Monday, March 31, 2008

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ အစည်းအဝေး

ဥတ္တရ
၃၁-၃-၂၀၀၈
Image and video hosting by TinyPic
ကေအိုင်အေ ဆက်ဆံရေးရုံး

၂၀၀၈ ခုနှစ် မတ်ခ်ျလ (၃၁) ရက်နေ့က ကေအိုင်အေထိန်းချုပ်ရာ ဗန်းမော်မြို့နယ် လိုင်ဇာမြို့တွင် တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ ပေါင်းစန်းစစ်ဒေသခွဲမှ ဒုစစ်ဒေသမှူး ဦးဆောင်၍ စုစုပေါင်း အရာရှိကြီးများ (၁၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်း၊ တိုင်းဦးစီး ဗိုလ်မှူးကြီး ၀င်းမြင့်၊ စစ်ဖက်ရေးရာလုံခြုံရေးဌာနမှ စစ်ဦးစီး ပထမတန်း ဒုဗိုလ်မှူးကြီး ကိုကိုနိုင်၊ မိုးမိတ် စစ်ဗျူဟာမှူး၊ ကာကွယ်ရေးနှင့်စစ်ဆင်ရေးအထူးအဖွဲ့ (၁)မှ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီး နိုင်ဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးပြုလုပ်ရခြင်း၏ အဓိက အကြောင်းရင်းကတော့ တရုတ်နိုင်ငံ၏ တိဗက် အရေးတော်ပုံကိစ္စအတွင်း ထွက်ပြေးလာသော တိဗက်လူမျိုးများအား တရုတ်အစိုးရအနေဖြင့် ကာကွယ်တားဆီး လိုခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ တိဗက်ပြည်နယ်မှ ထွက်ပြေးလာသော တိဗက်လူမျိုးများသည် မြန်မာနိုင်ငံအားဖြတ်သန်းကာ အိန္ဒိယနိုင်ငံဘက်ခိုးထွက်နေကြောင်း ကောလဟာလသတင်းများထွက်ပေါ်နေလျှက်ရှိသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သော လမ်းပေါက်များအား တရုတ်အစိုးရအနေဖြင့် အပြင်းအထန်လိုက်လံပိတ်ဆို့လျှက်ရှိနေရာ ယခုလိုင်ဇာလမ်းပေါက်အား အမြန်ဆုံးပိတ်ဆို့နိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်။
Image and video hosting by TinyPic
လိုင်ဇာဒေသ အတွင်းရှိ နအဖ၏နယ်စပ်ကုန်သွယ်ရေးစခန်း

ဒုတိယအချက်အနေဖြင့် တရုတ်အစိုးရမှ နေ၍ လက်ရှိမြန်မာနိုင်ငံနှင့် ဆက်သွယ်မှုပြုလုပ်နေသော ကုန်သွယ်ရေး လမ်းကြောင်းအား ပိုမိုတိုးချဲ့လိုခြင်းကြောင့် ဖြစ်သည်။ နှစ်နိုင်ငံ လိုင်ဇာ ကုန်သွယ်မှုလမ်းကြောင်းအား ၂၀၀၂ခုနှစ်လောက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နအဖ နှင့် ကေအိုင်အေ ဆက်ဆံမှုအခြေအပေါ်မူတည်၍ ၂၀၀၄ ဒီဇင်ဘာခန့်မှစတင်ကာ ကုန်သွယ်မှုများ ရပ်ဆိုင်းသွားခဲ့သော လမ်းပေါက်ဖြစ်သည်။ အဆိုပါ ရပ်ဆိုင်းသွားသော နှစ်နိုင်ငံကုန်သွယ်မှုလမ်းပေါက်အား တရုတ်ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး တရုတ်အာဏာပိုင်များထံသို့ တင်ပြခဲ့ကြောင်း လည်း သိရသည်။ ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် မပြုတ်ခင်ကတည်းက နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်ဆိုင်းသွားခဲ့သော လိုင်ဇာလမ်းပေါက်အား ဖွင့်လှစ်နိုင်ရေးအတွက်ဖြစ်ကြောင်း သိရသည်။

ယခုလို ကေအိုင်အိုအဖွဲ့အပေါ် ကျော်လွန်၍ ၎င်းတို့နယ်မြေအတွင်းတွင် နအဖနှင့်တရုတ်အစိုးရတို့ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ပြလိုက်ခြင်းသည် အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များကြားတွင် နအဖအနေဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်ပြလိုက်ခြင်းသာ ဖြစ်သည်။ ခုလို အစည်းအဝေးမျိုးသည် နှစ်နိုင်ငံ ဒေသဆိုင်ရာ စစ်ဘက်အရာရှိကြီးများ (၃) လတကြိမ် ပြုလုပ်လေ့ရှိကြပြီး ယခင်အစည်းအဝေးများကို မြစ်ကြီးနားမြို့တွင်သာ ကျင်းပလေ့ရှိသော်လည်း ပထမဦးဆုံးအကြိမ် အဖြစ် လိုင်ဇာမြို့တွင် ကျင်းပခြင်း ဖြစ်သည်။ ယခုအစည်းအဝေးအား တရုတ်အာဏာပိုင်များကို မြစ်ကြီးနားအထိခေါ်ဆောင်သွားပြီး ယခုလို လိုင်ဇာဒေသသို့ပြန်လည် ၀င်ရောက်၍ လုပ်ခြင်းသည် နိုင်ငံရေးအရ အမြတ်ထုတ်မှုဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များမှ သုံးသပ်နေလျှက်ရှိကြောင်း သိရသည်။

ယခုအစည်းအဝေးမတိုင်မှီ မတ်ခ်ျလ (၂၇၊ ၂၈)ရက်နေ့များက လိုင်ဇာမြို့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် စစ်ဖက်ရေးရာလုံခြုံရေးဌာနမှ ဒုဗိုလ်မှူးကြီး အောင်ဇော်ထွေးတို့ ဦးစွာရောက်ရှိလာပြီး ကေအိုင်အို အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲပြီးနောက်ပိုင်းတွင် လိုင်ဇာ ကုန်သွယ်မှုလမ်းပေါက်အား နအဖမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်။ ယခင် ကန့်သတ်ထားသော တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်းများအားလည်း ကန့်သတ်ကုန်အဖြစ်မှ ဖယ်ရှား တင်သွင်းခွင့် ပြုလိုက်ကြောင်း သိရသည်။ ယင်းကဲ့သို့ လမ်းပေါက်ဖွင့်လိုက်ခြင်းနှင့်အတူ မြန်မာနိုင်ငံမှ သစ်ကားများသည်လည်း ဥဒဟို သွားလာနေလျှက်ရှိကြောင်းလည်း သိရသည်။
...



No comments: