲ့ခေါင်းကို ထင်းချောင်းနဲ့ရိုက်တာ။ သွေးတွေက ဖြာထွက်ပြီး တကိုယ်လုံးကို ရွှဲစိုနေတာ။ ငိုသံကြားရတဲ့ ရွာသားတဦးက အဲဒီနေရာကို ကူဖို့ရောက်လာတဲ့အခါမှာ ကျန်တဲ့ရဲဘော်တွေက သူကို ၀ိုင်းရိုက်ကြလို့ သူလည်းထွက်ပြေးသွားခဲ့တယ်”

“စစ်တပ်က ရွာထဲကို ၀င်တဲ့အခါမှာ သေနတ်(၁၅)ချက် မိုးပေါ်ထောင်ဖေါက်တော့ ရွာသားတွေ ကြောက်လန့်တကြား အကုန်ထွက်ပြေးကုန်ကြတယ်။ အဲဒီနောက် ရွာမှာ တယောက်မှမရှိကြတော့ဘူး။ ရွာသားတွေမရှိတော့ အဲဒီတပ်က စစ်သားတချို့က အိမ်တွေထဲဝင်ပြီး အကုန်လျှောက်မွေတော့တာ။ သူတို့လိုခြင်တာမှန်သမျှ အကုန်လုံးယူသွားကုန်တယ်”

“ရွာထဲက အိမ်တွေထဲက ပစ္စည်းတွေတော်တော်များများ ပျောက်ဆုံးခဲ့တယ်။ အဲဒီထဲက အတိအကျ သိရတာကတော့ နိုင်မိုင်(နာမည်ရင်းမဟုတ်)နဲ့ နန်းအေးအမ်(နာမည်အရင်းမဟုတ်)တို့ ပိုင်တဲ့ စောင်အခင်းတွေ၊ နောက်.....ကြက်ရယ် ပိုက်ဆံရယ် ယူသွားတယ်။ နိုင်းမိုင်ဆီက (၅၀၀၀)ကျပ်ရယ် အေအမ် ဆီက (၂၀၀၀၀) ကျပ်ယူသွားကြတယ်”
ဟု ဒေသခံတဦးက ပြောဆိုသည်။


ခြေလျင်တပ်ရင်းအမှတ်(၅၁၅)သည် မိုင်းကိုင်၊ ခဲ့စီ၊ လဲချားမြို့ ပါတ်ဝန်းကျင်များတွင် ကင်းလည့်လည် သွားလာနေသော ခြေလျင်တပ်ရင်းဖြစ်သည်။

ရှမ်းသတင်းအေဂျင်စီမှ ဖေါ်ပြသော သတင်းကို ဘာသာပြန်တင်ပြပါသည်။

Sunday, April 6, 2008




လူထုခေါင်းဆောင်အမေလူထုဒေါ်အမာ (၁၉၁၅-၂၀၀၈) ယနေ့မနက်(၈နာရီ ၃၈မိနစ်)တွင် မန္တလေးမြို့၌ ကွယ်လွန်သွားခဲ့သည့်အတွက် ဥတ္တရမှ အထူးဝမ်းနဲကြေကွဲမိပါကြောင်း မှတ်တမ်းတင်ပါသည်။
Summary

Rest of your post
Posted by Picasa

Saturday, April 5, 2008

“အဝေးက ပေးစာတစောင်”

၂၀၀၈ခုနှစ် မတ် ၂၃

ကိုဟိုဒင်းရေ ....
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့ မိတ်ဆွေတယောက်နဲ့ အီးမေးလ်အပြန်အလှန်ရေးကြရင်း တကဲ့ ဂီတအနုပညာသည်စစ်စစ်ဖြစ်တဲ့သူက...ဂီတလုင်မောင်ကိုကို ဆုံးသွားတာ ဘယ်သူမှ ဂုဏ်ပြုစာ မရေးကြဘူး ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်းဒေါသနဲ့ ပြောပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကို ကိုယ်ချင်းစာမိတာနဲ့ ငိုင်ကျ သွားမိတယ်။ ဟုတ်တယ်ဗျာ၊ သူနဲ့ မတမ်းမယိမ်းကွယ်လွန်ကြတဲ့ အေ၀မ်းစိုးမြင့်၊ ကိုလေးညွှန့်စသဖြင့် အစားထိုးမရတဲ့ ပညာရှင်တွေ ကွယ်လွန်တာဟာလည်း တကယ့်ကို ၀မ်းနည်းစရာပဲ။ ကျနော့် ခေါင်းထဲမှာ (ရင်ထဲမှာလို့လည်း ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြုတဲ့ ဆောင်းပါးလေးတစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမဲ့ ကိုယ်က သူတို့အကြောင်းကို သူများတကာထက် ပိုသိတာလည်းမဟုတ်၊ သူတို့ ပညာကိုလည်း လိုက်မီတာ မဟုတ်ပဲနဲ့၊ ရေးလိုက်ပါမှ ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူး တာမျိုး ဖြစ်နေမှာ စိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြောလိုက်မိပါတယ်။
အခုတော့ သူတို့နောက်ကို ထက်မြက်တဲ့ ဂီတာပညာရှင် နောက်တယောက် လိုက်သွားပါပြန်ကောလားဗျာ.....။

သူကွယ်လွန်တဲ့ သတင်းကို ကျေညာပြီနောက် ရေဒီယိုတွေကနေ သူ့ရဲ့ “ နေရစ်တော့ကွယ်၊ သွားတော့မယ်” ဆိုတဲ့ သီချင်းလေးဖွင့်ပေးတော့ ကျနော်ဖြင့် မျက်ရည်ကျလုတဲတဲ ငေးနေမိ၊ ပြန်သတိရနေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့ အကြီးမားဆုံး အပြောင်းအလဲကြီး တခုဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ ဘ၀အတွင်းဝင်ရောက်လာတဲ့ သီချင်းများနဲ့ တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေရက်များနဲ့ မေ့မရတဲ့ သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော်က..............။

ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ကျနော့် လူငယ်ဘ၀ဟာ သာမန်လူ့လောကမှာ တယ်ပြီးနေရတာမှ မဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာ ဖြတ်သန်းရတဲ့ ကာလက ပိုများတဲ့ဥစ္စာ။ ဒီလိုနဲ့ တခါတော့ ခင်ဗျားတို့ သိကြတဲ့အတိုင်း ပစ္စ န္တရစ်အရပ်မှာ ကျနော်ကာလတခု သွားနေလိုက်ရတယ်။ အဲဒီက ပြန်ရောက်လာတော့ အင်းစိန်ထောင်ထဲရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ်စတီရီယိုတေးတွေကို ကြားရတာကိုးဗျ။

ထောင်ပြင်ကနေ လွှင့်ပျံ့လာတဲ့ လော်သံတွေကပေါ့။ ကျနော်ဖြင့် ဟာ... ငါ့နားများ မှားတာလား၊ ဘာသာခြား သီချင်းတွေ လွှင့်နေတာလား၊ ဂီတကလည်း ဆန်းချင်တိုင်းဆန်း၊ စာသားတွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှုချင်း ဆောင့်မိတာလို့ ဆိုရမလားမသိပါဘူး၊ ခေါင်းကိုချာလပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ ညီကို မေးကြည့်ပြီး သူတို့ ပြောပြလို့သိရတယ်။

အော်.......... ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့ စိမ်းလွန်းလို့ ကျနော်က အလှမ်းဝေးဝေးမှာပဲ နေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ထူးထူးခြားခြား ချွန်ထက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားမိလိုက်တယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့ သီချင်းက “ မန္တလေးရောက် ရှမ်းကလေးတယောက်” ဆိုတဲ့ သီချင်း။

အဲဒီနောက်တော့ ကျနော်အိမ်ကိုစွန့်ခွာရရော။ မိဘမောင်နှမနဲ့ ဆွေမျိုးမိတ်ဆွေတွေကို ခွဲခွာရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက်သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနု စတာတွေ နေထိုင်တဲ့ တောင်တန်းတွေ၊ လွင်ပြင်တွေမှာ ပေါ့ဗျာ။ အိုးစည်သံ၊ လင်းကွင်းသံတွေ မြိုင်လှတဲ့၊ အဲ....မဟုတ်ဘူးဗျ။ အိုးစည်သံ...လင်းကွင်းသံ ဆိုတာက ပွဲလမ်းကျမှ ကြားရတာ။ ၀ါတွင်းဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်း ကြားရတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ အများဆုံးကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာရောက်ရောက်၊ ဘယ်လူမျိုးတွေအကြားရောက်ရောက် ကာလသား၊ ကာလသမီးတွေဟာ ကက်ဆက်ပါလာသူကို စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေ ဖွင့်ခိုင်းကြတာပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်းကြိုက်ကြပါရဲ့၊ ဒါပေမဲ့ ဒီနှစ်ယောက်၊ အထူးသဖြင့် စိုင်းထီးဆိုင်လောက် ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှ မတွေ့ရပေါင်ဗျာ။

ပအို့ အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ရှိတာကိုးဗျ။ အပျိုလည်တယ်ဆိုတာ ထူးထူးခြားခြား တော့မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ၊ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီးတဲ့နောက် ညမှာ အပျိုလေးတွေရှိတဲ့ အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင် လေကန်ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့ အဓိက အခန်း၊ ဧည့်ခန်းကြီးထဲမှာ ရှိတာပါ။ နောက်ပြီး ကာလသားနဲ့ ကာလသမီး တယောက်ချင်းစကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင်အပျိုက လာသမျှ ကာလသားကို ဧည့်ခံစကားပြောရတာပါ။ ပြောတာက တဖက်က အလုပ်လုပ်ရင်း တဖက်ကပြောတာပါ။

ဥပမာ ကြက်သွန်ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေကနေ အမြှောင်းတွေအဖြစ် ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်ကမျိုးတွေကို ချွေ၊ လာတဲ့ကာလသားတွေကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်က ကြက်သွန်မျိုးတွေကို ချွေ၊ အဲဒီလို လေကန် ကြတာပဲဗျ။ အဲ...ထူးခြားတဲ့ ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကို ကြိုက်သလား လို့မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်ဗျ။ သူတို့ထုံးစံပဲ။ ခုနက ပြောနေတာနဲ့ ပြန်ဆက်ရရင် အဲဒီလို အပျိုလည်ကြရာမှာ တတ်နိုင်တဲ့ကာလသားများက ကက်ဆက်လေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှ အပျို့ရှေ့မှာ ဖွင့်ပြ၊ နားထောင်ကြ၊ ထင်မြင်ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ ကြက်သွန်ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓါတ်ခဲအသစ်အဟောင်း၊ တပတ်ရစ်၊ ဓာတ်ခဲ မျိုးစုံပါလာတတ်သဗျ။ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ နှင်းကျကျ အဲဒီစတိုင်က မပျောက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့ သီချင်းတွေကတော့ စိုင်းထီးဆိုင်၊ စိုင်မောဝ်တို့ရဲ့ ဟာတွေပေါ့ဗျ။

ကျနော်က အဲဒီတုန်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ အတူနေ၊ အတူစား၊ အတူလှုပ်ရှားနေတာ ဆိုတော့ ရွာတကာလှည့်ပြီး မြို့နယ်အလုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီကျနော်တို့ရဲ့အဖွဲ့မှာ သေနတ်လို မပါမဖြစ်ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက်ခွေတွေပဲဗျ။ သူတို့က ဒေသခံလူထု။ အထူးသဖြင့် လူငယ်ပိုင်းတွေနဲ့ စကားပြောပြီးရင် ကက်ဆက်လေးဖွင့်၊ ထွေရာလေးပါး ပြောကြတာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား၊ ဘယ်သီချင်းလေးဖွင့်ပါအုန်း စသဖြင့် ပြောကြ၊ တောင်းဆိုကြတာ။ စိုင်းထီးဆိုင်နဲ့ စိုင်မောဝ်တို့ရဲ့ သီချင်းတွေချည်းပါပဲ။ နောက်ပြီး ကျနော်တို့တတွေ တတောင်ကနေ တတောင်၊ တရွာကနေတရွာ သွားကြတော့လည်း လက်ထဲပါလာတဲ့ကက်ဆက်က သူတို့ သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော့်အဖို့ ရှမ်းပြည်နယ်က ဒီတော၊ ဒီတောင်၊ဒီမြောင်၊ ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့မရဘူး ဖြစ်သွားတယ်။ လှေစီးရင်း၊ မြင်းစီးရင်း ဒီသီချင်းတွေနဲ့ လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေ ကိုယ်က သူတို့စကားနားမလည်လို့ ကိုယ့်ကိုရွာထဲက အိမ်တအိမ်မှာ သေနတ်တလက်၊ ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်းရှိတယ်။ ကက်ဆက်နဲ့ထားခဲ့တယ် ဆိုတာထက် ထီးဆိုင်တို့ စိုင်မောင်ဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင် ပိုမှန်မယ် ထင်ပါတယ်ဗျာ။
ကျနော် အဲဒီနေရာတွေကို ခွာရတဲ့အခါမှာ သူတို့သီချင်းတွေ ခေါင်းထဲရင်ထဲမှာ စွဲကပ်ပြီး ပါလာတာပေါ့၊ အဲဒါလည်း ကြာသွားပြီ။
အခုတော့ ကျနော့် လက်ထဲမှာ သေနတ်မရှိတော့ဘူး။
ရင်ထဲမှာ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေတော့ ရှိနေတယ်။

ယာတောက သာဗြော



Summary

Rest of your post

Friday, April 4, 2008

“မြစ်ကြီးနားတွင် မီးလောင်ပြန်ပြီ”

ဥတ္တရ
၎-၄.၂၀၀၈

မစ်ကြီးနားမြို့တွင် ၂၀၀၈အေပြီလ (၃)ရက်နေ့ မနက်ငါးနာရီချိန်ခန့်တွင် မီးလောင်မှုတရပ်ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနား မြိုခံတဦးက ဥတ္တရသို့ ပြောကြားခဲ့သည်။

မီးလောင်မှုသည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး တရုပ်လူမျိုးပိုင် အိမ်တလုံးမှစတင်လောင်ကျွှမ်းခဲ့ပြီး အိမ်နှစ်လုံးမီးလောင်ပြာကျခဲ့သည်ဟု ထိုမီးလောင်မှုကိုသွားကြည့်ခဲ့သူ မြစ်ကြီးနားမြို့ခံတဦးက ပြောပြသည်။ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကားနှစ်စီးရောက်ရှိလာသော်လည်း မီးမငြိမ်းသတ်နိုင်ကြောင်းထိုမြို့ခံက ယခုလိုပြောပြသည်။


“လူထုက မီးသတ်ကားကို မျှော်နေတာ။ မီးသတ်ကားက ရောက်သာရောက်လာတယ် မီးမငြိမ်းနိုင်ဘူး ရွှေညောင်ပင်လူထုက ရင်တမမနဲ့ ကြည့်နေကြရတာ။ မနက်ပိုင်းဖြစ်တော့ လေငြိမ်နေလို့ တော်သေးတာ ပေါ့။ ဟိုတရက်ကလို လေပြင်းတွေသာ တိုက်နေရင်တော့ တမြို့လုံးတောင်ပြာကျသွားမှာ”


မီးသတ်ကားသည် ထိုမီးလောင်သည့်နေရာသို့ရောက်ရှိလာသော်လည်း မီးသတ်ပိုက်က ပျက်နေသဖြင့် မီးမငြိမ်းသတ်နိုင်ခဲ့ကြောင်းလည်း ဥတ္တရမှ ထပ်မံသိရှိရသည်။



Summary

Rest of your post

“လာနေပြီ”

˜ အရယ်ရပ်

အငိုရပ်

အပြောရပ်

အစားရပ်

မျှော်သူမျှော် စွင့်သူစွင့်

ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားရတဲ့

ငြိမ်သက်မှုကြီးအကြား

သူတခွန်း ကိုယ်တခွန်း

“တိုး....တိုး” “တိုး....တိုး”

မေးထိုးကာ ခေါင်းငြိတ်ကာ

“လာနေပြီ လာနေပြီ” တဲ့။

သူ့တို့ကြည့်တယ်

မမြင်ရ

ဒါပေမဲ့သိတယ်။

သူတို့နားထောင်တယ်

မကြားရ

ဒါပေမဲ့သိတယ်။

ခွေးမဟောင် ကြောင်မလန့်

ကြက်မတွန် ကျီးမသာ

ဒါပေမဲ့ မလွဲဘူး

ဒို့သိတယ် မယွင်းဘူး

ဒီခြေသံမျိုး ဒို့ကြားဖူးတယ်

ဒီကြွေးကြော်သံမျိုး ဒို့အော်ခဲ့ဖူးသပေါ့

သဲ့သဲ့လား တိုးတိုးလား

ဒို့နားမမှားဘူး။

ရွာဦးကစေတီယံ ဆွဲလွဲတွေတ၀ဲဝဲနဲ့

ညောင်ရွက်တွေ တရှဲရှဲမြည်နေမှတော့

အနာဂါတ်ကို သယ်လာတဲ့

မုန်တိုင်းနီကြီး လာနေပြီပေါ့

ဒီကိုမရောက်သေးလို့သာရယ်။

လက်တွဲဖို့အတွက် လက်ကုပ်ပြောပါ

ခြေလှမ်းပြင်ဖို့အတွက် ခြေတို့ပြောပါ

မျက်စိလျှင်ဖို့ မျက်စပစ်ပြပါ

လာတဲ့အခါ

သူတို့လည်းပါလာမယ်

ခွပ်ဒေါင်းနဖူးစည်း

ရှာပြီးပြင်ထားပါ။

ပိုစတာကားချပ်

ရေးဖို့ပြင်ထားပါ

ဂျင်ကလိကိုလည်း

မြိနေအောင်သွေးထားပါ။

မပူပါနဲ့

နေထွက်ချိန်မှာ နေထွက်

နေတက်ချိန်မှာ နေတက်

နေကျချိန်မှာ နေကျ

နေ၀င်ချိန်မှာ နေ၀င်

နောက်ပြီး သန်းကောင်

သန်းကောင့်ဟိုဘက်မှာ

သမိုင်းသစ်

ဒို့လက်နဲ့ထုဆစ်မယ်။......။


ဖိုးသံ (လူထု)



Summary

Rest of your post