Tuesday, March 25, 2008

“ တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ ”

အပိုင်း(၁)
“ တပ်တွင်းမိသားစုဝင်များဘ၀နှင့် အောက်ချေ အကြပ်စစ်သည်များ၏ ဘ၀ ”


ထိုရက်က ဘလော့တခုမှ ဓါတ်ပုံလေးတပုံကို တွေ့မိလိုက်ရသဖြင့် ရင်ထဲ၌ကြီးစွာသော ခံစားမှု ဝေဒနာတရပ် မွေးဖွားစေခဲ့သည်။ စစ်မှုထမ်းဟောင်းတယောက် ငုံးတိတိခြေပြတ်ကြီးဖြင့် လမ်းဘေး၌ ခွက်ဆွဲကာ တောင်းစားနေရသော ထိုဓါတ်ပုံကြောင့် ဟိုအဝေး ....... ဆီက ကျနော်၏ အဖေတပ်ထွက် စစ်သားအိုကြီးအား ..... စိုးရိမ်တကြီး ....... သတိရမိလိုက်သည်။

“သြော် ငါရဲ့ တပ်ထွက်အဖေစစ်သားအိုကြီး ဒီလိုဘ၀မျိုးမရောက်ပါစေနဲ့”

ငယ်စဉ်က ဆယ်တန်းအောင်ပြီး ဒီအက်စ်အေနှင့် အိုတီအက်စ်ဖြေရန် ခြေယား၊ လက်ယားနေသည့် ဗိုလ်ရူးရူးနေသော ကျနော့်ကို အဖေက ဤသို့ဆုံးမခဲ့ဘူးသည်။ ဤစကားလေးတခွန်း၏ ကျေးဇူးကြောင့်ပင် ကျနော်သည် ကံဖယ်စွာ၊ ဘုရားမစွာ လူ့အန္ဓ၊ လူ့ငနွား၊ မိစ္ဆာဒိဌိ စစ်ဗိုလ်များဘ၀မှ လွဲဖယ်ကာ ပြည်သူ့ဘက်တော်သား တယောက်ဖြစ်လာခွင့်ရခဲ့သည့်အတွက် အဖေ့အား အဖေနှင့်ဝေးနေသော ဤနေရာမှနေ၍ ရှစ်ခိုးလိုက်ရပါသည်။

ထိုဆုံးမခဲ့သော စကားသည်ကား ................................................၊၊

“ဟေ့ကောင် စစ်ဆိုရင်......ရေတောင်စစ်မသောက်နဲ့ကွ”
“ မင်းငါတို့စစ်သားတွေရဲ့ ဘ၀တွေကို နားလည်အောင်ကြည့်”

ကျနော် နောက်ဆုံးသိရှိခဲ့ချက်အရ ကျောင်းနေဘက် သူငယ်ချင်း ကံမော်ဦးသည် မုံရွာအခြေစိုက်တပ်ရင်းတွင် တပ်ရင်းမှူးကြီး ဗိုလ်မှူးကြီး ကံမော်ဦး အဖြစ်လည်းကောင်း၊ သန်းကျော်စိုးသည် ရေတပ်တွင် ရေယာဉ်အုပ်စုမှူးကြီးအဖြစ် ဖြစ်ခွင့်ရကာ လူ့မလိုင်၊ လူ့အဆီတုံးများကို သားသတ်သမား ယစ်ဇ်ပလ္လင်ပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ မိန်ရည်ရှက်ရည် ဇိမ်ခံစားသောက်နေကြမည်ကို မြင်ယောင်နေမိသည်။

ထိုခြေထောက်ပြတ်ကြီးဖြင့် တပ်ထွက်စစ်သားတယောက် လှည့်လည်တောင်းစားရင်း ပြတ်ခဲ့ရသော ထိုခြေတဖက်အတွက် မည်၍မည်မျှ ၀မ်းနည်းနေမည်ကို ထိုတပ်ထွက် စစ်သားကြီးတယောက်သာ သိရှာပေတော့မည်။

တိုင်းချစ်ပြည်ချစ်စိတ်ကြောင့် ခြေတဖက်ပြတ်ခဲ့ရတာလား ........................?

ဝမ်းစာရေးအတွက် အလုပ်အကိုင်မရှိလို့ စစ်ထဲဝင်ရင်း ခြေပြတ်ခဲ့ရတာလား ..................................?

အတင်းအဓမ္မ စစ်ထဲအသွင်းခံရလို့တိုက်ပွဲဝင်ရင်း ခြေပြတ်ခဲ့ရတာလား .................................?

ဆိုသည်များကိုမူ ထိုခြေပြတ်စစ်သားတယောက်သာ ထိုမေးခွန်းများကို ဖြေဆိုနိုင်ပေတော့မည်။

စစ်တပ်ထဲ၌ ကြီးပြင်းလာခဲ့ရသော ကျနော်သည် ငယ်စဉ်က တပ်ကြပ်ကြီးအဖေ့ကို ဤကဲ့သို့မေးခဲ့ဖူးသည်။

“အဖေဘာ့ကြောင့် စစ်ထဲဝင်တာလဲ”


တုံးတိတိဖြေလိုက်သော အဖေ၏စကားကို အပြည့်အ၀ နားမလည်မိခဲ့။

“စီးပွားရေး အခွင့်အလမ်း မရှိလို့ကွ”

အချိန်တန်အရွယ်ရောက်လာသောအခါ တပ်မိသားစု၏ ဘ၀များ၊ တပ်တွင်းရဲဘော်များ၏ ဘ၀များစွာကို တဖြည်းဖြည်း နားလည်သဘောပေါက် လာမိတော့သည် ............။

အဖေ၏ လစာသည် ကျနော်တို့မိသားစုအတွက လုံးဝမလောက်။ တပ်ကြပ်ကြီးတဦးဖြစ်သည့် အဖေ၏ လစာသည် ထိုစဉ်က (၁၈၀)ကျပ်။ မိသားစု (၇)ယောက်၏ စားအိုးသည် ငယ်ရွယ်သေးသည့် အဖေ့အတွက် ဆံပင်များကို ဖြူစေခဲ့သည်။ တပ်ထဲမှ အလုပ်ဆင်းချိန် ဥသြဆွဲသံနှင့်အတူ အဖေအလုပ်ဆင်း ပြန်လာချိန်တိုင်း အဖေ၏ အိမ်အပြန်လမ်းသည် နွမ်းလျလျ။
အဖေ၏ စစ်သားခြေထောက်သည် မတက်မကြွ ............။

ကျနော်ငယ်စဉ် ရိက္ခာသွားထုတ်ဖို့ အဖေ၊ အမေက ခိုင်းတိုင်း ကျနော်သည် ထိုနှစ်ခမ်းမွှေးနှင့် လူကြီးကို စိတ်ထဲ၌ ပြစ်တင်ဆဲဆိုနေသည်။

ကျနော်တို့ ရဲဘော်သားသမီးများသည် နေရောင်အောက်၌ တန်းစီပြီး ထိုနှုတ်ခမ်းမွှေးကို စောင့်စားရသည်။
ကျနော်တို့၏ ပုခုံးပေါ်များ၌ အိတ်ကလေးများကိုယ်စီ။ ထိုစဉ်က တပ်မတော်တွင် ရိက္ခာခြောက်၊ ရိက္ခာစို ရသည်။ ရိက္ခာခြောက်တွင် တအိမ်ထောင် နို့ဆီတဗူး၊ လဘက်ခြောက်တဗူး၊ ကုလားပဲ၊ ငရုတ်ခြောက်၊ ငပိ၊ အနည်းငယ်အတွက် ခြေတိုအောင်စောင့်ခဲ့ရသော အချိန်များကို သတိရမိသည်။ ရိက္ခာစိုပေးသည့် အချိန်တွင် ကျနော်သည် စိတ်အတိုဆုံး။ အမဲသားပုံထဲမှ အသားများကို ရွေးထုတ်ပြီး ရဲဘော်မိသားစုအတွက် အရွတ်များကို ထည့်ပေးနေလေ့ရှိသော ထိုနှုတ်ခမ်းမွှေးက

“ ဒီအသားတွေက တပ်ရေးဗိုလ်ကြီးအတွက်ကွ ”
“ ဒါက တပ်ထောက်ဗိုလ်ကြီးအတွက် ”

ဟုပြောပြောနေတတ်သည်၊၊ ကျနော်သည် အမဲအရွတ်ထည့်ပေးနေသော ထိုနှုတ်ခမ်းမွှေးကြီးကို လက်နှစ်ဖက်ဖြင့် ဆွဲကာဆွဲကာ လိမ်ပြစ်လိုက်ခြင်တော့လေသည်။

ထိုထိုသော ရိက္ခာစို၊ ရိက္ခာခြောက်များ ကူထောက်ပေးနေသော်လည်း ကျနော်တို့မိသားစု၏ စားအိုးကြီးကို အဖေသည် မည်သို့မျှ မဖြေရှင်းနိုင်ခဲ့။ နောက်ဆုံးအမေသည် ခေါင်းပေါ်ဗျတ်တင်ကာ လိုင်းတကာလှည့်၍ သူ့သား လူမမယ်ကျနော့်အား လက်ကိုဆွဲခါ ဈေးရောင်းအသက်မွေးဝမ်းကြောင်း ပြုရပါလေတော့သည်။
ထိုစဉ်မှစ၍ ကျနော့် ဈေးဗန်းလေးပေါ်မှ ရိက္ခာများသည် တပ်မိသားစုဝင်များအတွက် ဟင်းအိုးကြီး ဖြစ်ခဲ့ရသည်၊၊

“ဟော့ဒီကဗျို့..........”

ဟု အော်သံနှင့်အတူ ကျနော်၏ ဈေးဗန်းလေးသည် တပ်မိသားးစုများဆီသို့ ဦးခိုက်လျှက်...........။ ကျနော်၏ အသံကြားတိုင်း ဘုစုခရု ခလေးများကို လက်ဆွဲ၊ ခါးတစ်ခွချီ၍ (၁၀)ပေပါတ်လည် အခန်းကျဉ်းလေးထဲမှ ထွက်လာသော တပ်မိသားစုများ၏ ရုပ်ပုံလွှာများကို ကျနော်၏ မျက်လုံးထဲမှ ယနေ့အထိ မထွက်နိုင်။

အကျီနွမ်းဖတ် နို့ဘတ်လတ်နှင့် ထွက်လာသော သားသည်အမေများ၏ ဘေး၌ နှပ်ချီးတွဲလောင်း ချေးအခြောင်းခြောင်းနှင့် ဗိုက်ပူနံကား ခလေးများသည် ကျနော်၏ ဗန်းလေးရှေ့၌ စုပြုံတိုးခွေ့လျှက် .........။

“ အမေ ဟိုဟာစားခြင်တယ်”
“ ဟဲ့ အဲဒါဈေးကြီးတယ် ငါးမူးကြီးများတောင်”

တဆယ်သားပုံ ၀က်သားကို ကြည့်၍ လက်ညိုးးထိုးနေသော ခလေးအား သူ့အမေက ဟန့်လိုက်သည်။

“ ဟို ဆယ်ပြားအပုံကိုပဲ ယူတော့မယ်။ ငါ့သား အကြွေးမှတ်ထားလိုက်နော်။ မင်းဦးလေး လစာထုတ်မှ ယူပါ ငါ့သား ”

ဟု နွမ်းလျလျ ပြောဆိုသံများကြားမှ

“အမေဆူမယ်ဗျာ”
“ မင်းအမေကို အဒေါ်ကြီး ဆက်ဆက်လာပြောပြပါ့မယ်”

ဤသို့ဖြင့် ညနေ အိမ်အပြန်လမ်း၌ ကျနော်၏ ဗန်းလေးသည် ပေါ့ပါးလျှက်။ စာရင်းထဲတွင် အကြွေးစာရင်း များက လေးလံလျှက်။ လစာထုတ်ရက်တိုင်း ကျနော်၏ အိပ်ကလေးထဲ၌ အကြွေးစာရင်းကို ထည့်ကာ ရဲဘော်များ၏ လိုင်းတကာလှည့်၍ အကြွေးတောင်းရတိုင်း စိတ်ပန်းကိုယ်နွမ်းဖြစ်ရသည်။ ကိုယ်နွမ်းသည်က ခြေတိုအောင် လိုက်လျှောက် လှည့်လည်တောင်းရခြင်း။ စိတ်နွမ်းသည်က....................။

“ ဒီတလတော့ မဆပ်နိုင်ဘူး ငါ့သားရယ် နောက်လမှပဲပေါင်းယူပါ .........”
“ ဒီနေ့ထုတ်တဲ့လစာ ခလေးတွေ ကျောင်းစရိတ်ထဲကို ထည့်လိုက်ရလို့ပါ .........”

ဟု ပြောလိုက်သော အသံများစွာက ကျနော့်၏ ရင်ကို ထိတ်စေခဲ့သည်။ အိမ်အပြန်လမ်းတွင် အမေဆူတော့ မည်။
တပ်မိသားစုဝင်များ၏ ထိုထိုဘ၀များစွာ ထဲ၌ ကျနော်သည် အနှစ်(၂၀)ကျော် မျှောပါရွက်လွင့်ခဲ့ရ ............။
ထိုအနှစ် (၂၀)ကျော်ထဲမှ ဘ၀အပိုင်းအစများ ................။

မနက်ခင်းစောစောထ ဈေးရောင်းပြီးသည်နှင့် (၉)နာရီ ကျောင်းတက်မှီရန် ကျောင်းကားစောင့်ကြရသည်။
ထမင်းဘူးအပြားလေးပေါ်၌ ရောင်စုံလက်ကိုင်ပုဝါများဖြင့်ပါတ်၍ ကိုယ်လေးမတ်ကာ ထိုင်ရင်း စောင်းငဲ့ကြည့်သွားသော ထိုကားပေါ်မှ ထိုလူငယ်များကို ကားအောက်မှ ရဲဘော်သားသမီးများက ငေးမော၍ ကြည့်နေကြသည်။ ကျနော်တို့က သူတို့ကို ဗိုလ်သားများဟု ခေါ်ကြသည်။ ဗိုလ်သားကားတွေလာပြီဟေ့ အော်လိုက်သံနှင့်အတူ မာစတာဂျစ်ပေါ်တွင် ကော့ကော့လေးထိုင်သွားကြသော အရာရှိသားများကို ကြည့်ရင်း ကျနော်တို့၏ဘ၀ကို မချိတင်ကဲ ဖြစ်မိရသည်။ မုန်စားကျောင်းဆင်းသည်နှင့် ကျနော်တို့၏ ဖွင့်လိုက်သော ထမင်းဗူးများသည် ပြိုင်တူညှိ၍ ချက်ထားသည့်အလား။ ချဉ်ပေါင်ကျော်၊ မျှစ်ကျော်၊ သူတို့အထဲ၌ ကြက်သားကြော်၊ ကားပျက်၍ ကျောင်းကားလာမကြိုနိုင်သော ရက်များတွင် ရဲဘော်သားသမီးများက (၇)မိုင်ကျော်ခရီးကို ခြေလျှင်သုတ်နေရသော်လည်း မာဇဒါကား အစိမ်းရောင်လေးပေါ်မှ ကြည့်သွားသော ထိုပြုံးစစ အကြည့်စိမ်းများသည် ဗိုလ်သားနှင့် ရဲဘော်သားကို ခွဲခြားစေခဲ့သည်။

ထိုရက်က ကျနော်တို့ ရဲဘော်လိုင်းတွင် အိမ်ထောင်သည်စစ်သည်များ၏ သားသမီး ကာလသားများ စုဝေးကာ တီးတိုးတီးတိုး လုပ်နေကြသည်။

“ ဒီည အရာရှိမက်စ်မှာ ဟိုကားပြမယ်”
“ဟုတ်လား”
“အေးဟုတ်တယ်”
“သွားကြည့်မယ်ကွာ”

ကျနော်တို့သည် ထိုငြိမ်သက်နေသော အရာရှိမက်စ် (mass)ဆီသို့ ဦးတည်နေသည်။ တတပ်လုံးတွင် တလုံးတည်းရှိသေးသော တီဗွီရှေ့၌ အရာရှိများစွာ သက်ပြင်းရှည်ချသံ များစွာကြားနေရသည်။ ကျနော်တို့ လူပျိုပေါက်လေးများသည် နောက်တွင် ကုပ်ကုပ်လေး ပုန်းလျှိုးကွယ်လျှိုးလျှက်။ သိပ်မကြာခင် အာအက်စ်အိုင်ကြီး ရောက်လာသည်။

“ဟေ့ကောင်တွေ မင်းတို့ဘာလာလုပ်တာတုံး”
“ကျနော်တို့ ဗွီဒီယိုလာကြည့်တာ”
“ဒီမှာ လူကြီးတွေကြည့်နေတာ မင်းတို့မသိဘူးလား၊ အခုထွက်၊ မထွက်ရင် ဖမ်းချုပ်ပစ်မယ်”

တပ်မိသားစုပျော်ရွှင်ရေးအတွက် တပ်ပိုင်ပစ္စည်းကို သူတို့ပစ္စည်းကဲ့သို့ အသုံးပြုနေသော ထိုသူများအတွက် ထိုရက်က ထိုမက်စ် (အရာရှိများစုဝေးရာစားရိပ်သာ၊ အဖျော်ယမကာမျိုးစုံရသည်) ခေါင်မိုးပေါ်သို့ ကျနော်တို့ ခဲမိုးရွာချခဲ့သည်။

ဗိုလ်သားနှင့် ရဲဘော်သား ခွဲခြားကွဲပြားမှုများ။
အရာရှိဘ၀နှင့် ရဲဘော်များ၏ ကွဲပြားခွဲခြားမှုများ။

ဆရာဆီရောက်သွားတော့ ဆရာငိုင်နေသည်ကို တွေ့ရသည်။ သူ၏အမည်သည်ကား တပ်ကြပ် ဘော်ဇံ၊ စစ်သက် (၇)နှစ်ကျော်ရှိပြီ။

“ ဆရာဘာဖြစ်လို့လဲဆရာ”
“ငါထွက်ခွင့်တောင်းတာ ပေးမထွက်ဘူးကွာ ငါထွက်ခြင်နေပြီ။ ဒီတပ်ထဲမှာနေရတာ ကျွန်လိုဘဲကွ၊ ဟိုလူကခိုင်းလိုက် ဟိုလူကဟောက်လိုက်နဲ့။ ဟိုတရက်က ဗိုလ်ပေါက်စကွာ ငါကလမ်းသွားရင်းနဲ့ ကိုယ့်အတွေးနဲ့ကိုယ်သွားနေတော့ ဘယ်မြင်မိလိုက် မလဲကွာ၊ သူ့ကို ဂရုမစိုက်ဘူး အလေးမပြုဘူးလို့ဆိုပြီး ငါ့ကို ထိုးကြိတ်သွားတယ်။ ယူနီဖေါင်းနဲ့မို့ပေါ့ကွာ။ အပြင်မှာဆိုရင် ဒီကောင်တော့မလွယ်ဘူး”

ဟု ဆရာက ကျနော့်ကို ရင်နာနာနှင့် ရင်ဖွင့်ပြသည်။ သူသည် စစ်တပ်ကိုသာမက တပ်မတော်ကိုပါ အထင်ကြီးစိတ် နည်းပါးသွားကြောင်း သိလိုက်ရသည်။

“စစ်သားလုပ်ခြင်လို့ဝင်လာတာ ဒီထဲမှာ ဘူဇွာတွေနဲ့ ကပ်ဖါးရပ်ဖါးတွေ၊ အထက်ဖါးအောက်ဖိတွေ၊ ရရင်ရသလို ခိုးတဲ့လူတွေနဲ့ပဲ လာတွေ့နေရတယ်။ ရာထူးကြီးလေ သူခိုးကြီးလေဘဲ။ ရရင်ရသလို အချောင်နိုက်စားနေကြတာကွ။ ငါတို့တိုက်ခိုက်ရေးသမားတွေက ခြေပြတ်လက်ပြတ်ဘဲရမှာ။ နောက်တန်းမှာ ထိုင်နေတဲ့ကောင်တွေကတော့ တပ်ရိက္ခာဘုန်း၊ တပ်ပစ္စည်းတွေဘုန်း၊ နောက်ကိုယ့်ရဲဘော်ရဲ့ မယားကိုတောင် မရှောင်တော့ဘူး။ လစ်ရင်လစ်သလို အုပ်နေကြတာ။ စည်းမရှိ၊ ကမ်းမရှိတဲ့ တပ်မတော်ဖြစ်ကုန်ပြီကွ”

ဟု ပြောသော ဆရာ၏ ရင်ထုမနာသံကို ကြားလိုက်ရသည်။ ကျနော့်အား အင်္ဂလိပ်စာသင်ပေးခဲ့သော ဆရာသည် ထွက်ခွင့်ရရန် အမျိုးမျိုးကြံစည်ရင်း စစ်တပ်ကို ကျောခိုင်းကာ တဖက်နိုင်ငံ၌ ရရာအလုပ် လုပ်စားနေသည့် သတင်းကိုသာကြားလိုက်မိသည်။ ဆရာ၏ ရင်ထုမနာသံနှင့်အတူ .....

တရက်။
ဗိုလ်ကြီးသန်းဦး တယောက် မိမိကိုယ်ကို ပစ်သတ်လိုက်သည့် သတင်းက ကျနော်တို့ တပ်အတွင်းတွင် သတင်းကြီးသွားခဲ့သည်၊၊ သူ၏နေအိမ် အရာရှိလိုင်း၌ ဖြစ်သည်။ ထိုအိမ်သို့ သွားဝိုင်းသော ရဲဘော်များက အခင်းဖြစ်ပွားခြင်းခြင်း အိမ်အနီးနားသို့မည်သူမျှ မကပ်ရဲကြ။ သူ့ကိုယ်သူ မပစ်သတ်မှီ သူ့မိန်းမကို အရင်ပစ်သတ်သည်။ နောက် သူ့ခလေးကို ပစ်သတ်ပြီးနောက် သူရဲ့ပစ္စတို ဘရောင်နင်ဖြင့် သူ့နားထင်ကို တေ့၍ ပစ်သတ်လိုက်တော့သည်။ ထိုစဉ်က (၁၉၈၀) ကျော်ကာလ။ ကျနော်က ထိုကိစ္စနှင့်ပါတ်သက်၍ အဖေ့ကို မေးကြည့်မိသည်။ အဖေသည် အဖြေကိုမပြော။ သူစစ်မှုထမ်းစဉ် လူပျိုဘ၀ ဘားတိုက်ဆောင်အတွင်း လူသတ်မှုအကြောင်းကို ပြန်လည် ပြောပြခဲ့သည်။

“အဲဒီရက်က ဒီကောင်က ညပိုင်းဂျူတီကျတော့ ကင်းစောင့်ဖို့ စခန်းကနေ ဂျီသရီးသေနတ် ထုတ်ပေးထားတယ်။ လုပ်ငန်းခွင်က ဘာစိတ်ညစ်လာလဲမသိဘူး။ အဆောင်လည်းရောက်ရော မောင်းတင်ပြီး ပစ်လိုက်တာ ရဲဘော်ခုနှစ်ယောက်တောင် သေသွားတယ်။ လုပ်ငန်းခွင်ကလည်း စိတ်ညစ်လာ။ အမြဲအဆူအငေါက်၊ အခြိမ်းအခြောက်ခံရ။ နောက်အဆောင်မှာရှိတဲ့ ရဲဘော်တွေကလည်း သူ့ကို အနူကြီးလို့ သွားစလိုက်မိတယ်။ လက်ထဲမှာပေါက်နေတဲ့အနာကို မင်းနူနေပြီလို့ သွားပြောလိုက်တော့ လူ့ဂုဏ်သိက္ခာ အစော်ကားခံလိုက်ရသလို ဖြစ်သွားတာ”

“ ဗိုလ်ကြီးသန်းဦး ကိစ္စကလည်း သူ့တပ်တွင်းမှာ အထက်အောက် ခွဲခြားဆက်ဆံမှုတွေက သူ့ဂုဏ်သိက္ခာကို စော်ကားခံခဲ့ရတာကစပြီး အိမ်ထောင်ရေး ကတောက်ကစဖြစ်တော့ ဒီပြသနာတွေက အိမ်ထောင်ရေးထဲမှာ ပါလာ၊ ကိုယ့်မိသားစု တစုလုံးပါ ပစ်သတ်လိုက်တဲ့အထိကို ဆိုးဝါးသွားတာဖြစ်တယ် ”

ဟု အဖေပြောတော့ လူ့ဂုဏ်သိက္ခာကို အမှတ်ရစေခဲ့သည်။

အခွင့်အလမ်းမဲ့မှု၊ တပ်မိသားစုဝင်များ၏ အထွေထွေဆင်းရဲကြပ်တည်းမှု၊ အခွင့်ထူးခံမှု၊ ကွဲပြားခြားနားမှု။ ဂုဏ်သိက္ခာမဲ့မှုများက ကျနော်၏ တပ်အတွင်းမှီခိုမှုဘ၀ကို ပိုမိုဆင်းရဲကြပ်တည်းစေခဲ့သည်။

ထိုစဉ်က ကျနော်တို့တွင် ရှိနေသော စာအုပ်များသည်ကား ဆရာကြီးရွှေဥဒေါင်း၏ စာအုပ်များသာ။ ထိုကိစ္စနှင့်ပါတ်သက်၍ အယူအဆအမျိုးမျိုးရှိခဲ့ကြသော တပ်မိသားစုဝင်များအပေါ်၌ ကျနော်၏ စာဖတ်အားသည် အယူအဆတခုဆီသို့ ဦးတည်စေခဲ့သည်။ ထိုစာအုပ်က ကျနော်တို့ တပ်အတွင်းနေခဲ့ကြသည့် လူငယ်များအပေါ် ကျနော်တို့နားလည်သလောက်ခံယူနိုင်သလောက် သူသည် ဤသို့ပေးခေါ်ခဲ့သည့်နေမှစ၍ ကျနော်တို့ အော်တိုဆပ်ဂျပ်ရှင်း(မိမိကိုယ်ကိုယ် အမိန်ပေးခြင်း၊ ဤ အလုပ်ကို မိမိလုပ်ကိုလုပ်နိုင်ရမည်။ မိမိလုပ်လျှင်အောင်မြင်မည်။ ဆိုသည့်အရာကို မနက်တိုင်းတွင် အကြိမ်ကြိမ်အခါခါ လုပ်ဆောင်ခိုင်းစေခြင်း) လုပ်ကြသည်။ ငါ .... ဆယ်တန်းအောင်ရမည်။ ဗိုလ်ဖြစ်ရမည်။ တချို့ကဆိုသည်။ ငါ ..... စီးပွားရေးသမားဖြစ်ရမည်၊၊ ငါ ..... ပညာတတ်ဖြစ်ရမည်။ အားလုံးက ကိုယ့်ကိုကိုယ် အမိန့်ပေး မွေးမြူခဲ့ကြလေသည်။

သို့သော် မဆလပါတီ စနစ်ကြီးက ထိုသို့ဖြစ်ရန် တွန်းအားမပေးခဲ့။ မတိုက်တွန်းခဲ့။ အလေးမထားခဲ့။ နောက်ဆုံးကျနော်တို့ ပညာတတ်များ မဆလစနစ်အောက်၌ သူ၏၀န်ထမ်းဘ၀သို့ရောက်ရန် စနစ်ကိုယ်တိုင်က မောင်းသွင်းခဲ့ကြသဖြင့် ကျနော်တဦးမှလွဲ၍ ကျန်သည့်လူများ မှားယွင်းသည့် စနစ်အောက်၌ ၀မ်းစာရေးအတွက် နှစ်မြုပ်ခဲ့ကြသည်။ ထားရာနေ စေရာသွား ခိုင်းသည့်နွားပမာ ထိုစနစ်အောက်သို့ရောက်ခဲ့ကြရပြီး ဘ၀ကို ရေစုန်မျှောသွားခဲ့ရသည့် သူများကို နှစ်မျှောတသမိသည်။ ယခု သူတို့သည် အသက်ရှင်လျှက် မရှိကြတော့။ ယုံကြည်ချက် အားလုံးဖျက်ဆီးချေမှုန်းခံရသဖြင့် ဘ၀ကို အလျားလိုက်ကူးရင်း (အနံလိုက်မဟုတ်) ရေစုန်မှာ မျှောပါခဲ့ကြလေပြီ။

ဤသို့ဖြင့် ကျနော်တို့ တပ်တွင်းလူငယ်များသည်လည်းကောင်း၊ တပ်မိသားစုများ၏ ဆွေမျိုးသားချင်း များသည်လည်းကောင်း ၀မ်းစာရှာဖွေရေးအတွက် လုံလောက်သည့်အတွေးအခေါ်များ၊ ဖူလုံကြွယ်ဝသည့် ကုန်စည်ကူးသန်းမှုမရှိမှုများ၊ ဈေးကွက်စီးပွားရေး ရှင်သန်မှု မရှိမှုများက နောက်ဆုံး တပ်မတော်အတွင်းသို့ ၀င်ရောက်ရန် တွန်းအားပေးခဲ့လေသည်။
တပ်မတော်အတွင်းသို့ ၀င်ရောက်ရန်အခြေအနေပေးခဲ့သော် ကျနော်၏ အဖေဘ၀များကဲ့သို့ ကျနော်၏ ငယ်သူငယ်ချင်းများသည်လည်း ခြေရာခံလိုက်ကြရလေပြီ။
အဖေသည် တပ်ကထွက်ခြင်သော်လည်း မထွက်ရဲ။ ဘ၀များက ထွက်ဖြစ်အောင်တိုက်တွန်းနေသော်လည်း ရုပ်ဘ၀အခြေအနေများက အဖေ့ကိုမပေးစွမ်းနိုင်ခဲ့။ ငါတပ်ကထွက်လိုက်ရင်ဆိုသောအသိ ....................

ငါ့ ... သားသမီးပညာရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးကို ငါ .... ဘယ်လောက် စွမ်းဆောင် နိုင်မည်နည်း......?

ငါ ... တပ်က ထွက်လိုက်ရင်ဖြင့် ငါ့ .... သားသမီးတွေရဲ့ ဘ၀တွေကို ဖျက်စီးရာရောက်တော့မည်လား .....?

ငါ ... ဘယ်မှာသွားနေရမည်နည်း .......?

ဤသို့ဖြင့် စစ်သားဟောင်းကြီးများသည် အခြေခံကြသည့် ထိုအထက်ပါအတွေးအခေါ်များဖြင့် တပ်ထဲ၌ တပ်ကြာကြီးဖြစ်ကာ တပ်ကထွက်သော် တပ်၏မြေနဘေး၌ သေစာရှင်စာ မြေတကွက်လေး၌သာလျှင် ရှင်သန်ခွင့် အသက်ရှူခွင့်ကို ရခဲ့လေသည်။
သူတို့သည် သူတို့ဘ၀တခုလုံးကို တပ်တခုအတွက် မြုပ်နှံခဲ့ကြသော်လည်း စစ်တပ်သည် ထိုသူတို့အတွက် မျက်နှာသာမပေးခဲ့ပါ။ လိုသည့်အချိန်များ၌ အသုံးချမည် မလိုလျှင် စွန့်ပယ်ထားခြင်းခံရသော ထိုစစ်သားအိုများ၏ဘ၀အား စစ်သားပျိုတယေက်အနေဖြင့် ကိုယ်ချင်းစာနာမိလေသည်။ အဖေပြောခဲ့သည့် စစ်သားဘ၀နှင့် စစ်တပ်ဘ၀ကို ပို၍ ပို၍ နားလည်အောင် ကျနော် အများကြီး လေ့လာရအုံးမည်။ တိုင်းပြည်၏ တပ်မတော်၌ ဆက်လက်ပုခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် အရာရှိငယ်များအနေဖြင့် အထက်ပါဖြစ်ရပ်များအား သင်ခန်းစာယူ၍ တပ်အုပ်ချုပ်ရေး၊ တပ်ပြုပြင်ရေး၊ တပ်တွင်းထု၏ ခံစားချက်များကို ပိုမိုသိမြင်နားလည် သဘောပေါက်အောင် ကြံဆောင်ကြိုးစားနိုင်ကြပါစေ ...........................................။

ဥတ္တရကျော်
၂၅-၃-၂၀၀၈

အပိုင်း(၂) မျှော်

မှတ်ချက်။ ။ ဤဆောင်းပါး ပေးပို့သော ဆရာ ဥတ္တရကျော် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ါ...


Summary

Rest of your post

No comments: