Tuesday, May 13, 2008

ငြိမ်းအဖွဲ့ ခေါင်းဆောင်များ ထောက်ခံမှုနဲ့ ပြည်သူ့ဆန္ဒမဲများ

တိုးတက် (PMV)

လွန်ခဲ့သည် ၂၀၀၈ခုနှစ် မေလ (၉/၁၀)ရက်နေ့များတွင် စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအတည်ပြုရေး မဲဆန္ဒခံယူပွဲတွင် အပစ်အခတ် ရပ်ဆဲထားသည့် ငြိမ်းအဖွဲ့အချို့မှ ခေါင်းဆောင်များကိုယ်တိုင် ထောက်ခံမဲများ ထည့်ဝင်ခဲ့ခြင်းများ ရှိခဲ့သလို ခေါင်းဆောင်များကိုယ်တိုင် ဆန္ဒမဲထည့်ဝင်ခြင်း မရှိသည့် အဖွဲ့များလည်းရှိခဲ့ကြောင်း သတင်းရရှိသည်။

အပစ်အခတ်ရပ်စဲထားသော ငြိမ်းအဖွဲ့များမှ ခေါင်ဆောင်များကိုယ်တိုင် စစ်အုပ်စုမှကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု ဆန္ဒခံယူပွဲတွင် ထောက်ခံမဲထည့်ခဲ့သော ဒေသများတွင် နအဖမှ မဲအပြတ်အသတ် အနိုင်ရရှိသွားခဲ့ပြီး ခေါင်းဆောင်များကိုယ်တိုင် ဆန္ဒမဲမပေးခဲ့သည့် အဖွဲ့အချို့တွင် ဒေသနေပြည်သူများနှင့် တပ်ဖွဲ့ဝင်များ၏ ဆန္ဒသဘော အရသာ မဲထည့်ခဲ့ကြသည့်အတွက် မဲအရေအတွက် ပြတ်သားစွာ အနိုင်ရရှိခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

နအဖဖြင့် အပစ်ရပ်စဲထားသော ကေအိုင်အို အဖွဲ့မှ ဗဟိုကော်မတီဝင် (၂)ဦး၊ တပ်မဟာမှူး (၂)ဦး တို့နှင့် အမာခံကေဒါများမှ ဦးဆောင်၍ နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ထည့်ခဲ့ကြောင်း သိရှိရသည်။ ကချင်အထူးဒေသ(၁) ဆဂုန်တိန့်ယိန်းအဖွဲ့ နယ်မြေအတွင်းတွင်လည်း ဦးဇဂုန်တိန့်ယိန်းကိုယ်တိုင် ထောက်ခံမဲထည့်ခဲ့ပြီး၊ ကိုးကန့်အဖွဲ့မှလည်း ဗဟိုကော်မတီဝင် (၂)ဦးမှ ဦးဆောင်၍ မေ(၉/၁၀)ရက်နေ့တွင် ထောက်ခံဆန္ဒမဲအား ထည့်ခဲ့ကြောင်း သိရှိရသည်။ သို့ဖြစ်၍ ကေအိုင်အို နယ်မြေ၊ အင်န်ဒီအေကေ ဦးဇဂုန်တိန့်ယိန်း နယ်မြေအတွင်းနှင့် ကိုးကန့်ဒေသများ အတွင်းတွင် နအဖမှ ဆန္ဒမဲများကို အပြတ်အသတ်အနိုင်ရရှိသွားကြောင်း သိရှိရသည်။

အခြားအပစ်ရပ်အဖွဲ့များဖြစ်သော “၀” အဖွဲ့၊ ၈၁၅ဒေသ ဦးစိုင်းလင်း အဖွဲ့များမှ မည်သည့် ဗဟိုကော်မတီဝင်မှ ဆန္ဒမဲ မပေးခဲ့ကြောင်းကိုလည်း သိရှိရပြီး ဆန္ဒမဲများ အနေဖြင့်လည်း ပြတ်သားစွာ ထောက်ခံမဲများ မရရှိခဲ့ကြောင်း သိရှိရသည်။



Summary

Rest of your post

တူမကြီးဖတ်ဖို့ (၁)

ညှပ်ကြီး (မြင်းခြံ)
မနှစ်က စက်တင်ဘာ လူထုအုံကြွမှုအပြီး တူမကြီးရောက်လာတော့ ဦးဦးဖျားဖျား မေးလာတဲ့ “ဦးလေးတို့ ဒီမိုကရေစီ တော်လှန်ရေးက ဘယ်လိုလဲ ဦးလေး” ဆိုတဲ့စကားကို ဦးလေး အံ့သြသွားသလို ၀မ်းလည်းဝမ်းသာ မိတာအမှန်ပါ။ အံ့သြတာက အခုခေတ် ဗမာပြည်မှာ စားဝတ်နေရေးက တအားဖိစီးကြတယ်မှုတ်လား။ ဒီကြားထဲက ကိုယ့်နိုင်ငံ့အရေး ထည့်တွေးနိုင်ဖို့က လက်တွေ့ကျတော့ မလွယ်လှဘူးလေ၊ ဦးလေးတို့ စာနာ နားလည်မိပါတယ်။ ၀မ်းသာတာက ဒို့နိုင်ငံသားတွေဟာ ဒို့နိုင်ငံ့အရေးကို ဘယ်ခေတ် ဘယ်အခါမှာပဲဖြစ်ဖြစ် နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ဓါတ် နိုးကြားတတ် နိုးကြားလေ့ ရှိနေလို့ပါ။ အဲဒီနေ့က ဦးလေး ဘာမှထူးထူးခြားခြား ပြန်မဖြေခဲ့ပါဘူး။ အခုတော့ ဆန္ဒခံယူပွဲ ဆိုတာလဲ နီးလာ၊ မှုန်ဝါးဝါး သမိုင်းအတွေးစ လေးတွေ အနာဂတ်အမြင်တွေ တွေးမိပြီး တူမကြီးဖတ်စေချင်လို့ ဒီစာ ရေးမိတာ။
ဦးလေးတို့ နိုင်ငံဟာ (၁၈၂၄) ခုနှစ်ကထဲက တစိတ်တပိုင်းကျွန်ဖြစ်၊ (၁၈၈၅)ခုနှစ်မှာ လုံးဝ ကျွန်ဖြစ်ခဲ့တာ အလယ်တန်း အထက်တန်း အရွယ်ဆို သိပြီးသားဖြစ်မှာပါ။ ကျွန်ဖြစ်တယ်ဆိုတဲ့စကားလေးနဲ့ သမိုင်းဖတ်စာထဲ ဖတ်ကျက် ရေး ဖြေ၊ ဒါနဲ့ပြီးသွားလို့ကတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း စကားနဲ့ မကိုက်ဘူးဖြစ်နေမှာ။ ကိုယ်ဖြစ်ချင်လို့ ဖြစ်လာတဲ့ကျွန် မဟုတ်သလို သူ့ကျွန်ကနေ လွတ်လပ်ဖို့ဆိုတာလဲ ဘယ်နှစ်နှစ်ကြာပြီး သူရဲကောင်း ဘယ်နှစ်ယောက် ကျဆုံးပြီးမှ ရခဲ့တာလဲ၊ အချိန်တွေ ဘ၀တွေ သွေးတွေခင်းခဲ့ ကျရတာကလား။ (၁၉၄၈)ခုနှစ် ဇန္န၀ါရီလမှာ လွတ်လပ်၊ မတ်လမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာ အခုထိဆိုတော့ ဒို့ပြည်သူတွေဟ (၁၈၂၄)ခုနှစ်ကနေ အခု (၂၀၀၈)ခုနှစ်ထိ နှစ်ပေါင်း (၁၈၀)လုံးလုံး စိတ်အေး ချမ်းမြေ့ ကျောသားရင်သားမခြား မနေခဲ့ရရှာကြဘူး တူမပြီးရေ။
ကျောက်ခေတ် ကျွန်ခေတ်တွေထားပါ။ ဒို့နိုင်ငံရဲ့ ကျောက်စာ ပေစာ အထောက်အထားတွေအရ ပုဂံခေတ်က စရေတွက်ရင် နှစ် (၁၀၀၀)သမိုင်း၊ ဒီနှစ် (၁၀၀၀)ထဲမှာ ပဒေသရာဇ်ခေတ်က နှစ်(၈၀၀)၊ ဒါတောင် နှစ်(၈၀၀)လုံးလုံး ထီးနဲ့ နန်းနဲ့ ကိုယ့်ဘုရင်နဲ့ နေ နေကြတာ မဟုတ်ဖူးလေ။ ထီးမဲ့ နန်းမဲ့ ဘုရင်မဲ့ နှစ်တွေလဲ မနည်းဘူး။ ဒို့နိုင်ငံက တခြားတိုင်းပြည်တွေလို ပဒေသရာဇ် တော်လှန်ရေး ဆင်နွှဲစရာမလိုပဲ ကျွန် တန်းဖြစ်ခဲ့ကြရတာ၊ ဒီမှာတင် နယ်ချဲ့တော်လှန်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး.....ဆရာတော ဦးဝိစာရ၊ ဦးဥတ္တမ၊ ဗိုလ်ဆွန်ပက်၊ ပုပ္ပါး ဗိုလ်နက်ကျော်၊ ဒို့ဒေသက ၀ဲလောင် ဗိုလ်ရာညွန့်၊ ငဠုန်ဆရာစံ၊ အာဠာဝက သခင်ဖိုးလှကြီး၊ စစ်ကိုင်း ဗိုလ်သိန်းတန်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေ၊ နောက်ပြီး ... သခင်တွေ၊ အာရှလူငယ် အစည်းအရုံးအဖွဲ့ဝင်တွေ၊ (၁၉၆၂)ခုနှစ် ကျောင်းသားမျိုးဆက်တွေ၊ ကို့ကိုးကျွန်း အာဇာနည်တွေ၊ (၁၉၇၄/၇၅/၇၆) အလုပ်သမား ကျောင်းသား ပြည်သူတွေ၊ (၁၉၈၈) မျိုးဆက်တွေ နည်းသလား ငါ့တူမကြီးရေ။ ဒီ (၁၉၈၈-၂၀၀၈) နှစ် (၂၀)အတွင်း လမ်းမတွေပေါ်မှာ၊ ထောင်ထဲမှာ၊ စစ်ကြောရေးစခန်းမှာ၊ လက်နက်ကိုင်ဒေသ တောထဲမှာ၊ ဆေးရုံပေါ်မှာ၊ မီးသင်္ဂြိုဟ်စက်ထဲမှာ၊ သူရဲကောင်း အာဇာနည်တွေရဲ့ အသက်တွေ သွေးတွေ ၀ိညာဉ်တွေ ခုဆို ဦးတို့လူမျိုးရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ ဗုဒ္ဓသာသနာ အရှည်တည်အောင် ထိန်းသိမ်းမယ့် ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ရဟန်းသံဃာတွေတောင် ဘယ်လိုဖြစ်နေပြီလဲဆိုတာ မြို့မှာနေတဲ့ တူမကြီးတို့ ပိုသိမှာပါ၊
အခု ဦးတို့ ပြည်သူတွေဟာ တခြားနိုင်ငံကြီးတွေမပြောနဲ့ ကိုယ့်အိမ်နီးချင်း ဒုတိယကမ္ဘာစစ်ပြီး လွတ်လပ်ခဲ့တဲ့ နိုင်ငံတွေနဲ့တောင် ရင်ဘောင်မတန်းနိုင်အောင် ဖြစ်နေတာက ရှေးဝဋ်ကြောင့်လဲ မဟုတ်၊ လူမျိုးအလိုက် ညံ့လို့လဲ မဟုတ်၊ လက်တဆုပ်စာ စစ်အာဏာရှင် တစုကြောင့်ပဲလေ၊ (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် တပ်မတော်သားတွေရဲ့ ရင်နှလုံးသားဟာ ပြည်သူတွေနဲ့ တထပ်တည်း ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုကြီးကို ကြည့်ရင် ရဟန်းသံဃာတွေဟာ ပြည်သူ့အသည်းနဲ့ အတူတူ၊ ဒါဆို လာမည့် ဆန္ဒခံယူပွဲဆိုတာကို ရဟန်းရှင်လူ ပြည်သူ ကျောင်းသား တပ်မတော်သားတွေက စစ်အုပ်စုကို တိုက်ထုတ်တဲ့ပွဲ၊ အဲဒီ ပွဲအတွက် အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးထိပါ ပြင်ဆင်ထားကြရအောင်။.....။

“ဧရာဝတီအတွက် ငိုချင်း”


ဧရာဝတီရေ

နင့်မှာ နဂိုကမှ

ဒုက္ခတွေ တပွေ့တပိုက်နဲ့ပါဆို

နာဂစ်ရဲ့ မညှာတာမှုတွေကြောင့်

ဘ၀ပျက်နေရပါပေါ့လား....။

ဧရာတီရေ

မိုင်ပေါင်းများစွာ စီးဆင်းလာခဲ့ပြီးမှ

ပင်လယ်ဝအထိ

အတိုင်းမသိ အကျိုးပြုနေခဲ့သမျှကို ကြည့်ရင်း

တသက်လုံးမွေးထားတဲ့ကြက်

တညတည်း ရိုက်သတ်သလို

အားလုံးကြွေပြုန်းနေရပေါ့.....။

အခုတော့ ဧရာဝတီရေ

နင့်ကို မုန်တိုင်းကသတ်

စစ်တပ်က သတ်နဲ့

ရင်ဝယ်ပိုက်သားသမီးတွေလဲ

အရွယ်မရွေး သေနေကြရတာ ကြည့်ပြီး

နင့်မျက်ရည်တွေလဲ ကုန်ခမ်းတော့မှာ မဟုတ်ပါဘူး....။

ဧရာဝတီရေ

နင့်မှာ မြန်မာ့သမိုင်းမှာ သာမက

ကမ္ဘာ့သမိုင်းမှာပါ

သေကြမှုတွေ

ပျက်စီးဆုံးရှုံးမှုတွေ

ရက်စက်မှုတွေ

လူသားချင်းမစာနာမှုတွေ

အားလုံးအပေါ်မှာ

စံတင်ရတော့မှာပေါ့....။

ဧရာဝတီရေ

နင့်ရင်ခွင်က လူသေအလောင်းတွေ

ရွာပျက် အိမ်ပျက်တွေ

ကျန်နေတဲ့သူတွေရဲ့ ကျန်းမာရေးတွေကို

မသမာသူတွေက

ကိုယ်နဲ့မဆိုင်သလို လစ်လျူရှုနေလိုက်တာလဲ

သိပ်အသဲနာစရာ ကောင်းသလို

ဘယ်လိုမှလည်း နားမလည်နိုင်ဘူး....။

အခုတော့ ဧရာဝတီရေ နင့်ရဲ့အလှ

နင့်ရဲ့ဘ၀ဟာ

အရှင်လတ်လတ် ငရဲကျနေသလို

မသမာသူလက်ထဲ

‘၀’ ကွက်အပ်နေရတာကိုက

နင့်ရဲ့ အနာဂါတ်အတွက်

ငါတို့ဆုံးဖြတ်ချက် ချရတော့မယ်....။

ထက်လွင်အောင်

၁၃.၅.၂၀၀၈

မှတ်ချက်။ ။ ဤကဗျာ ပေးပို့သော ကဗျာဆရာ ထက်လွင်အောင် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


Summary

Rest of your post
Posted by Picasa

Friday, May 9, 2008

ကပ်ဘေးကိုကျော်လွန်ဖို့ ကန့်ကွက်မဲပေးကြစို့

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏

ထုတ်ပြန်ချက်

(၃/၂၀၀၈)

(၁၀-၅-၂၀၀၈)

(၁) ပထမဆုံးအနေနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများနည်းတူ ဗမာပြည်ကွန်မြူနစ်ပါတီက လှိုက်လှဲဝမ်းနည်း ရပါကြောင်း ဖေါ်ပြလိုတယ်။

(၂) ဒီအချိန်ဟာ တမျိုးသားလုံးအတွက် အမင်္ဂလာအချိန် အမင်္ဂလာကာလ ဖြစ်တယ်။ ကပ်ဘေးဒဏ်သင့် ပြည်သူတွေ ကယ်ဆယ်ကူညီရေး လုပ်ငန်းကို ဦးစားပေး ဇောက်ချလုပ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျစ်လျူရှုပြီး ဒီနေ့မှာပဲ နအဖက သူ့စစ်အာဏာ တရားဝင်ဖြစ်ရေး တခုတည်းကိုသာ ရည်စူးပြီး ဆန္ဒခံယူပွဲ လုပ်လိုက်တယ်။ အနာဂတ်ကာလတခုလုံး အမှောင်ဖုံးအောင် လုပ်လိုက်ခြင်းပါဘဲ။ မဲဆန္ဒရှင်ပြည်သူတွေဟာ နည်းမျိုးစုံ အကွက်ချ ညစ်ပတ်တာ ခံနေကြရတယ်။ ဘာပဲဖြစ်ဖြစ် ဘ၀နဲ့ရင်းပြီး ပြည်သူတွေ ဆန္ဒမဲပေးနေကြပါပြီ။

(၃) စစ်အစိုးရရှိနေသမျှ ဒုက္ခမျိုးစုံ ဆက်ခံစားနေကြရဦးမယ်ဆိုတာ ပြည်သူတွေ သိကြပါတယ်။

နောက် (၂)ပတ်အကြာမှ ထပ်ပြီး ကပ်ဘေးသင့်ပြည်သူတွေ မဲပေးကြရဦးမယ်။ လူမှုဒုက္ခတွေက ကင်းဝေးဖို့ ဆိုရင်တော့ သွန်အောပြီး ကန့်ကွက်မဲပဲ ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။


Summary

Rest of your post

Thursday, May 8, 2008

လူထုအခက် ထောက်ခံမဲအတွက် လုပ်နေသော န၀တခေါ်နအဖ

ဥတ္တရ
၂၀၀၈မေလ(၇)ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်ကြသော ကွန်ဟိုင်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာ အုပ်စု ဟာရင်ကျေးရွာအုပ်စု တို့တွင် ၂၀၀၈မေလ (၇)ရက် ယနေ့နံနက်ပိုင်းမှ စတင်ကာ နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုနိုင်ရေး အတွက် ထောက်ခံမဲရရှိရေးကို ဒေသအာဏာပိုင်များမှ ဦးစီးကာ ကြိုတင်ဆန္ဒမဲများ ကောက်ယူ နေကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။

ယင်းကြိုတင်ဆန္ဒမဲ ကောက်ယူမှုအား နမ်းခမ်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူး လှတင်၊ ရှေ့တန်းချေလျင်တပ်ရင်း အမှတ်(၂၉၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းထွဋ် နှင့် နမ့်ခမ်းမြို့ မယကဥက္ကထ ဦးတင်လှိုင် တို့ကိုယ်တိုင် ဦးစီးဦးရွက်ပြုကာ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစုလျှင် ကျေးရွာ(၃)ရွာစီရှိပြီး ကျေးရွာတရွာလျှင် ဦးရေ (၃၀၀)ခန့်အား ကြိုတင်ဆန္ဒမဲ ကောက်ခံသွားကြောင်း သိရှိရသည်။ ကျေးရွာများတွင် ဆန္ဒမဲကောက်ခံရာ၌ ကျေးရွာလူကြီးအိမ်များတွင် စားပွဲခုံကလေးများသာ ခင်းကျင်းပြီး ရယက စာရေးများကိုယ်တိုင် အမည်စာရင်းမှတ်တမ်းတင်ပြီး လက်မှတ်နေရာတွင် အမှန်ခြစ်များ ခြစ်ကာ ထောက်ခံမဲများကို ရယူသွားခဲ့ကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။ အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများအားလည်း ယင်းဒေသရှိ သက်ကြီးရွယ်အိုများ၏ ဆန္ဒမဲများအား ရယက စာရေးများမှ စာရင်းရေးသွင်းပြီး ထောက်ခံအမှန်ခြစ်များ ရေးသားကာ ထောက်ခံမဲရရှိကြောင်း အတည်ပြုရယူသွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုမြန်မာပြည်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူထုအနေဖြင့် ကိုယ်ချင်းစာ ၀မ်းနည်း ပက်လက်ဖြစ်နေချိန်၊ ပြင်ပမီဒီယာများမှ အာရုံစိုက်မှုမရှိချိန်တွင် နအဖအနေဖြင့် မုန်တိုင်းမခံစားခဲ့ရသော ဒေသများမှ ပြည်သူလူထုများအား ယင်းတို့၏ ဖွဲ့စည်းပုံ အတည်ပြု နိုင်ရေး အသုံးချ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

Summary

Rest of your post

နာဂစ် ကြောင့် စစ်သင်္ဘော(၇)စီးနှင့် အရာရှိစစ်သည် (၂၅၀)ကျော်ပျောက်ဆုံးနေ

ဥတ္တရ

၂၀၀၈မေလ (၇)ရက်

၂၀၀၈မေလ (၂)ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းတိုက်ခတ်သွားသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြန်မာ့ ရေတပ်မတော် ရေတပ်စခန်းဌာနချုပ်များဖြစ်ကြသော ပမ္မ၀တီ ရေတပ်စခန်း၊ ဧရာဝတီ ရေတပ်စခန်းကြီးများ အောက်ရှိ ဟိုင်းကြီးကျွန်း ရေတပ်စခန်းနှင့် အနီးတ၀ိုက် သံလျှက်စွန်းရေတပ်စခန်းနှင့် စခန်းဝန်းကျင် ပင်လယ်ရေပြင်တွင် တာဝန် ထမ်းဆောင်လျှက် ရှိနေသော မြန်မာ့ရေတပ်မတော်ပိုင် စစ်သင်္ဘော(၇)စီး လုံးဝနှစ်မြုပ်သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ် နေသူများထံမှ သိရှိရသည်။

အဆိုပါစစ်သင်္ဘော (၇)စီးတွင် (၅)စီးမှာ တိုက်ခိုက်ရေး ရေယာဉ်များဖြစ်ကြပြီး (၂)စီးမှာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော ရေယာဉ်များဖြစ်ကြောင်း သိရှိရသည်။ တိုက်ခိုက်ရေး ရေယာဉ် (၅)စီးတွင် (၃)စီးသည် တန်(၈၀၀)မှ (၂၀၀၀)တန် အထိ ရှိကြသည့် သင်္ဘောကြီးများဖြစ်ကြပြီး တန်(၂၀၀၀)အထိရှိသော တရုတ်နိုင်ငံမှ ၀ယ်ယူထားသော သင်္ဘောကြီးတစီးလည်း ပါဝင်ကြောင်း သိရှိရသည်။

၎င်းသင်္ဘော (၇)စီးပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိစစ်သည်အားလုံးလည်း ပျောက်ဆုံးနေကြောင်းသိရှိရသည်။ ပျောက်ဆုံးနေသော အရာရှိစစ်သည်များတွင် အရာရှိအင်အား (၃၀)ကျော်နှင့် အခြားအဆင့်စစ်သည် (၂၂၁)ဦးရှိကြောင်း သိရှိရသည်။


Summary

Rest of your post

Monday, May 5, 2008

ဆန္ဒခံယူပွဲကာလအတွင်း လုံခြုံရေး တင်းကြပ်

ဥတ္တရ
၅-၅-၂၀၀၈

ပြည်နယ်တိုင်းအသီးသီးရှိ ရဲတပ်ဖွဲ့တွေအားလုံးအား ၂၀၀၈မေလ (၁)ရက်မှစတင်၍ အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်နေသူများထံမှ သိရှိရသည်။ ၎င်းအပြင် မိမိတို့မြို့ရွာအတွင်းရှိ အင်န်အယ်လ်ဒီ အဖွဲ့ဝင်များ နှင့် ဆန္ဒမဲပေးပွဲများတွင် ထောက်ခံမဲ မပေးရေး တက်ကြွစွာ လှုပ်ရှားနေကြသော သူများအား စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး လိုက်လံ စောင့်ကြည့်နေရကြောင်းလည်း သိရှိရသည်။

မဲရုံများ တည်ရှိရာ နေရာများတွင် ညစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ကြံ့ဖွတ်အဖွဲ့ဝင်များ ပူးပေါင်းကာ ကင်းစောင့်နေကြရကြောင်း သိရှိရပြီး ဆူပူမှုများစတင်ဖြစ်ပွားလာပါကလည်း အမြန်ဆုံးဖြိုခွဲပစ်နိုင်ရေးနှင့် မဖြစ်ခင် ကြိုတင်၍ ဖမ်းဆီးထားသင့်သည့် သူများအား စာရင်းပြုစုထားရှိပြီး လိုအပ်ပါက အမှုတခုခု ဖန်တီး၍ ဖမ်းဆီးထားကြရန် ညွန်ကြားထားကြောင်း သိရှိရသည်။ ထို့အပြင် နယ်စပ်ဒေသမှ ၀င်ရောက်လာမည့် မြန်မာနိုင်ငံသားများကိုလည်း သက်ဆိုင်ရာ ဂိတ်များတွင် လဆန်းပိုင်းမှစ၍ ယခုလ (၁၅) ရက်နေ့အထိ တင်းကြပ်စွာ စစ်ဆးရန်လည်း ညွန်ကြားထားကြောင်း သိရှိရပြီး မြန်မာပြည်တွင်းသို့ ပြင်ပနိုင်ငံများမှ ဖုန်းဆက်သွယ်မှုများအားလည်း ဖြတ်တောက်ထားကြောင်း သိရှိရသည်၊

ဖုန်းဆက်သွယ် မရရှိခဲ့သော တရုတ်မြန်မာနယ်စပ်ရှိ ကုန်သည်တဦးမှနေ၍ ပြည်တွင်းသို့ဖုန်းခေါ်၍မရခဲ့ပုံကို ယခုကဲ့သို့ ဥတ္တရအား ပြောပြခဲ့သည်။

“ယခုရွေးကောက်ပွဲလုပ်ဖို့ ရက်နီးလာလို့ထင်တယ် ပြည်တွင်းထဲကို ဖုန်းခေါ်လို့ မရဘူး၊ ယခင်နေ့တွေကတော့ ရတယ်၊ ဖုန်းဆိုင်မှာ ပြည်တွင်းထဲကိုခေါ်ဖို့ဖုန်းဆက်လာတွေတွေအများကြီးပဲ ဘယ်သူမှမရလို့ပြန်သွားကြကုန်ပြီ”

ဆန္ဒခံယူပွဲကာလအတွင်း နအဖစစ်အစိုးရအနေဖြင့် တနိုင်ငံလုံး လုံခြုံရေး တင်းကြပ်စွာ ချထားမည့် အပြင် အင်တာနက်ဆက်သွယ်ရေး၊ သတင်းဆက်သွယ်ရေးလမ်းကြောင်းများ ရသမျှ ဖြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။

Summary

Rest of your post

Saturday, May 3, 2008

တရားမျှတသည့် ဆန္ဒခံယူပွဲဖြစ်ရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်

ဥတ္တရ
၅-၅-၂၀၀၈

၂၀၀၈ခုနှစ်မေလ (၃)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲနှင့် ပါတ်သက်၍ ကြေညာချက်ထုတ်ပြန်ကာ မြန်မာစစ်အစိုးရအား တိုက်တွန်းလိုက်သည်။ မကြာခင်ကျင်းပတော့မည့် ဆန္ဒခံယူပွဲတွင် နိုင်ငံရေးအင်အားစုများ ပါဝင်နိုင်ရေးအတွက် သေချာသည့် အာမခံချက်များ ပြုလုပ်ရန် မြန်မာစစ်အစိုးရအား လုံခြုံရေးကောင်စီမှ တောင်းဆိုလိုက်သည်။

လွန်ခဲ့သည့်သောကြာနေ့က ထုတ်ပြန်လိုက်သော အမေရိကန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်ထဲတွင်လည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပြည့်အ၀ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ခိုင်မာသည့် အခြေအနေများကို တည်ဆောက်ရန် လိုအပ်ကြောင်း ကိုလည်း မြန်မာစစ်အစိုးရအား တိုက်တွန်းထားသည်။

ဆန္ဒခံယူပွဲ ပြီးသည့်နောက် ၂၀၁၀ ခုနှစ်တွင် မြန်မာအစိုးရအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည်။ ထိုရွေးကောက်ပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင် ပါဝင်နိုင်ရေးကိုမူ နအဖအနေဖြင့် ယခုထက်ထိ အတည်မပြုရသေးပါ။

၂၀၀ရခုနှစ် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးအား မြန်မာစစ်အစိုးရမှ ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက် လုံခြုံရေးကောင်စီအနေဖြင့် ထုတ်ပြန်ကြေညာခြင်းများ ထုတ်ရခြင်းမှာ ယခုအကြိမ်ဖြင့်ဆိုလျှင် သုံးကြိမ်ရှိ သွားပြီဖြစ်သည်။

လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်အပေါ် မြန်မာအစိုးရ၏ အရင်းနှီးဆုံး မိတ်ဘက်ဖြစ်သည့် တရုပ်အစိုးရက ယခုအချိန်၌ ထောက်ခံလိုက်ခြင်းသည် မြန်မာအစိုးရအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက နိုင်ငံရေးဖိအား အရှိန်ပို၍ တိုးမြင့်လာကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေက လုံခြုံရေးကောင်စီသို့ ချက်ချင်း တုန့်ပြန်ပြောဆိုသည့်စာတွင် ဆန္ဒခံယူပွဲသည် မြန်မာပြည်၏ အိမ်တွင်းရေးကိစ္စ ဖြစ်ကြောင်းနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဘာမျှပြောဆို လုပ်ကိုင်ရန် မလိုအပ်ကြောင်း ပါရှိသည်။



Summary

Rest of your post