Saturday, March 15, 2008

လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များနှင့် နအဖတို့၏ တိုက်ပွဲများ


နအဖ စစ်အစိုးရသည် ၂၀၀၇စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးမတိုင်မှီမှစတင်၍ ယခုအချိန်ထိ လက်နက်ကိုင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများဆီသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပါသည်။ နအဖ၏ အဓိက ဦးတည်ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကေအင်န်ယူ၊ ကရင်နီလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကေအင်န်ပီပီ၊ ရှမ်းပြည်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် အက်စ်အက်စ်အေ (တောင်ပိုင်း)တို့ ဖြစ်ပါသည်။ ထိုကဲ့သို့နအဖ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် နအဖ စစ်သည်များ အများအပြား သေကြေ ဒဏ်ရာရ အကျအဆုံးများစွာဖြင့် တိုက်ခိုက်နေရကြောင်းကို ဒေသခံပြည်သူများထံမှ လည်းကောင်း၊ နအဖတပ်များနှင့် နီးစပ်နေသူများမှလည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများမှ လည်းကောင်း သိရှိရပါသည်။ နအဖတပ်များနှင့် လူမျိုးစု လက်နက်ကိုင်တပ်တို့၏ လ၊ ရက် အလိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ လက်လှမ်းမှီသမျှ အောက်ပါအတိုင်း စုဆောင်းသိရှိရပါသည်။

(၁) ၂၀၀၇ စက်တင်ဘာလ (၁၄)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ ခြေမြန်တပ်ရင်း အမှတ် (၁၇)၊ ခြေမြန်တပ်ရင်းအမှတ် (၅၀၂) ပူးပေါင်းတပ်ဖွဲ့တို့ ကရင်ပြည်နယ် အရိုးတောင်ကြားနှင့်ယွန်းစလင်းကြားလမ်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖခြေမြန်တပ်ရင်းအမှတ် (၁၇)မှ ဗိုလ်ဝင်းကျော်သူ၊ ခြေမြန်တပ်ရင်းအမှတ် (၅၀၂)မှ ဗိုလ်ဇော်ထက်ဆွေ အပါအ၀င် အရာခံ၊ အကြပ်၊ စစ်သည်စုစုပေါင်း (၇)ယောက် ဒဏ်ရာရရှိခဲ့ပြီး စစ်သည်(၁)ဦး ကျဆုံးခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်၊

(၂) ၂၀၀၇ အောက်တိုဘာလ (၁၆)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ တမခ (၁၁) နည်းဗျူဟာ (၁၁၂) ကွပ်ကဲမှုအောက် ခြေမြန်တပ်ရင်းအမှတ် (၂၁၈)ဖြင့် ကရင်ပြည်နယ် ရွှေကျင်မြို့နယ် လဲဝိုင်းဒေသအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ပွဲ တွင် နအဖ၏ ခြေမြန်တပ်ရင်းအမှတ် (၂၁၈)မှ အရာရှိ (၂)ဦးနှင့် တွဲဖက်ပါလာသော တမခ(၁၁) ၏ ဆက်သွယ်ရေးတပ်စုမှ အရာရှိ (၁)ဦး၊ စုစုပေါင်းအရာရှိ (၃)ဦးနှင့် အင်အား (၃၀)ကျော် သေကြေ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်များ ကေအင်န်ယူမှ သိမ်းဆည်း ရမိသွားကြောင်း သတင်းများအရ သိရှိရသည်။

(၃) ၂၀၀၇ အောက်တိုဘာလ (၂၁)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ တပ်မခ (၁၁) နည်းဗျူဟာ (၁၁၂) ကွပ်ကဲမှုအောက် ခြေမြန်တပ်ရင်းအမှတ် (၂၁၈)ဖြင့် ကရင်ပြည်နယ် ရွှေကျင်မြို့နယ် လဲဝိုင်းဒေသအတွင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေမြန်တပ်ရင်းအမှတ် (၂၁၈)မှ စစ်သည်ရဲဘော်များ အများအပြားအကျအဆုံးသေကြေ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

(၄) ၂၀၀၇ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် အမှတ်(၅)လက်အောက်ခံတပ်များဖြစ်ကြသည့် ခြေမြန်တပ်ရင်းအမှတ် (၃၄၆)၊ ခြေမြန်တပ်ရင်းအမှတ် (၃၇၁) ပူးပေါင်းတပ်ဖွဲ့တို့ဖြင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ကြိုးတံတားအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် ခြေမြန်တပ်ရင်းအမှတ် (၃၄၆)မှ တပ်ခွဲမှူး ဗိုလ်ကြီး စိုးလွင်ဦး ကျဆုံးခဲ့ပြီး စစ်သည် (၂)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

(၅) ၂၀၀၇ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ တမခ (၃၃) နည်းဗျူဟာ (၃၃၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး နေ၀င်း ဦးစီးအဖွဲ့ ခြေမြန်တပ်ရင်းအမှတ် (၁၁၉) ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဝင်း ဦးစီးသည့်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့ဖြင့် ဘော်စဲခို အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် တွဲဖက်ပါလာသော စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းအမှတ် (၉၁၁)မှ စုစုပေါင်း (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မြေထိုးစက်ကြီး မိုင်းမိပြီး ပျက်စီးသွားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။
မှတ်ချက်။ ။ တမခ(၃၃) နည်းဗျူဟာ (၃၃၁)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး နေ၀င်း နှင့် ခြေမြန်တပ်ရင်း အမှတ် (၁၁၉)ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဝင်းတို့သည် ၂၀၀၇စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးတွင် မန္တလေးမြို့ပေါ်တွင် တာဝန်ကျဖြိုခွင်းခဲ့သော တပ်ဖြစ်သည်။



(၆) ၂၀၀၇ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ တမခ (၅၅) လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် (၁၁၂)ဖြင့် ကယားပြည်နယ် ဒီမောဆိုးမြို့နယ် ဒေါတခက် ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖတပ်များ၏ အကျအဆုံး ဒဏ်ရာရရှိခဲ့ကြောင်း မကြားသိခဲ့ရပါကြောင်း သတင်းများအရ သိရှိရပါသည်။

(၇) ၂၀၀၇ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် အက်စ်အက်စ်အေ (တောင်ပိုင်း) တပ်ဖွဲ့ဝင်များနှင့် နအဖ၏ ခြေလျင်တပ်ရင်းအမှတ် (၄၁)တို့ဖြင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအစပ်ဖြစ်သော ရှမ်းပြည်နယ်ကွန်ဟိန်းမြို့အနီး ၀မ်လီ - မန်စိန်းဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖတပ်၏ အကျအဆုံးဒဏ်ရာရ စာရင်းများရှိသော်လည်း စာရင်းအတိအကျမသိရှိရပါကြောင်း သတင်းများအရ သိရှိရပါသည်။

(၈) ၂၀၀၇ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် အက်စ်အက်စ်အေ (တောင်ပိုင်း)တပ်ဖွဲ့ဝင်များနှင့် နအဖ၏ ခြေလျင်တပ်ရင်းအမှတ် (၁၄၃)တို့ဖြင့် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့အနီး ၀မ်လီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေလျင်တပ်ရင်းအမှတ် (၁၄၃)မှ ဒုတပ်ကြပ် အောင်ကိုလွင်အပါအ၀င် စစ်သည် (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

(၉) ၂၀၀၈ ဇန်န၀ါရီလ (၅)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ ခြေမြန်တပ်ရင်း အမှတ် (၅၀၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဟန်သူ၊ ဗိုလ်စည်သူထွန်း ဦးစီးးအဖွဲ့တို့ဖြင့် ကရင်ပြည်နယ် နအဖ၏ သခွီးဒို တပ်စခန်းအနီးတွင် တိုက်ပွဲ(၂)ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေမြန်တပ်ရင်း အမှတ် (၅၀၇)မှ အကျအဆုံးဒဏ်ရာရစာရင်းများကို မသိရှိ ရပါကြောင်း သတင်းများအရ သိရှိရပါသည်။

(၁၀) ၂၀၀၈ ဇန်န၀ါရီလ (၁၈)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ စစ်ဆင်ရေး နှင့် ကွပ်ကဲမှုဌာနချုပ်အမှတ် (၁၆)လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် (၅၂၂) ဒုဗိုလ်မှူးကြီး ၀င်းနိုင် ဦးစီးလာသော တပ်များဖြင့် ကရင်ပြည်နယ် နအဖ၏ လားလန် တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေမြန်တပ်ရင်းအမှတ် (၅၂၂)မှ ဒုရင်းမှူး ကျော်စွာမြင့် အပါအ၀င် အရာခံ၊ အကြပ်၊ စစ်သည် (၁၀)ဦးကျော် သေကြေဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

(၁၁) ၂၀၀၈ ဇန်န၀ါရီလ (၁၉)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ ခြေမြန်တပ်ရင်းအမှတ် (၄၀၇)မှ ဗိုလ်မှူး အောင်ဇော်လွင် ဦးစီးလာသောတပ်ဖြင့် ကရင်ပြည်နယ် ရွှေကျင်မြို့နယ် ကလိုးထ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေမြန်တပ်ရင်းအမှတ် (၄၀၇)မှ စစ်သည်များ သေကြေဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

(၁၂) ၂၀၀၈ ဇန်န၀ါရီလ (၂၂)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့များနှင့် နအဖ၏ ခြေမြန်တပ်ရင်း အမှတ် (၂၀)မှ ဗိုလ်မှူး ငြိမ်းအေး ဦးစီးလာသည့်တပ်ဖြင့် ကရင်ပြည်နယ် နအဖ၏ ရန်တိုင်းအောင် တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေမြန်တပ်ရင်း အမှတ် (၂၀)မှ ဗိုလ်တိုးမြင့်ဦး အပါအ၀င် (၃)ဦး သေဆုံးခဲ့ပြီး၊ ဗိုလ်ဇော်မိုးမြင့် အပါအ၀င် အရာခံ အကြပ် စစ်သည် စုစုပေါင်း (၈)ဦးကျော် သေကြေဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

(၁၃) ၂၀၀၈ ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အက်စ်အက်စ်အေ (တောင်ပိုင်း) တပ်ဖွဲ့ဝင်များနှင့် နအဖ၏ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ်အမှတ် (၂) လက်အောက်ခံ ခြေလျင်တပ်ရင်းအမှတ် (၂၄၈)မှ ရင်းမှူး ဦးစီးလာသောတပ်ဖြင့် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်အတွင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ပွဲတွင် ခြေလျင်တပ်ရင်းအမှတ် (၂၄၈)မှ သေကြေဒဏ်ရာ ရရှိမှုများအား မသိရှိရကြောင်း သတင်းများအရ သိရှိရပါသည်။

(၁၄) ၂၀၀၈ ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ကေအင်န်ယူ တပ်မဟာ(၃)တပ်ရင်း (၉)မှ တပ်ဖွဲ့ဝင်များနှင့် နအဖ၏ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် အမှတ်(၁၆) လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ်(၃၂၃)မှ ရင်းမှူးဒုဗိုလ်မှူးကြီး ဝေဇင်ထွန်း ဦးစီးလာသည့် တပ်တို့ ဖြင့်ကရင်ပြည်နယ် နအဖ၏ မောလော တပ်စခန်းနှင့် ဗျက်ကောပုတပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေမြန်တပ်ရင်းအမှတ်(၃၂၃)မှ တပ်ခွဲမှူး ဗိုလ်ကြီး ကျော်ဇေယျနှင့် ဒုဗိုလ် နေလင်းကိုကို အပါအ၀င် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် စုစုပေါင်း(၇)ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များစွာလည်း ဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊ ထို့အပြင် လက်နက်ကြီးလက်နက်ငယ်မျိုးစုံ ဆယ်လက်ကျော်နှင့် ခဲယမ်းမီးကျောက်အမြောက်အများကို ကေအန်ယူတပ်များမှ သိမ်းဆည်းရမိခဲ့ကြောင်းကို သတင်းများအရ သိရှိရပါသည်။

(၁၅) ၂၀၀၈ ဖေဖေါ်ဝါရီလ( ၁၂)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် အမှတ်(၁၆) လက်အောက်ခံ ခြေလျင်တပ်ရင်းအမှတ်(၂၄၁) မှ ရင်းမှူးဒုဗိုလ်မှူးကြိး ဇော်လွင်ဦး၊ ခြေမြန်တပ်ရင်းအမှတ် (၃၂၃)မှ ဒုရင်းမှူး ဦးစီးလာသော တပ်နှစ်တပ် ပူးပေါင်းအဖွဲ့တို့ဖြင့် ကရင်ပြည်နယ် နအဖ၏ ဗျက်ကောပုတပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် နအဖတပ်များမှ အကျအဆုံး သေကြေဒဏ်ရာ ရရှိခဲ့မှုများ များစွာရှိခဲ့ကြောင်းကို သတင်းများအရ သိရှိရပါသည်။

(၁၆) ၂၀၀၈ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့တွင် ကေအင်န်ယူတပ်ဖွဲ့ဝင်များနှင့် နအဖ၏ တမခ(၇၇) လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ်(၇၀၁)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မြင့်ဝေ ဦးစီးလာသည့် တပ်ကို ကရင်ပြည်နယ်ကျောက်ကြီးမြို့နယ်အတွင်းတွင် ကေအင်န်ယူမှ မိုင်းများဖြင့်တိုက်ခိုက်၍ သော်လည်းကောင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍သော်လည်းကောင်း တိုက်ခိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ပွဲတွင် နအဖ၏ ခြေမြန်တပ်ရင်း အမှတ်(၇၀၁)မှ အရာရှိ နှစ်ဦးအပါအ၀င် အရာခံအကြပ်စစ်သည် စုစုပေါင်း(၁၁)ယောက်ကျော် သေကြေဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။
မှတ်ချက်။ ။ ခြေမြန်တပ်ရင်း အမှတ် (၇၀၁)တပ်ရင်းသည် ၂၀၀၇စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် ရန်ကုန်မြို့ပေါ်တွင် တာဝန်ကျဖြိုခွင်းခဲ့သော တပ်ဖြစ်သည်။

(က) နအဖ၏ တမခ(၁၁)နှင့် နည်းဗျူဟာ(၂)ခုသည် ကရင်ပြည်နယ်အတွင်း ၂၀၀၇ခုနှစ်မှစ၍ ၂၀၀၈ခုနှစ် စစ်ဆင်ရေးကာလအတွင်းတွင် အရာရှိအရာခံအကြပ်စစ်သည် စုစုပေါင်း (၂၀၀) ကျော် သေကြေဒဏ်ရာ ရရှိခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်နေသူများထံမှ သတင်းများ သိရှိရပါသည်။

(ခ) နအဖ၏ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် အမှတ်(၁၆)နှင့် နည်းဗျူဟာ(၂)ခုသည် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း ၂၀၀၇ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ် စစ်ဆင်ရေးကာလ အတွင်းတွင် အရာရှိစုစုပေါင်း (၁၀)ဦးအပါအ၀င် စုစုပေါင်း အင်အား(၁၇၀) ကျော် သေကြေဒဏ်ရာ ရရှိခဲ့ကြောင်းကို စစ်တပ်နှင့် နီးစပ်နေသူများထံမှ သတင်းများအရ သိရှိရပါသည်။..


Summary

Rest of your post
Posted by Picasa

No comments: