Thursday, March 27, 2008

“ တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ ”

အပိုင်း(၂)
“ ပင်စင်စားတပ်ထွက်ကြီးများ၏ ဘ၀ ”

ကျနော်က သူ့ကို တူသလိုလို ကြည့်မိလိုက်သည်။ အနှစ်(၂၀)ကျော် ကွဲကွာခဲ့ရသော ကျနော်၏ သူငယ်ချင်းနှင့် တူနေသလိုလို။ သူ...... ကွမ်းယာဆိုင်ထဲတွင်ထိုင်နေသည်။ တူတာတော့ အတော့်ကို တူနေသည်။ တပ်ထဲတွင် သူနှင့်ကျနော် အနှစ်နှစ်ဆယ်ကျော်နေထိုင်ဖူးခဲ့သည်။ သူ၏မျက်လုံးများက မတောက်ပ။ သူ၏အသားရည်များက ခမ်းခြောက်နေသည်၊။ သူငယ်ချင်း၏ ငယ်ရုပ်ကို ကျနော်မနဲ ဖမ်းဆုပ်နေရသည်။ လူမှားမည် စိုးရိမ်သဖြင့် ကျနော်အရမ်းမခေါ်ရဲ။ ဆက်၍ စိုက်ကြည့်သည်။ ဟုတ်ပြီ။ သေချာပြီ။ မင်း “ ... မဟုတ်လား ” ဟု ကျနော်က အလောတကြီးမေးလိုက်သည်၊ သူ၏ငယ်နာမည်ကို ကျနော်က ဖမ်းခေါ်လိုက်သဖြင့် သူသည်ကျနော့်ကို အံ့သြစွာကြည့်ရင်း
“မင်း ရဲကျော် မဟုတ်ဘူးလား ”
ဟု တုန်ရီဝမ်းသာစွာ တုန့်ပြန်လာသည်။
“အေးဟုတ်တယ်”
ဟုပြောတော့ သူသည်ကျနော့်အား ၀မ်းသာအားရစွာ ပွေ့ဖက်လိုက်သည်၊ သူသည်ဝမ်းသာလွန်း၍ မျက်ရည်များပင် လည်နေသည်။ ထို့နောက်သူနှင့် ကျနော် ငယ်စဉ်နောက်ကြောင်းဘ၀သို့ ထိုခဏ၌ ပြန်ရောက်သွားကြသည်။
“ ငါ့အဖေလည်းတပ်ကထွက်လိုက်ပြီ သူငယ်ချင်း”
“မင်းအဖေဘာတွေလုပ်နေလဲ”
“အဖိုးကြီးက ဘာမှမလုပ်နိုင်တော့ဘူး ငါတို့ညီအကိုတွေဘဲရှာကျွေးနေတာ။ ငါ့ညီအငယ် ဟိုကောင်ကတော့ ဆေးတပ်ထဲကို ၀င်သွားလိုက်ပြီ”

သူ၏ရုပ်သွင်ကို ကျနော် အနီးကပ်တွေ့မြင်နေရသည်။ အတော်လေးအိုစာသွားသည်။
“မင်းကတော့ အရင်အတိုင်းပဲ”
ဟုပြောကာ ကျနော်၏ရုပ်သွင်နှင့် သူ၏ရုပ်သွင်ကို သူနှိုင်းယှဉ်နေပုံရသည်။
“အဖေတပ်ကထွက်တော့ ငါလည်းရရာအလုပ်တွေလုပ်ပြီး အဖေ့ကိုရှာကျွေးးနေရတာ”
ဖြစ်နိုင်သည်။ သူသည် ပါးရည်နားရည်များ တွန့်နေသည်မှာ အဖိုးအိုတဦးကဲ့သို့ပင်။ ဆံပင်က တခေါင်းလုံး ဖွေးဖွေးလှုပ်လျှက်ရှိနေသည်။ သူ၏ဘ၀အမော ဒဏ်ရာဒဏ်ချက်များက သူ၏ရုပ်သွင်ကိုကြည့်လိုက် သည်နှင့် သိသာသည်။
မင်းအခုဘယ်မှာနေလဲ
“မင်းသိတယ်မဟုတ်လား ဟိုတပ်ကြပ်ကြီး။ ကချင်တပ်ကြပ်ကြီးလေ။ အဲဒီဦးလေးကြီးလည်း တပ်ကထွက်လိုက်ပြီ။ အဲဒီအိမ်မှာဘဲ ကပ်ရပ်နေရတာ။ သူတို့အိမ်မှာ ထမင်းစားကျွန်ခံပေါ့ကွာ”
ပြောလိုက်သော သူ၏ အသံက တဖြည်းဖြည်းတိမ်ဝင်သွားသည်။
“ငါတို့ တပ်မိသားစုအားလုံးလည်း တပ်ရဲ့ဘေးနားမှာဘဲ ဖြစ်သလိုကပ်ရပ် နေနေကြတယ်။ သူငယ်ချင်းတွေ တော်တော်များများတော့ သေကုန်ကြပြီကွာ”
ဟု ပြောလိုက်သဖြင့် အရွယ်မတိုင်ခင် ကွယ်လွန်သွားကုန်ကြသော ကျနော်၏သူငယ်ချင်းများအတွက် နှမျှောတသ ဖြစ်မိသွားရသည်။
“ဟိုကောင်တွေကော ရှိတုန်းလား”
ဟု ကျနော်က တပ်ထဲတွင်နေခဲ့သည့် သူငယ်ချင်းများကို တဦးချင်းစီရေရွတ်ရင်း မေးမိလိုက်သည်၊
“အေး အားလုံးတပ်ထဲမှာဘဲ၊ မင်းသွားပြီးနောက် တပ်ထဲကို အကုန်ဝင်ကုန်ကြတာ”
သူတို့အဆင့်ပြေကြလား
“နှစ်လုံးထီ၊ သုံးလုံးထီရောင်းစားနေကြတယ်”
ကျနော်က သူနှင့်တွေရသည့် ထိုခဏတာအချိန်တိုအလေးတွင်း၌ သိခြင်သည့်မေးခွန်းများကို တရစပ် မေးမိလိုက်သည်။ သူသည်ရရာအလုပ်လုပ်၍ သူ၏ အဖေတပ်ထွက်ကြီးကို ရှာဖွေကျွေးမွေးရသည့် ဘ၀၏ အထုအထောင်းခံ ဒဏ်ရာဒဏ်ချက်များက သူ၏မျက်နှာပေါ်ရှိ ရှုံ့တွ၍ အိုစာပေါက်နေသော ရုပ်သွင်နှင့် ၀ါဖျော့သောအသားရောင်များက သက်သေပြုနေသည်။
ကုန်ကားနောက်သို့ စပယ်ယာအဖြစ်လိုက်လာရင်း နယ်စပ်သို့ ရောက်လာသော အချိန်၌ အပိုဝင်ငွေအဖြစ် ဆန်အိတ်သွားထမ်းလိုက်အုံးမည်ဟု ပြောလာနေသော်လည်း တပ်ထဲ၌ အနှစ်(၂၀)ကျော် သံယောဇဉ်က သူ့အား ကျနော့်ဘေးနား၌ ဆက်လက်ရှိနေစေခြင်သေးသည်။ သို့သော် ဘ၀ပေးအခြေအနေများက တဦးနှင့် တဦးမတူကြတော့။ ကျနော်က လူထုကြားထဲ၌ လူထုအတွက်၊ တော်လှန်ရေးအတွက် မြုပ်နှံ၍နေသူ။ သူက လူထုကြားထဲ၌ စီးပွားရှာကာ တပ်ထွက်အဖေအိုကြီးအား လုပ်ကျွေးနေရသူ။
ကျနော်သည် သူ၏ ဘ၀အား စာနာစွာဖြင့်
“သွားလိုက်ပါသူငယ်ချင်းရာ”
ဟုသာပြောလိုက်ရသည်။

နောက်တနေ့ နေပူကြဲကြဲ သူဆန်ထမ်းသော နေရာသို့ကျနော်ရောက်သွားသည်။ အဟာရ မပြည့် ပိန်လှီနေသော သူ၏ ခန္ဒာကိုယ်ပေါ်၌ ဆန်အိတ်ကြီးတလုံးက နေရာယူလျှက်ရှိနေသည်။
“သူငယ်ချင်း မင်းအအေးလေး သောက်လိုက်ပါအုံးကွာ”
ဟု မကျည်းဖျော်ရည်ဗူးအား သူ့အားကမ်းပေးလိုက်သည်။ သူ၏မျက်ဝန်းအစုံ၌ မျက်ရည်စများဥ နေသည်ကို သတိထားမိလိုက်သည်။
“မင်းကတော့ အရင်အတိုင်းပဲကွာ။ တပ်ထဲမှာလိုပါပဲ”
သူ၏ကား ထွက်ခါနီး..............................။
“ကံကြုံရင် ပြန်ဆုံကြတာပေါ့ သူငယ်ချင်း”
“ငါလည်း ဘ၀အထွေထွေအတွက် ကျိုးစားနေဆဲပါ”
“ဟိုဗိုလ်ဖြစ်နေတဲ့ ငါ့သူငယ်ချင်းတွေကိုလည်း မင်းတွေ့ရင်ပြောလိုက်ပါ။ လူထုဘ၀ကို မမေ့ကြပါနဲ့ လို့................။”
“အေးသူငယ်ချင်း ငါဆက်ဆက်ပြောပြပေးလိုက်ပါမယ်။ မင်းမှာခဲ့တဲ့ စကားတွေကို”
“သွားတော့သူငယ်ချင်းရာ....................ဟု ပြောလိုက်ရသော်လည်း............။”
သူနှင့် ခွဲရတော့မည်ဆိုသော အသိက ကျနော်၏ ရင်ထဲ၌ ၀မ်းနဲစိတ်များ တလှိုက်လှိုက်။
ကားနောက်မှ တွဲလဲခို၍ လိုက်သွားရင်း လက်ပြ၍ နှုတ်ဆက်သွားခဲ့သော ကျနော့်သူငယ်ချင်း၏ ကျောပြင်ကိုရေးရေးကို နောက်ဆုံးကြည့်ရင်း ပင့်သက်အခါခါ ရှိုက်မိလိုက်သည်။ သူသွားခဲ့သော်လည်း............။ သူ၏စကားများက ကျနော့်နားထဲသို့ ပဲ့တင်ရိုက်ခတ်နေဆဲ........။
“ဒီကောင်တွေ တပ်ထဲမှာ ချဲဒိုင်ခံနေတယ်။ ပိုက်ဆံရှိတဲ့ ဟိုကောင် ၀င်းဦး ဆိုတဲ့ကောင်ကတော့ ဒိုင်လုပ်နေတယ်ကွ။ ဟိုကောင်က မင်းသိတယ်မဟုတ်လား ထွန်းအေး။ အေး အဲဒီကောင်က ချဲလိုက်ရောင်းနေတယ်”
တပ်အပြင်ထွက်ပြီး လုပ်လို့ရသလားကွ ?
“အေး ... တပ်အပြင်ထွက်ပြီးလဲ လုပ်စားခွင့်ပေးထားတယ်။ အရင်နဲ့မတူတော့ဘူးကွ။ တပ်ထဲမှာ ညနေအချိန်မှန်ရောက်လာရင်ပြီးရော။ ဖွဲ့စည်းပုံပြည့်နေဖို့ပဲ အရေးကြီးတယ်လေ။ ဖရီးလွတ်လွပ်လပ်လပ် ပေးထားတာ”

တပ်တွင်းရဲဘော်များ၏အခြေအနေနှင့် ဘ၀အထွေထွေများ။
တပ်တွင်းအုပ်ချုပ်မှုများ၊ စည်းကမ်းများ၊၊
တပ်ထွက်စည်သည်တော်များ၏ အခြေအနေများ။
ယခင်တပ်မတော်နှင့် ယခုတပ်မတော်၏ ကွာခြားနေမှုများ။

ဖရိုဖရဲဖြစ်နေသော စစ်တပ်ကြီးကို ကျနော်အတော်လေး စိတ်ပျက်သွားမိသည်။

အချိန်ပြည့် တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သော တပ်မတော်သားများက အပြင်ထွက်၍ ချဲလိုက်ရောင်းနေရသည်ဟု ကြားလိုက်ရသဖြင့် တပ်ထုအတွင်း စီးပွားရေးဒုက္ခ မည်မျှဖိစီးနေကြောင်း သိလိုက်ရသည်။

တိုင်းပြည်၏ လူထုစီးပွားရေးဒုက္ခမီးကြီးက စစ်တပ်ထုအတွင်းသို့ပင် ၀င်ရောက်ကာ တပ်ထုတပ်မတော်သား တရပ်လုံး၏ ထိုထိုဘ၀အခြေအနေများကို ၀င်ရောက် မွေနှောက် ၀ါးမျိုနေသည်ကို သတိထားမိလိုက်သည်။
သူထွက်ခွာသွားလိုက်သည်။ သူသည်ကျနော့်၏ နဘေးတွင် ရှိမနေတော့သော်လည်း သူသည် ကျနော်နှင့်နီးကပ်စွာ ရှိနေသည်ဟု ယုံကြည်သည်။

သူ၏ အဖေသည် ဂေါ်ရခါးလူမျိုး။ သူ၏ အမေသည် သူတို့ငယ်စဉ်ကတည်းကပင် ဆုံးပါးသွားခဲ့သဖြင့် သူတို့မောင်နှစ်မရှစ်ယောက်အား သူ့အဖေကြီး၏လစာဖြင့် ခဲခဲယဉ်းယဉ်း လူလားမြောက်ခဲ့ရသူ။ သူအဖေ၏ လစာသည်ကား ထိုနှစ် ၁၉၈၀ ကျော်က (၁၈၀)ကျပ်။

သူနှင့် ပါတ်သက်၍ တပ်မတော်အတွင်းနေထိုင်စဉ် ငယ်စဉ်က ထိုတရက်။ ထိုရက်သည် ကျနော့်အတွက် ရက်စွဲတိတိကျကျမမှတ်မိတော့ပေမဲ့ ထိုရက်ကိုတော့ မှတ်မှတ်ရရ....။
“ထမင်းစားရအောင်ကွာ”
“စားတာပေါ့”
ထမင်းဝိုင်းအလယ်တွင် ပုဂံတလုံးရှိသည် ထိုပုဂံထဲတွင် ရေအပြည့်ထည့်ထားသည်။ ကျနော်က ထမင်းစားရန် ပြင်လိုက်သည်။ ဤသို့နှင့် ထိုပုဂံထဲသို့ လက်နိုက်ဆေး လိုက်သည်။
“ဟေ့ကောင်.......ဟေ့ကောင်..........”
“ဘာလဲကွ.........”
“မင်းလက်နိုက်ဆေးတာ ရေမဟုတ်ဘူးကွ........ အဲဒါ ဟင်းရေတွေ”
“ဟာ........ စိတ်မရှိနဲ့ကွာ........ ငါ...ငါ...........ငါမသိလို့ပါ တောင်းပန်ပါတယ်”
ကျနော်က သူတို့၏ စားဝတ်နေမှုကို မသိ။ ထိုစဉ်က လူငယ်ပီပီ ဇိုးကနဲဇတ်ကနဲအမူအကျင့်များက ကျနော့် ဘ၀အတွက် နောင်တရစေခဲ့သည်။

တပ်မတော်သားတဦး၏သားဖြစ်သူ သူတို့ညီအကိုများ၏ ထမင်းဝိုင်း၌ ဟင်းမရှိပါ။ ထိုရေသည်သာလျှင် ဟင်းဖြစ်ကြောင်း ထိုရက်က ကျနော်သဘောပေါက်လိုက်ရသည်။
သူတို့၏ ထမင်းပုကန်ထဲသို့ ထိုအရည်ကိုလောင်းချသည်။ ပုကန်ဘေးတွင် ဆားပုံထားသည်။ ထိုဆားနှင့် ငရုတ်သီးကို တရှူးရှူးးစားနေသော ထိုညီအကိုအား ကျနော်အံ့သြောသွားမိလိုက်သည်။
သူတို့၏ ဟင်းသည်ကား ရေနှင်ဆား၊ ငရုတ်သီး...............။
သူတို့ဤကဲ့သို့ နေထိုင်စားသောက် နေရပါတကားဟု သိလိုက်ရသည့်အတွက် အိမ်၌ဈေးဆိုင်ဖွင့်၍ ပါးစပ်စိုနေသော ကျနော့်က သူတို့ဘ၀များကို အားနာမိလိုက်သည်။

ထိုစဉ်မှစ၍ ကျနော်သည် တပ်မတော်အတွင်း နေထိုင်စားသောက်မှုများကို စေ့စေ့ငှငှ လိုက်ကြည့်မိလေတော့သည်။ မိသားစု (၉)ယောက်အတွက် သူ့အဖေ၏လစာ (၁၈၀)ကျပ်က မည်သို့ဖူလုံ လောက်ငှအောင် ကျွေးနိုင်တော့မည်နည်း။ ဟင်းမရှိသော သူတို့ဘ၀အတွက်၊ တပ်မတော်သားအတွက် ဟင်းမပေးနိုင်သော တပ်မတော်အပေါ် ကျနော်၏ ထားရှိခဲ့သော နုနယ်သောစိတ်များ၌..............................။

သူသည် အချိန်အားသည်နှင့် တပ်၏ဘေးရှိမြေနုကွက်လပ်များပေါ်၌ အပင်စိုက်နေလေ့ရှိသည်။ ငယ်ရွယ်နုပျိုသည့် ခလေးငယ်သည် နွားတကောင်နှင့် ရုန်းဖက်နေရသည်။ ကျနော်သည် သူ့ရှိရာသို့ မကြာမကြာသွားလည်ဖြစ်သည်။ ငယ်စဉ်က တပ်မတော်အတွင်း၌ နွားဖြင့် ရုန်းဖက်ခဲ့ရသည်။ ကြီးလာတော့ ၀မ်းစာရေးအတွက် စီးပွားရေးဒဏ်ရာဒဏ်ချက်များဖြင့် ရုန်းဖက်၊ ရုန်းကန်နေရတုံး။
သြော် ................. တပ်မတော်အတွင်း ဖြစ်တည်ခဲ့ရသော လူဘ၀များသည်ကား ဆိုးရွားလွန်းလှပေစွ။

တပ်ထဲမှာ ချဲဒိုင်ဖွင့်စားနေတယ်ဟု သူငယ်ချင်းပြောလိုက်ခဲ့သောစကားကို ကျနော်အံ့သြောသွားမိခဲ့သည်။ တပ်ကြပ်က ချဲဒိုင်ခံသည်။ တပ်ကြပ်ကြီးက ချဲလိုက်ရောင်းသည်။ ထိုတပ်ကြပ်သည်ကား ငွေရှင်။ တပ်ကြပ်ကြီးသည်ကား ထိုငွေရှင်၏ လက်ဝေခံ။ တပ်အတွင်း ပြောင်းပြန်တွေဖြစ်ကုန်နေသည်။ ငွေရှိသော အရာခံဗိုလ်အား ဗိုလ်မှူး၊ ဗိုလ်ကြီးများက ဒူးထောက်ကြရတော့မည်။

ကျနော်နုပျိုစဉ် တပ်ထဲနေစဉ်ကာလအချိန်များ......။

အပြင်မှနေ၍ တပ်ထဲသို့ ဆိုင်ကယ်ဖြင့် အလုပ်လာဆင်းဘူးသော အဖေ၏မိတ်ဆွေ တပ်မတော်သားတဦး ရှိခဲ့ဖူးသည်။ သိပ်မကြာခင် သူတို့မိသားစုအားလုံး တပ်ထဲသို့ရောက်လာကြသည်။ ထိုကိစ္စနှင့် ပါတ်သက်၍ အဖေအား မေးခဲ့ဖူးသည်။
“ တပ်အပြင်ကနေ အလုပ်တက်လို့ ရသလား ... အဖေ”
“မရဘူး ငါ့သား...။ တပ်ကစည်းကမ်းကြီးတယ်”
“ဒါဆို အပြင်ထွက်ပြီးတော့ စီးပွားရှာလို့ကော မရဘူးလား .. အဖေ”
“မရဘူးငါ့သား”
“ဘာဖြစ်လို့လဲ”
“အကျိုးစီးပွားပြသနာတွေဖြစ်လာရင် တပ်ထဲမှာ ဆင်းရဲချမ်းသာတွေကွာဟလာပြီး တပ်ကို ဘယ်လိုအုပ်ချုပ်လို့ ရတော့မလဲကွာ”
ဟု အဖေပြောခဲ့ဖူးသော စကားများကို အမှတ်ရစေခဲ့သည်။ ယခုတော့ တပ်မတော်အတွင်း၌ ဆင်းရဲချမ်းသာကွာဟချက် ကြီးမားလာနေပြီ။

ယခုတပ်မတော်သည် ယခင်တုန်းက တပ်မတော်မဟုတ်တော့။ ယခင်တပ်မတော်သည် စည်းကမ်းအပေါ် တပ်ဆောက်ခဲ့သော တပ်မတော်။ ယခုတပ်မတော်သည်ကား.........?

ကျနော်၏ သူငယ်ချင်းနှင့်ပြောခဲ့သော စကားများကို ပြန်လည် အမှတ်ရစေမိခဲ့သည်။

“မင်းတပ်ထဲကို သွားမလည်တော့ဘူးလား”
“လည်တော့လည်ခြင်တာပေါ့....။ သူငယ်ချင်းတွေနဲ့လည်း တွေ့ခြင်တယ်။ ဒါပေမဲ့ မလည်ခြင်တော့ဘူးကွာ
“ဟ........ဘာဖြစ်လို့လဲကွ”
အခုနောက်အသစ်ဝင်လာတဲ့ ရဲဘော်တွေက အရင်ရဲဘော်တွေနဲ့ မတူကြတော့ဘူး။ တပ်ထဲကို ၀င်မဲ့ဂိတ်တွေက မူးပြီးအရမ်းရစ်တာ။ ဒီကောင်တွေ ကင်းသာစောင့် နေကြတာ တနေကုန်လုံး မူးရူးနေကြတာ။ မင်းကို ငါခေါ်ပြလိုက်ခြင်တယ် သူငယ်ချင်း။ ငါတို့တပ်ထဲမှာနေတုန်းက ကင်းစောင့်တဲ့ရဲဘော်တွေ အရက်မူးနေတာ ငါတခါမှ မြင်လည်းမမြင်ခဲ့ဘူး။ ကြားလည်းမကြားမိခဲ့ဘူး။

ဟုတ်သည်။ ကျနော်တပ်ထဲမှနေစဉ် တပ်ကို ၀ိုင်းရံထားသောကင်း ဂိတ်များစွာရှိသည်။ ဟေ့...ရပ်ဘယ်သူလဲ။ ကျနော်တပ်ကြပ်ကြီး ဦး ..... ရဲ့သားပါ။ အချိန်မတော်ပြန်လာသော ကျနော်တို့အား မည်သူတဦးတယောက်မှ အရက်မူးရမ်းကားပြီး မဆက်ဆံခဲ့ဖူးပါ။ ယခုတော့ အဲသည်လိုမဟုတ်တော့ နေခင်းကြောင်တောင်ကြီးတောင် ကင်းစခန်းထဲတွင် မူးရူးနေကြသည်ဆိုတော့ တပ်မတော်သည် မည်မျှယိုယွင်းပျက်စီးနေကြောင်း လေ့လာသိရှိခွင့် ရလိုက်လေသည်။

ထိုရက်က တပ်မတော်အတွင်း ကျနော်ငယ်စဉ်က ကျနော့်အား ချစ်ခင်စွာထိမ်းကြောင်းပေးခဲ့သော အဖေ၏ သူငယ်ချင်းတဦးနှင့် အဆက်အသွယ်ရလိုက်သည်။
“ငါ့တူ... ငါက တပ်ကထွက်လိုက်ပြီ။ ပင်စင်က ငါးထောင်ကျပ်ရတယ်ကွ။ တလကို ငါက ၅၀၀ကျပ်သုံးတယ်။ ကျန်တာက မင်းညီမတွေရဲ့ ကျောင်းစရိတ်ထဲကို ထည့်ပေးနေရတယ်”
“ဟုတ်လား ဦးလေး”
ထမင်းတပွဲပင်လျှင် ၁၀၀၀ကျပ်ခန့်ရှိနေသော အချိန်၌ ကျနော်၏ တပ်ထွက်ဦးလေးကြီးက တလကို ၅၀၀ကျပ်သုံးနေသည်ဟု ပြောလာသဖြင့် ကျနော် အလွန်အံ့သြော မိသွားသည်။ အဖေ တပ်မှထွက်လိုက်သည်က သူ့ထက်ပိုစောသည်။ ထို့အတွက် အဖေရသည့် ပင်စင်သည် ကျပ်ငွေ(၇၅၀)ကျပ်။ အနှစ်(၄၀)ကျော် တာဝန်ထမ်းခဲ့သော အဖေ၏ပင်စင်လစာကား ဆေးလိပ်တဗူးဘိုးမျှပင်မရှိ။ ယခု ဦးလေးရသည့်က (၅၀၀၀)ကျပ် ၂၀၀၈ခုနှစ် ဂိတ်ဆုံး။ တပ်မတော်က ပင်စင်များကို တိုးပေးမည်ဟုပြောနေသော်လည်း လွန်ခဲ့သည့်(၁၀)နှစ်ကတည်းက ပင်စင်ကို မျှော်နေကြသော တပ်ထွက်စစ်သည်များက မယုံကြည်ကြတော့။ သူတို့အိတ်ထဲ သူတို့ထည့်နေသည်ဟုသာ မိမိကိုယ်ကိုမိမိ ဖြေသိမ့်နှစ်သိမ့်နေကြကြောင်း တပ်ထွက်ကြီးများ၏ ပြောသံကြားလိုက်ရသည်။

သူ၏သားသမီးများအတွက် သူအနစ်နာခံနေရသည့်အတွက် ထိုငွေ(၅၀၀)ကျပ်ကို မည်သို့သုံးစွဲနေကြောင်း ကျနော် မမေးရက်။ မမေးရဲတော့ပါ။ မေးရန်လည်းမသင့်တော်ကြောင်း ကိုယ့်ကိုကိုယ် မချင့်မရဲ တပ်ထွက် ဘ၀များအတွက် စာနာနားလည်စွာ ခံယူလိုက်ပါသည်။ ကျနော်၏ ရှိစုမဲ့စုထဲမှ မြန်မာငွေ ကျပ်တသောင်း ပေးလှူခဲ့သောအခါ သူသည် ၀မ်းသာ၍မဆုံး။ ပျော်ရွှင်၍ မဆုံးနိုင်ခဲ့။ ကျနော်၏ သတိရမှုများသည်သာ သူ့အတွက် ဂုဏ်ယူလို့မဆုံး။

ဒါမှ ငါတူကြီးကွ။ မင်းတို့ ဆက်ကြိုးစားကြ ဟု ပြောသံများက တပ်ထွက်စစ်သည်အိုကြီးများနှင့် ကျနော်တို့ ဒီမိုကရေစီအင်အားစုများ တသားတည်းရှိနေကြောင်း မီးစိမ်းပြလိုက်သည် ဟု ကျနော်ခံယူမိလိုက်သည်။

ထိုရက်က ကျနော်သည် တရုပ်မြန်မာနယ်စပ် ကျယ်ဂေါင်မြို့လေးသို့ ရောက်သွားသည်။ ကျယ်ဂေါင်မြို့လေးသည် မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ကပ်ရက်တည်ရှိသည်။ မြန်မာတရုတ် ဥဒဟိုသွားရာဒေသဖြစ်သည်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်မှုလုပ်နေတဲ့ လမ်းမကြီး။ တရုပ်ပစ္စည်းပေါချောင်ကောင်းများထုတ်လုပ်၍ မြန်မာပြည်သို့တင်ပို့ကာ မြန်မာ့ဝယ်လိုအားနှင့် ရပ်တည်နေရသောနယ်စပ်မြို့ဖြစ်သည်။ တရုပ်၏ မြန်မာပြည်တွင်းသို့အား အကောင်းဆုံး အပို့များဆုံးကုန်စည်သည်ကား ဆိုက်ကယ်ဖြစ်သည်။ ဆိုင်ကယ်က တရားမ၀င်မှောင်ခိုကုန်။ ထိုမြို့လေးသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ဆိုင်ကယ် လာဝယ်သူများနှင့် ပျားပန်းခပ်လျှက်ရှိသည်။ ဆိုင်ကယ်ဈေးကွက်သည် မြန်မာပြည်တွင် အကြီးမားဆုံးငွေလှည့်လည်နေသည့် ဈေးကွက်ကြီး။ ဆိုင်ကယ်တစီး မြန်မာပြည်သို့ ရောက်သွားပါက စားပြီးသောက်ပြီး တခေါက်လျှင် (၅၀၀၀၀)ကျပ်ခန့် ကျန်သည်ဟုသိရသည်။ သို့သော်လမ်းခရီး၌ ဆိုင်ကယ်ကယ်ရီသမားများအကြောက်ဆုံးသည်ကား “ဖား” များ။ ထို ဖားများနှင့် တွေ့လိုက်ရင်ဖြင့် ကံမကောင်းရင် အမြတ်မရသည့်အပြင် ကိုယ့်အိပ်ထဲမှ ငွေပါ ပါသွားနိုင်သည်။ ထိုဖားများ ဆိုသည်ကား လူထုအခေါ် လက်နက်ကိုင်ထားသော စစ်သားများ၊ ရဲများပင်ဖြစ်သည်။ သူတို့သည် လမ်းကျိုလမ်းကြား၊ ချောင်းကြိုချောင်းချား၌ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တဖွဲ့ စုဖွဲ့ကာ တောင်းစားနေသူများကို ဖားဟုခေါ်ကြသည်။ သူတို့အလုပ်ရှားဆုံးအချိန် သည်ကား ညအခါဖြစ်သဖြင့် ဖားဟုခေါ်ကြသည်။ လူထုက သူတို့ကို ရွံရှာမုန်းတီးစွာ ဖားဟု နာမည်ပေးကြသည်။
ဖားတွေကတော့ မလွယ်ဘူးအကိုရေ၊ လမ်းတွေ့ရင်ဆော်ဖို့ ဒါးဝယ်နေတာဟု ဆိုင်ကယ်ကယ်ရီသမားလေးက ဈေးဝယ်နေသော ကျနော့်ဘက်သို့လှည့်ပြောရင်း ၀မ်းစာရေးအတွက် ဒါးတောင်ဆောင်နေရတဲ့ ခေတ်ကြီးဖြစ်နေပါလားဟု တွေးလိုက် မိသည်၊ ခေတ်ကြီးက ဒါးဆောင်၍ စီးပွားရေးမီးပယ်လယ်ကြီးကို ကျော်ဖြတ်နေရသောခေတ်...........။

ရုရှားစစ်သည်တော်၏ဖခင်ကြီးနှင့်ဆုံဆည်းရခြင်း

ဖေဖေါ်ဝါရီလ၂၀၀၈။ ကျနော်ရုရှားစစ်သည်တော်တဦး၏ဖခင် ပင်စင်စားတပ်ထွက်ဗိုလ်မှူးတဦးနှင့် ဆုံတွေ့ခဲ့ရသည်။
ထိုရက်က ကျနော်သည် လွယ်ဂျယ်သို့ တခေါက်ရောက်ခဲ့သည်။ လွယ်ဂျယ်ဆိုသည်ကား တရုပ်မြန်မာနယ်စပ်။ ထိုမှတဆင့်သွားလျှင် ဗန်းမော်သို့ရောက်တော့မည်။ ကျနော်သည် တရုပ်မြန်မာနယ်စပ်ရှိ ကုန်စည်ကူးသန်းရောင်းဝယ်မှု အခြေအနေများကို သွားရောက်လေ့လာရင်း ထိုဒေသရှိ ကျနော်၏မိတ်ဆွေတဦးထံသို့ ၀င်ရောက်လည်ပါတ်မိသည်၊ ကျနော်၏မိတ်ဆွေသည်ကား တရုပ်ပြည်နယ်စပ်၌ အခြေ့ပု၍ စီးပွားရှာနေသူတဦး။ သူ၏အိမ်မှ ပန်း၍ပါတ်၍သွားလျှင် လွယ်ကျယ်မြို့သို့ ၀င်ရောက်နိုင်သည့် ခိုးလမ်းပေါင်းများစွာရှိသည်။ တရုပ်နယ်စပ်နှင့် မြန်မာနယ်စပ်ကို ၀ါးခြံများဖြင့်သာ ကာရံထားတဲ့အတွက် အလွယ်တကူဝင်ရောက်နိုင်သည့် လမ်းမျှောင်များစွာကို တွေ့ရနိုင်သည်၊

ထိုရက် ရာသီဥတုကအလွန်ပူပြင်းသည်။ မြန်မာပြည်နှင့် ပိုမိုနီးကပ်လာသဖြင့် ပူပြင်းခြောက်သွေ့လာသည်။ ကြံခင်းများက တရုပ်ဖက်ကမ်းတွင် တမျှော်တခေါ်။ ပူပြင်းသောနေရောင်အောက်၌ ကျနော်၏ ဆိုင်ကယ်လေးသည် ဖုန်တထောင်းထောင်းထနေသည့် လမ်းမပေါ်၌ ကျနော်၏ မိတ်ဆွေအိမ်ရှိရာသို့ ဦးတည်လျှက်။ ရှေ့တောင်ကုန်းတခုကို ကျော်လိုက်သောအခါ ရေချောင်းလေးက သာယာစွာစီးဆင်းလျှက်။ ကျနော်သည် ထိုချောင်းလေးပေါ်ရှိတံတားကို ကျော်ဖြတ်ရင်း နွေဦးရာသီသို့ တိုးဝင်တောမည်ဖြစ်သဖြင့် သဘာဝပါတ်ဝန်းကျင် အလှအပများက ကျနော့်ကိုဆွဲဆောင်နေသော်လည်း ကျနော်၏အာရုံများသည်ကား ဆင်းရဲကြပ်တည်းလှသော လူထုဘ၀အထွေထွေ အခြေအနေများ... ...............

ကျနော်၏ မိတ်ဆွေအိမ်သို့ရောက်သည်နှင့် ကျနော်သည် ပထ၀ီအနေအထားနှင့် လူရိပ်လူခြေများကို ကြိုတင်၍ အကဲခတ်လိုက်မိသည်။ ဤနေရသည်ကား နယ်စပ်။ လူအမျိုးမျိုး စရိုက်အမျိုးမျိုး တွေ့နိုင်သည်မဟုတ်ပါလား? အိမ်ရှေ့မြေကွက်လပ်တွင် ဆိုင်ကယ်အသစ် သုံးစီးရပ်ထားသည်ကို တွေ့မြင်လိုက်ရပြီး လူတယောက်ထိုင်နေသည်ကို တွေ့မြင်လိုက်ရသည်။ ကျနော်ရောက်လာသည့် အသံကိုကြားရသဖြင့် ကျနော်၏ မိတ်ဆွေသည် အားရ၀မ်းသာစွာ အပြင်သို့ထွက်ကြိုလာသည်။ သူနှင့် အချိန်အတော်ကြာ အိမ်ထဲ၌စကားပြောပြီးသည်နှင့် ကျနော်သည် အညောင်းအညာဆန့် အိမ်အပြင်သို့လမ်းလျှောက် ထွက်လာမိသည်။ ကျနော်ဝင်ကာစက မြင်လိုက်ရသော လူတဦးက လမ်း၌ပြန်တွေ့ကာ ကျနော့်အား ပြုံးပြနေသည်။ ကျနော်က အလိုက်သင့် ပြန်ပြုံးပြလိုက်သည်။ လွယ်ဂျယ်သွားမလို့လား ဟု ပြောလာသဖြင့် ကျနော်က ခပ်တည်တည်နှင့် ဟုတ်တယ်ဟု ဖြေလိုက်သည်။ ခင်ဗျားကဘယ်လဲ ဟု ကျနော်ကမေးလိုက်သည်။
ကျနော် ဆိုင်ကယ်ကယ်ရီ လုပ်နေတာပါဟု ဖြေသည်။ သူ၏ဘေးနားတွင်ဆိုင်ကယ်အသစ်သုံးစီး။ ထိုသူသည် အရပ်က ငါးပေတလက်မခန့်။ အရပ်ပြတ်ပြတ်။ မျက်နှာက ၀ိုင်းဝိုင်း။ အောက်တွင် စစ်ဘောင်းဘီအစိမ်းကို ၀တ်ထားသည်။ အပေါ်တွင် ရိုးရိုးသာမန်အင်္ကျီ အဖြူတထည်။ ဆိုင်ကယ်ကယ်ရီ သမားများ၏ ဘ၀ကို စုံလင်စွာလေ့လာထားသော ကျနော်က သူ့အား စကားဖိတ်မန္တက အနေဖြင့် အဆင်ပြေလားဗျ ဟု မေးလိုက်မိသည်။ လွယ်ဂျယ်ဝင်မဲ့လမ်းမှာ ရဲတွေစောင့်နေတယ်ကြားလို့ဗျာ။ ကျနော့် ကောင်လေးတွေကိုသွားပြီး အိုပီ(ကြို၍ ကင်းထောက်စုံစမ်းခြင်း) လုပ်ခိုင်းလိုက်တယ်။

စစ်သုံးစကား အိုပီဟုကြားလိုက်ရသဖြင့် နဲနဲ လူပုဂ္ဂိုလ်အရ စိတ်ဝင်စားမိသွားသည်။ ဘယ်မှာနေလဲဗျ။ ကိုယ်က မန္တလေးကပါ။ ကိုယ်ကလို့ပြန်၍ သုံးလာသည့်အတွက် ဤနေရာ၌ ကျနော့် အတွေ့အကြုံများအရ သုံးသပ်ချက်ချရတော့မည်။

“ခင်ဗျားက တပ်မတော်ကလားဗျ ?”
ကျနော်က ခပ်တင်းတင်းမေးလိုက်တော့....သူသည် အံ့သြောစွာကြည့်ရင်း
အေးဟုတ်တယ်
ဘယ်တပ်ကလဲ?
“ခလရ ..... ကပါ။ ကိုယ်က ဗိုလ်မှူးတယောက်ပါ ”
ဟုပြောလာသဖြင့် ကျနော် နားရွက်ထောင်သွားသည်။
“ဘာနဲ့ထွက်တာလဲ အကိုကြီး။ ကက်ရှူရယ်လ် လိဗ်လား မက်ဒီကယ်လိဗ်လား ? ”
“မောင်ရင်ကလည်း တပ်ထဲကလား ”
“ဟုတ်တယ်”
“ကိုယ်က မက်ဒီကယ်လ်လိဗ်( ရောဂါဖြင့် တပ်ထွက်ခွင်ရခြင်း) နဲ့ထွက်လာတာပါ”
“ကြာပြီလားဗျ ခင်ဗျားဆိုင်ကယ်ကယ်ရီလုပ်စားနေတာ ”
“မကြာသေးပါဘူးငါ့ညီရာ။ လုပ်စားစရာမရှိတော့ ဒီဆိုင်ကယ်ကယ်ရီဘက်ကို လှည့်လာရတာပါ”
ဟု ပြောသဖြင့် လူထုဘ၀အမောကြားထဲ၌ ရှိနေသော ကျနော်သည် သူ့အားရီဝေစွာကြည့်မိလိုက်သည်။ ကွမ်းယာစားထားသဖြင့် သွားများသည် ကွမ်းချေးများ ကပ်နေသည်။ ပူလောင်သည့် နေရောင်ခြည်ဒဏ်ကြောင့် သူ၏အသားရည်များက အညိုရောင်မှ အမဲရောင်များဘက်သို့လုနေသည်။
“ခင်ဗျားကရောဘာလုပ်စားလဲ”
“ကျနော်က အကုန်လုပ်စားတယ်ဗျ”
ဟု ခပ်ဖေါ့ဖေါ့ ပြောလိုက်သည်။
“အေးဗျာ အကွက်လေးဘာလေးရှိရင်လည်း ပြောပေးပါအုံး။ ဆိုင်ကယ်ကယ်ရီလုပ်စားရတာ ဖားတွေနဲ့ မလွယ်ဘူးဗျ”
“ဖား” ဆိုသည့် အသံကြားလိုက်သည်နှင့် ကျနော်ခေါင်းထောင်သွားမိသည်။ ဖားဆိုသည်ကား လုပ်စားကိုင်စားနေကြရသော ပြည်သူလူထုများအတွက် ကြီးမားသည် အန္တရာယ်။ ဖားတွေက တော်တော် ဆိုးတယ်။ ကျနော်လည်းဘာမှ မကျန်ပါဘူးဗျာ။ မိသားစုတွေများနေလို့သာ ဒီအလုပ်ကို အိုကြီးအိုမနဲ့လုပ် စားနေရတာ။ ကျနော့် အသက်အရွယ်နဲ့ အင်မတန်မှ သိက္ခာ ကျလှပါတယ်။
ကျနော်က သိက္ခာဆိုသော စကားကို သတိထားမိလိုက်သည်။ ခေတ်စနစ်လူများ၏ မှားယွင်းသော စီမံအုပ်ချုပ်မှုများကြောင့် စီးပွားရှာဖွေစားသောက်နေကြသော သူအများစုမှာ သိက္ခာထက်ရိက္ခာကို ပိုမို အဓိကထားလာနေကြောင်းသိနေသော ကျနော်သည် သူပြောသည့် သိက္ခာဆိုသည့် စကားလုံးလေးကို သဘောကျလိုက်မိသည်။ မှန်သည်။ ရိုးရိုးသားသား စီးပွားရှာဖွေသူတိုင်းက သိက္ခာကို အလေးထားလေ့ ရှိသည်။ ရိက္ခာကို ပိုမိုအလေးထား ရှေ့တန်းတင်လာပါက လောဘ၊ မောဟ၊ ဒေါသများ ပိုမို ဖိစီးလာကာ ကိုယ်ကျိုးစွန့် အနာခံမှုများရှိလာနိုင်တော့မည်မဟုတ်။
အထဲကကောင်တွေက သိက္ခာမရှိကြတော့ဘူးကွဟု ပြောလာသဖြင့် ကျနော်သူ့ကို စိတ်ဝင်စားမိသွားသည်။
“ကိုယ့်ဆိုင်ကယ်ကို ရဲတွေဖမ်းသွားတယ်။ ဒီလွယ်ဂျယ်အ၀င်မှာပဲ။ အဲဒါနဲ့ စခန်းမှူးဆီသွားတာ။ စခန်းမှူးက မရှိဘူး ဒုရဲအုပ်နဲ့တွေ့တော့ ခခယယကို တောင်းပန်ပြီး မနည်းထုတ်ယူလာရတယ် ညီလေး။ တလမ်းလုံးလဲ ဒီဖားတွေနဲ့ပဲ တိုးနေတာ။ ဒီကောင်တွေကို ပိုက်ဆံပေးပြီး ဖြတ်ရတာ ပြသနာမရှိဘူး ငါ့ညီရ။ ခက်တာက ရစ်နေတာ။ ကိုယ့်သားကိုယ့်မြေးလောက်က ရစ်နေတာကို အခံရအခက်ဆုံး။ ဆိုင်ကယ်လာရင် ၀ါးလုံးတားပြီးပိုက်ဆံတောင်းစားတယ်။ ပြီးတော့ ကျုပ်တို့က အရင်းကြီးတယ်ပြောတယ်။ ဘာအရင်းစိုက် ရလို့လဲ။ ငါ့ညီ မင်းစဉ်းစားကြည့်လေကွာ...။ ၀ါးလုံးတလုံးရယ်...ထိုင်ခုံတလုံးရယ် လမ်းတွေမှာပိတ်ထိုင်ပြီး လာသမျှလူဆီက အတင်းကို ငွေညှစ်ယူနေတာ။ ဒီကောင်တွေနဲ့တွေ့ရတာ ကိုယ့်စစ်သား သိက္ခာတောင် ကျတယ်ကွာ......။ငါ့ညီ မင်းစဉ်းစားကြည့်ကွာ....။ အကိုတို့က ရှေ့တန်းလိုနေရာတွေမှာ အသက်ပေးပြီး တိုက်ပွဲဝင်လာခဲ့တဲ့ကောင်တွေက ငါ့.... မိသားစု ၀မ်းရေးအတွက်မို့လိုသာ အတော်လေး သည်းခံနေရတာ...။ ဒီ ခွေးသူတောင်းစား ရဲတပ်ကြပ် အဆင့်လောက်တွေကို ငါလိုတပ်ထွက် ဗိုလ်မှူးတယောက်က ခယနေရတော့ကွာ........”
သူနဲ့တွေ့လိုက်သည့်အတွက် တပ်တွင်းအခြေအနေများကို ပို၍ပို၍ သိခြင်လာသည်။ သို့သော် အရမ်းတိုး၍ မရ။
“ကိုယ် အရင်တုံးက ဒီဘက်နယ်တွေမှာ တာဝန်ကျခဲ့ဖူးတယ်။ တပ်ခွဲမှူးဘ၀နဲ့ပေါ့။ ကချင်ပြည်နယ် တော့် တော်တော်နှံ့တယ်”
ဟု ပြောတော့ ကျနော်ကအလိုက်သင့် ဟုတ်လားဟု ထောက်ခံလိုက်သည်။

မိသားစု ဘယ်နှစ်ယောက်ရှိလဲဗျဟု မေးတော့ (၅)ယောက်ဟုဖြေသည်။ အားလုံးတပ်ထဲမှာပဲလား။ နှစ်ယောက်ကတပ်ထဲမှာဟု ဖြေသည်။ တပ်မိသားစုဝင်များ တပ်ထဲသို့ဝင်ကြသည်မှာ မဆန်း။ ဆန်းနေသည်က သူ၏ဆိုင်ကယ်ကယ်ရီဘ၀။ တပ်ထွက်ဗိုလ်မှူးတယောက်၏ ဆိုင်ကယ်ကယ်ရီ လုပ်စားနေရသောဘ၀။ ဆိုင်ကယ်မောင်းရသည်အလုပ်မှာ တကယ်တော့မလွယ်လှ။ ခရီးဝေးမောင်းသည့် လူငယ်တဦးပင် လေတိုးသဖြင့် အဆုပ်ပွရောဂါများရနိုင်သော ထိုအလုပ်။ ထိုအလုပ်ကို အသက်ကြီးကြီး တပ်ထွက်ကြီးက မောင်းနေရသဖြင့် ကျနော်သူ့ကို ဂရုနာသက်မိပြီး အဝေးရောက်နေသည့် သူ၏ သားသမီးများကိုလည်း အထင်သေးလိုက်မိသည်။ မိအိုဖအိုကို ပစ်ထားနေပါလား။
ကျနော့်၏ သူငယ်ချင်းက သူ့အဖေအိုကို လုပ်ကျွေးနေသည်။ နေပူကြဲကြဲကူလီထမ်း၍ သူ၏စစ်ထွက် အဖေအိုကြီးရှင်သန်ရန် အားကြိုးမာန်တက် ကြိုးစားလျှက်ရှိနေသည်။ ထိုဗိုလ်မှူး၏သားသမီးတွေက ဘာတွေလုပ်နေကြသနည်း ........။
အကိုကြီးရဲ့သားသမီးတွေက ဘယ်ရောက်နေလဲဟု ကျနော်က ဆက်မေးမိသည်။
တယောက်က ဒုဗိုလ်။ တယောက်က ဗိုလ်ကြီးအဆင့်
ဟု ပြောလာသဖြင့် ကျနော်က စိတ်ဝင်စားသွားမိသည်။
သူတို့ဘယ်မှာလဲဗျ.....။
တယောက်ကပြည်တွင်းမှာ
တယောက်ကနိုင်ငံခြားမှာ
ဟာ ... ဟုတ်လား........ နိုင်ငံခြားမှာဆိုတော့ ဘယ်မှာလဲဗျ
ရုရှားမှာ....
ဗျာ........ ရုရှားကို ဘယ်တုံးကသွားတာလာဗျ။
သုံးနှစ်လောက်ရှိ သွားပြီ။
ကျနော်က ရုရှားဆိုတော့ တော်တော်စိတ်ဝင်စားသွားသည်။ နူကလီးယားနည်းပညာရရန် ရုရှားသို့ မြန်မာစစ်ဗိုလ်လူငယ်တော်တော်များများကို နအဖစစ်အုပ်စုမှ ပို့ထားကြောင်းသိထားပြီးဖြစ်သည်။ လွန်ခဲ့သောလမှ တသုတ်ပြန်ပို့ထားသည့် သတင်းကိုလည်း ကျနော်က ကြားသိပြီးဖြစ်သည်။
ကျနော် ရုရှားပညာတော်သင်ဘ၀များအကြောင်းကို စိတ်ဝင်စားမိလိုက်သည်။
သူတို့စားဝတ်နေရေး အခြေအနေဘယ်လိုရှိလဲဗျ
ထို တပ်ထွက်ဗိုလ်မှူးက သူ၏သားရုရှားရောက်နေကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလျှက်ရှိနေသည်။
ရုရှားမှာ ရေမရလို့ ဘီယာသောက်ကြရတယ်ပြောတယ်။ နောက် အသားချည်းဘဲစားနေရတယ်။ ဟင်းသီးဟင်းရွက် အရမ်းစားခြင်တယ်ပြောတယ်။
သူတို့ပိုက်ဆံလေးဘာလေး မပို့ဘူးလားဗျ။
မမျှော်ပါဘူးကွာ........။
သူနဲ့ကျနော်စကားအတော်ပြောဖြစ်ခဲ့ကြသည်။ ရုရှားရောက်စစ်သည်များ၏ အသေးစိတ် အခြေအနေများကို ထိုတပ်ထွက်ဗိုလ်မှူးထံမှ သိရှိလိုက်ရသည်။ ကျနော်သည်သူ့ဆိုင်ကယ်များအား လုံခြုံစိတ်ချရသည့်လမ်းသို့ ခေါ်ဆောင်ပို့ဆောင်ပေးခဲ့သည်။ သူ၏ဆိုင်ကယ်သည် လွယ်ဂျယ်မြို့သို့ ရောက်သွားခဲ့သည်။ လမ်း၌ ဖားများနှင့်မတွေ့စေရန် ဆုတောင်းပေးလိုက်သည်။ မန္တလေးသို့ အမြန်ဆုံး ရောက်နိုင်ပါစေ.......။

ဤနေရာ၌ ရုရှားရောက် သူ၏သားနာမည်ကို ကျနော်မဖေါ်ပြတော့ပါ။ အဆင့်မြင့်နည်းပညာများသင်ယူနေကြသော ထိုရုရှားရဲဘော်များအား ဤနေရာမှနေ၍ တခုပြောလိုက်ခြင်ပါသည်။ အသင်သည် ထိုရုရှား၌ နေ၍ ဂုဏ်မောက် မနေကြကုန်လင့်။ အသင်၏အဖေတပ်ထွက်ပင်စင်စားဗိုလ်မှူးကြီးသည် အိုကြီးအိုမနှင့် ဆိုင်ကယ်ကယ်ရီလုပ်စားနေသည်။ သင်၏ အဖေကဲ့သို့ ယနေ့လူထုတရပ်လုံးသည်လည်း စီးပွားရေး မီးပင်လယ်ကြီးကို အသက်လု၍ ကျော်ဖြတ်နေရသည်။ အသင်အနေဖြင့် အသင်၏အဖေ ယခုလို ဆင်းရဲနွမ်းပါးဖြစ်နေရသည်ကို အဘယ့်အတွက်ကြောင့်ဖြစ်ရသနည်းဟု ဆန်းစစ်ဝေဖန် စောကြောဘို့ လိုပါသည်။
နိုင်ငံခြားပညာတော်သင်စစ်ဗိုလ်များအနေဖြင့် ကိုယ့်မိဘအခြေအနေများ၊ ကိုယ့်ပြည်သူ၏ အခြေအနေ များကို မျက်ချေမပြတ်လေ့လာရန် အရေးကြီးလာနေပါသည်။
သူ့အဖေပင်စင်စား ဂေါ်ရခါးစစ်သည်ကြီးအား ပင်ပင်ပန်းပန်း ကူလီထမ်း၍ ကြိုးစားပမ်းစား တပ်ထဲမှာ ကျနော်နှင့်အတူနေခဲ့သော ကျနော်၏သူငယ်ချင်းနှင့် ရုရှားရောက် စစ်ဗိုလ်များအားကျနော်နှိုင်းယှဉ်ကြည့်မိ လိုက်လေတော့သည် .........

ထို့အတွက်ကြောင့် တိုင်းပြည်၏ တပ်မတော်၌ ဆက်လက်ပုခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် အရာရှိငယ်များအနေဖြင့် အထက်ပါဖြစ်ရပ်များအား သင်ခန်းစာယူ၍ တပ်အုပ်ချုပ်ရေး၊ တပ်ပြုပြင်ရေး၊ တပ်တွင်းထု၏ ခံစားချက်များ၊ လူထု၏ခံစားချက်များကို ပိုမိုသိမြင်နားလည် သဘောပေါက်အောင် ကြံဆောင်ကြိုးစားနိုင်ကြပါစေ ...........................................။

ဥတ္တရကျော်
၂၇-၃-၂၀၀၈

အပိုင်း(၃) မျှော်

မှတ်ချက်။ ။ ဤဆောင်းပါး ပေးပို့သော ဆရာ ဥတ္တရကျော် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
...


Summary

Rest of your post

No comments: