Thursday, May 8, 2008

နာဂစ် ကြောင့် စစ်သင်္ဘော(၇)စီးနှင့် အရာရှိစစ်သည် (၂၅၀)ကျော်ပျောက်ဆုံးနေ

ဥတ္တရ

၂၀၀၈မေလ (၇)ရက်

၂၀၀၈မေလ (၂)ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းတိုက်ခတ်သွားသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြန်မာ့ ရေတပ်မတော် ရေတပ်စခန်းဌာနချုပ်များဖြစ်ကြသော ပမ္မ၀တီ ရေတပ်စခန်း၊ ဧရာဝတီ ရေတပ်စခန်းကြီးများ အောက်ရှိ ဟိုင်းကြီးကျွန်း ရေတပ်စခန်းနှင့် အနီးတ၀ိုက် သံလျှက်စွန်းရေတပ်စခန်းနှင့် စခန်းဝန်းကျင် ပင်လယ်ရေပြင်တွင် တာဝန် ထမ်းဆောင်လျှက် ရှိနေသော မြန်မာ့ရေတပ်မတော်ပိုင် စစ်သင်္ဘော(၇)စီး လုံးဝနှစ်မြုပ်သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ် နေသူများထံမှ သိရှိရသည်။

အဆိုပါစစ်သင်္ဘော (၇)စီးတွင် (၅)စီးမှာ တိုက်ခိုက်ရေး ရေယာဉ်များဖြစ်ကြပြီး (၂)စီးမှာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော ရေယာဉ်များဖြစ်ကြောင်း သိရှိရသည်။ တိုက်ခိုက်ရေး ရေယာဉ် (၅)စီးတွင် (၃)စီးသည် တန်(၈၀၀)မှ (၂၀၀၀)တန် အထိ ရှိကြသည့် သင်္ဘောကြီးများဖြစ်ကြပြီး တန်(၂၀၀၀)အထိရှိသော တရုတ်နိုင်ငံမှ ၀ယ်ယူထားသော သင်္ဘောကြီးတစီးလည်း ပါဝင်ကြောင်း သိရှိရသည်။

၎င်းသင်္ဘော (၇)စီးပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိစစ်သည်အားလုံးလည်း ပျောက်ဆုံးနေကြောင်းသိရှိရသည်။ ပျောက်ဆုံးနေသော အရာရှိစစ်သည်များတွင် အရာရှိအင်အား (၃၀)ကျော်နှင့် အခြားအဆင့်စစ်သည် (၂၂၁)ဦးရှိကြောင်း သိရှိရသည်။


Summary

Rest of your post

No comments: