Monday, May 5, 2008

ဆန္ဒခံယူပွဲကာလအတွင်း လုံခြုံရေး တင်းကြပ်

ဥတ္တရ
၅-၅-၂၀၀၈

ပြည်နယ်တိုင်းအသီးသီးရှိ ရဲတပ်ဖွဲ့တွေအားလုံးအား ၂၀၀၈မေလ (၁)ရက်မှစတင်၍ အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်နေသူများထံမှ သိရှိရသည်။ ၎င်းအပြင် မိမိတို့မြို့ရွာအတွင်းရှိ အင်န်အယ်လ်ဒီ အဖွဲ့ဝင်များ နှင့် ဆန္ဒမဲပေးပွဲများတွင် ထောက်ခံမဲ မပေးရေး တက်ကြွစွာ လှုပ်ရှားနေကြသော သူများအား စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး လိုက်လံ စောင့်ကြည့်နေရကြောင်းလည်း သိရှိရသည်။

မဲရုံများ တည်ရှိရာ နေရာများတွင် ညစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ကြံ့ဖွတ်အဖွဲ့ဝင်များ ပူးပေါင်းကာ ကင်းစောင့်နေကြရကြောင်း သိရှိရပြီး ဆူပူမှုများစတင်ဖြစ်ပွားလာပါကလည်း အမြန်ဆုံးဖြိုခွဲပစ်နိုင်ရေးနှင့် မဖြစ်ခင် ကြိုတင်၍ ဖမ်းဆီးထားသင့်သည့် သူများအား စာရင်းပြုစုထားရှိပြီး လိုအပ်ပါက အမှုတခုခု ဖန်တီး၍ ဖမ်းဆီးထားကြရန် ညွန်ကြားထားကြောင်း သိရှိရသည်။ ထို့အပြင် နယ်စပ်ဒေသမှ ၀င်ရောက်လာမည့် မြန်မာနိုင်ငံသားများကိုလည်း သက်ဆိုင်ရာ ဂိတ်များတွင် လဆန်းပိုင်းမှစ၍ ယခုလ (၁၅) ရက်နေ့အထိ တင်းကြပ်စွာ စစ်ဆးရန်လည်း ညွန်ကြားထားကြောင်း သိရှိရပြီး မြန်မာပြည်တွင်းသို့ ပြင်ပနိုင်ငံများမှ ဖုန်းဆက်သွယ်မှုများအားလည်း ဖြတ်တောက်ထားကြောင်း သိရှိရသည်၊

ဖုန်းဆက်သွယ် မရရှိခဲ့သော တရုတ်မြန်မာနယ်စပ်ရှိ ကုန်သည်တဦးမှနေ၍ ပြည်တွင်းသို့ဖုန်းခေါ်၍မရခဲ့ပုံကို ယခုကဲ့သို့ ဥတ္တရအား ပြောပြခဲ့သည်။

“ယခုရွေးကောက်ပွဲလုပ်ဖို့ ရက်နီးလာလို့ထင်တယ် ပြည်တွင်းထဲကို ဖုန်းခေါ်လို့ မရဘူး၊ ယခင်နေ့တွေကတော့ ရတယ်၊ ဖုန်းဆိုင်မှာ ပြည်တွင်းထဲကိုခေါ်ဖို့ဖုန်းဆက်လာတွေတွေအများကြီးပဲ ဘယ်သူမှမရလို့ပြန်သွားကြကုန်ပြီ”

ဆန္ဒခံယူပွဲကာလအတွင်း နအဖစစ်အစိုးရအနေဖြင့် တနိုင်ငံလုံး လုံခြုံရေး တင်းကြပ်စွာ ချထားမည့် အပြင် အင်တာနက်ဆက်သွယ်ရေး၊ သတင်းဆက်သွယ်ရေးလမ်းကြောင်းများ ရသမျှ ဖြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။

Summary

Rest of your post

No comments: