Friday, March 14, 2008

ဗိုလ်ဖုန်းမော် ကျဆုံးသည့် အနှစ် (၂၀)မြောက် မြန်မာနိုင်ငံလူ့အခွင်ရေးနေ့

လေက တ၀ုန်းဝုန်းနှင့် တိုက်ခိုက်လာသည်။ ကျောင်းသား အဆောင်(၁)နှင့် (၂)နှစ်ခုစလုံး သိမ့်သိမ့်တုန်လာနေသည်၊ ကျနော်သည် အဆောင်(၂)ထဲ၌ စောင်ပါးလေးနှစ်ထည်ဖြင့် အအေးဒဏ်ကို ခုခံတွန်းလှန်လျှက်ရှိသည်။ ဖျော့တော့သော လေပြေမှ ပြင်းထန်သော လေမုန်တိုင်းအသွင် ဆောင်လာနေသည်၊ မြောက်ပိုင်းရင်သွေးများ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်၊
၁၉၈၈ နိုဝင်ဘာလ
အချိန်သည်ကား သန်းခေါင်ကျော် ညတနာရီ။ လေနှင့်အတူ မိုးစက်များတဖွဲဖွဲကျလာနေသည်၊ မနက်ဖြန်လုပ်ရမည့် လုပ်ငန်းအစီအစဉ်များသည် ကျနော့်အား အိပ်မပျော်ဖြစ်စေရန် တွန်းအားပေးနေသည်၊ နောက်ထပ်အထက်ဗမာပြည်နှင့် မြို့အသီးသီးမှ ထပ်မံရောက်လာမည့် ကျောင်းသားများ၏ နေရေးစားရေး၊ မပြီးဆုံးသေးသည့် သင်တန်းကွင်းများ ဆက်လက်ဖေါက်လုပ်ရေး၊ ရဲမေဆောင်များဆောက်လုပ်ရေး၊ ကျန်းမာရေးနှင့်မညီညွတ်သော မလုံမခြုံရှိနေသော အိမ်သာများ၊ မတူသောမြို့ပြများမှ ရောက်လာကြသည့် ရဲဘော်များအချင်းချင်း သဟာဇာတဖြစ်ရေးကိစ္စများ ခေါင်းထဲ၌ အစီအရီဝင်ရောက်နေသည်၊ မိုးစက်မိုးပေါက်များ တဖေါက်ဖေါက်နှင့် ခေါင်မိုးပေါ်သို့ ကျရောက်သံများနှင့်အတူ နရီစည်းဝါးလိုက်လျှက်။


ခါတိုင်းရက်များတွင် သင်တန်း၏ ပင်ပန်းနွမ်းနယ်မူများ၊ သင်တန်းကွင်း ဆောက်လုပ်ရေး ပင်ပန်းနွမ်းနယ်မှုများကြောင့်သာ၊ တုံးကနဲနေအောင် အိပ်ပျော်သွားကြသည်။ ယနေ့ညက ထူးခြားသည်။ စိတ်အလျှင်ကို တစုံတခုက လှုံ့ဆော်နေသလိုလို ဖြစ်နေတုန်း ပါးပြင်ပေါ်သို့ အေးစက်သောတစုံတရာဖြင့် ကိုင်တွယ်ထိတွေ့ခြင်းကို ခံလိုက်ရသော ကျနော်သည်ပင် ကြက်သီးမွေးညှင်း များထသွားကာ စိတ်ထဲထင်ရောင်ထင်မှား ဖြစ်သွားလေသလား၊ လားပေါင်းများစွာနောက် မမြင်လိုက်ရသော နာနာဘာဝများကို ကယောင်ကယင် မေတ္တာပို့မိ လိုက်သည်၊ တဦးနှင့် တဦးတို့းဝှေ့အိပ်ကြရသော ကျနော်တို့ရဲဘော်များ ပို၍ပို၍ တိုးကပ်အိပ်ကြတော့လေသည်။ ထိုခလေးငယ်၏ လက်ကလေးက ရဲဘော်တဦးချင်းစီ၏ ပါးများကို ကျီစယ်လျှက်ရှိနေသည့်နှယ်၊ တောကြမ်းကြမ်း၊ တောင်ကြမ်း၊ ဒေသကြမ်းကို ကျနော်တို့ရင်ဆိုင်မိကြလေပြီ။ ကျနော့် နားနှင့် ဆတ်ဆတ်ကြားလိုက်ရသော သီချင်းဆိုသံ တခုကို ဟိုး ….. အဝေးတောင်ကုန်းဆီမှ ကြားလိုက်ရပြန်သည်၊ အချိန်မှန်ကြားနေ ကြဖြစ်နေသော်လည်း ကျနော်၏ ဘေးမှရဲဘော်မေးမြန်းလာသည်ကို ဟာ! မဟုတ်ရပါဘူးကွာဟု မုသာဝါဒ သုံးလိုက်မိသည်၊ ကျနော်တို့ကုန်းနှင့် တခေါ်ခန့် ထိုနေရာထိုတောင်ကုန်း၌ ကျနော်တို့မရောက်ခင် အပြစ်ပေးခံရ၍ သေဆုံးသွားခဲ့သော ၀ိဉာဉ်များစွာရှိနေသည်။ သူမသည် အချိန်မှန်မှန် သီချင်းသံဖြင့်ဆိုငြီးလေ့ရှိသည်၊ သူမ၏ နာကျင်လွမ်းဆွတ်ဖွယ်ရာ သီဆိုလိုက်သော သီချင်းသံများကို ကျနော်တို့ရင်ထဲသို့ရောက်ရန် သူမကြိုးစားနေသည်ဟု ထင်မြင်မိပြန်သည်။ ကျနော်တို့ အဆောင်(၂)ရဲဘော်များ ယနေ့ည တော်တော်နှင့် အိပ်မပျော်ဖြစ်ကြ။

ဤနေရာဤဒေသသည် အမှားတချက် သေဒဏ်တသက်။ ရဲဘော်များ တခူးခူးတခဲခဲနှင့် အိပ်ပျော်နေကြသည်။ ပူးကပ်ပွေ့ဖက်အိပ်ပျော်နေကြသော ရဲဘော်လေးများမှာ အသက်နှစ်ဆယ်ကျော် သာသာလေးများသာ။ တချို့က အပြစ်ကင်းစင်၍ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသော သူတို့လေးတွေကို သူတို့မိဘများ ယခုလိုကာလမျိုးမှာ တမ်းတလွမ်းဆွတ်နေကြမည်သာ။ ခေတ်ဆိုး၊ စနစ်ဆိုး၊ မင်းဆိုးတို့၏ ရမ်းကားနှိပ်စက်မှုများကြောင့် သူတို့လေးတွေ အမိရင်ခွင်ထဲမှ ခွဲခွာလာရကာ ဒေသကြမ်းကြီး၌ အစားဆင်းရဲ၊အနေဆင်းရဲ၊အအိပ်ဆင်းရဲသော တိုင်းပြည်အတွက် ဆင်းရဲသောဘ၀များက သူတို့ကို ပွေ့ဖက်ကြလေပြီ။ သီချင်းဆိုသံသဲ့သဲ့ကို ထပ်မံကြားလိုက်ရပြန်ပြီ။ သူမဘာကြောင့် အိပ်မပျော်ရတာလဲကွာဟု တိုးတိတ်စိုးစိတ်ဖြင့် တွေးနေမိကာ၊ နာကျင်နေသော သူမရဲ့ဘ၀ကို သူမပြောပြခြင်နေသည်လားမသိ။ အခုလို အကာလညမျိုး၌ ထပ်မံကြားလိုက်ရပြန်သော သီချင်းသံကြောင့် တော်လှန်မည့် ကျောင်းသားရင်သွေးငယ်များအတွက် အနှောက်အယှက်မဖြစ်စေချင်။ သူတို့လေးတွေ နှစ်ခြိုက်စွာအိပ်ပျော် အိပ်စက်နိုင်ကြစေချင်သည်။

မိုးသီးမိုးပေါက်များကျလာသည်ကို သတိထားမိလိုက်သည်၊၊ လေက အောက်ခြေမှ တိုးဝှေ့ဝင်ရောက်တိုက်ခိုက်လာသဖြင့် ဇက်ကိုပုရင်း ရန်ကုန်ကျောင်းသားလေးတဦး ဘက်သို့တိုးကပ်မိလိုက်သည်။ အေးလွန်းသဖြင့် တဦးနှင့်တဦးတိုးခွေ့ အိပ်ပျော်နေကြ ရသည်။ ကျနော်ဒီထက်တိုးမိလျှင် သူ၏ ကိုယ်လုံးပေါ်သို့ ရောက်တော့မည်။ အဆောင်(၁)တွင်ကျောင်းသား အယောက် (ဂ၀)ခန့်။ အဆောင်သည် ရင်ကွဲနှစ်ခြမ်း။ ကမန်းကတမ်းနေရေးအတွက် ဆောက်လိုက်ရသောအဆောင်သို့ လေက ကလူသလိုမြူသလိုနဲ့နေသည်၊ ရှေ့တခြမ်းတွင် ရဲဘော်အယောက်(၄၀)ကျော် အိပ်ကြရသည်၊၊ အဆောင်၏ ကြမ်းခင်းသည် အအေးပိုင်းဒေသ၌ ပေါက်ရောက်သော ကျပ်လုံးခန့်ဝါးများဖြင့် ခင်းထားသည်၊။ အမိုးနှင့်အကာကို တရုပ်ပြည်လုပ် ရင်ဘောင်ကျန်း(ကတ္တရာနှင့် ၀ါးဖတ်များရောမွေ၍ ပြုလုပ်ထားသည့် အအေးပိုင်းဒေသ၌ သုံးသည့်အမိုး)၊သူက အလိပ်လိုက်လာသည်။ အမိုးရသည်။ အကာလုပ်၍ ရသည်၊ လေသည် ရင်ဘောင်းကျန်းကို တဖြတ်ဖြတ်နှင့် လာရောက်ရိုက်နှက်နေသည်၊ မိုးပေါက်များမှ မကြာမှီ မိုးသီးများသို့ ကူးပြောင်းလာနေသည်၊ ခေါင်မိုးပေါ်သို့ ကျရောက်သံများပြင်းထန်လာနေသည်၊ ငယ်စဉ်က မိုးသီးမုန်တိုင်းကို သွား သတိရမိလိုက်သည်။ ခေါင်မိုးသွပ်ပြားများ လေထဲတွင်ဝဲပြန်နေသည်၊ ထုပ်ယောက်တိုင်များလေထဲသို့ ကျွတ်ပါသွားသည်။ အမိုးဗလာကျင်းနေသော ရေခဲပုံ များကြားမှ ဤတိပီသော ဘဂ၀ါရွတ်နေသော။ ခေါင်းပေါ်တွင် ဂွမ်းဆောင်ကြီးခြုံထား သော အမေ့ကို ယခုလိုရာသီဥတုမျိုး၌ အမှတ်ရမိလိုက်သည်။ ကျနော်တို့ကချင်ပြည်နယ်သည်ကား ထိုရေခဲမုန်တိုင်းများ မကြာခဏ တွေ့ကြုံခံစားဖူးသည်၊ ထိုငယ်စဉ်က အဖြစ်ပျက်လေးကို စဉ်းစားရင်း ဇက်ကိုပုကာ ရာသီဥတုအခြေအနေ ရှေ့ဆက်ဘာဖြစ်လာမည်ကို သတိထားမိလိုက်ရသည်၊ တ၀ှီးဝှီးနှင့် တိုက်ခိုက်နေသော လေပြင်းများနှင့်အတူ မိုးသီးမိုးပေါက်များက ပို၍ ကြီးလာနေသည်ကို ခေါင်မိုးပေါ်သို့ ကျရောက်နေသော အသံဖြင့် ခန့်မှန်းလိုက်မိသည်၊ လိုင်စင်တောင်ပေါ်လေသည် ပို၍ပို၍ မာန်ပြသည့်နှယ် ပြင်းထန်လာချေပြီ။
ရေခဲပြင်များနှင့် ခွပ်ဒေါင်းမေပျို
အေးစက်သော ရာသီဥတုအောက်၌ ပင်ပန်းနွမ်းနယ်စွာ အိပ်မောကျနေကြသော ရဲဘော်များအားနိုးရမည်လား။ မနိုးရဘူးလား။ နိုးရအခက်။ မနိုးရအခက် အတော်နှင့်ဝေခွဲမရ လေသည် တဖြည်းဖြည်းကြမ်း၍ ကြမ်း၍လာချေပြီ။ လေပြင်း မုန်တိုင်းကြီးနှင့်အတူ မိုးသီးကြီးများ ကျလာချေပြီ။ စောင်ကိုခွာကာ ၀ါးကဒ်ကုတင်ပေါ်မှ ကုန်းရုံး၍ ဆင်းလိုက်မိပြီ စစ်ဖိနပ်ကို ကမန်းကတမ်းဝတ်လိုက်မိသည်။ ကြိုးချည်မနေတော့။ အပြင်သို့ရောက်သည်နှင့် မိုးသက်လေပြင်းက ကျနော့်ကို ဆောင့်၍တိုးဝှေ့ခြင်းကို ခံလိုက်ရသည်။ ခေါင်းပေါ်သို့မိုးသီးများက ပေါက်ပေါက်ဆုပ်နှင့် ကြဲချနေသကဲ့သို့ စုပြုံကျဆင်းကာ နာကျင်စွာခံစားလိုက်ရသည်၊ ပါးစပ်မှလည်း အသံကုန်ဟစ်ကာ ရဲဘော်တို့ထကြတော့ ရဲဘော်တို့ထကြတော့ဟု အသံကုန်ဟစ်ကြွေးကာ ခေါင်မိုးပေါ်သို့တက်ရန်လမ်းစရှာ ရတော့သည်၊။ ခေါင်မိုးများကို လိုင်စင်လေက တိုး၍ ခွဲနေလေပြီ။ တဖတ်ဖတ်နှင့် လှန်နေသော အမိုးအောက်မှ စောင်များပေါ်သို့ မိုးသီးများကျရောက်ချေပြီ။ ခေါင်မိုးပေါ်သို့ရောက်နေသော ကျနော့်အား ကျနော်လာပြီကိုသားချစ်ဟု လေထဲမိုးထဲ ကြားမှအော်ဟစ်၍ တက်လာနေသော ရဲဘော်ကြီးမျိုးဝင်း(စက်မှုကျောင်းသား၊ကိုဖုန်းမော်နှင့် ကလပ်စ်မိတ်)ကို မြင်လိုက်ရသည်၊ သူနှင့်အတူ ရဲဘော်များခေါင်မိုးပေါ်သို့ တက်နေသည်ကိုမြင်လိုက်ရသည်။ အေးစက်နေသည့် ရေခဲရေဒဏ်များကြောင့် ကြာကြာနေ၍ မရတော့။ ဆေးအမြန်ရှာပါဟု ပြောရင်း တုံရီမေးခိုက်နေကြသောရဲဘော်များအတွက် ဆေးစိမ်(ကချင်အရက်)ရှာပေးကာ လန်နေသော ထိုအမိုး များကို ထိုညက အပြီးဖာကြရသည်၊ မနက်ဖြန်လည်း သင်တန်းဆက်တက် ရပေအုံးမည်၊ ထိုညက ကျနော်တို့ရဲဘော်များ နှစ်ခြိုက်စွာ အိပ်ပျော်ခွင့်ကို ရာသီဥတု ကပ်ဆိုးကြီးက နှောက်ယှက်ခဲ့လေသည်၊ ပထမဦးဆုံးရခဲ့သော ထိုည၏ ရာသီဥတု တိုက်ပွဲကြီးက မတူကွဲပြားခြားနားစွာ သွေးတိုးစမ်း၍ ရောက်လာကြသည့် ရဲဘော်များအား စုစည်းညီညွတ်မှု အားအချက်ပေးလိုက်သည်။ ထိုစဉ် ရဲဘော်တဦး၏ ပြောသံကြားလိုက်ရသည်၊ “နားကြတော့ဟေ့၊ မနက်ဖြန် ငါတို့ သင်တန်းကွင်းဖေါက်ဖို့ အားမွေးရအုံးမယ်” စစ်သင်တန်းလည်း တက်ရအုံးမယ်၊ ဟုတ်သည်။ မနက်ဖြန်တောင်ကို ဖြို၍ သင်တန်းကွင်းဖေါက်ရပေအုံးမည်။
မြန်မာပြည် မြောက်ဖျားမှ ခွပ်ဒေါင်းစစ်သည်တော်များ
အပြာရောင်မိုးသားအောက်ခံ၌ တမျှော်တခေါ်ရှိနေသာ အ၀ါရောင်လိုင်စင် တောင်ကုန်းများက ကျနော်တို့ကို စီးကြိုလျှက်ရှိနေသည်၊ အ၀ါရောင်တောင်တန်းများသည် နိမ့်လိုက်မြင့်လိုက် တည်ရှိနေသည်၊ မြေကြီးပေါ်၌ အတောင့်လိုက်ထွက်နေသော ရေခဲများက ကျနော်တို့၏အားကို စိမ်ခေါ်လျှက်ရှိနေသည်၊ လူသူကင်းမဲ့နေသော အရပ်က အရပ်ရှစ်မျက်နှာ တခုလုံး မြူနှင်းများဖြင့် မှိုင်းလုံးထနေသည်။ အရှေ့အနောက်တောင်မြောက် ဘယ်ဆီဘယ်ဝယ် မသိသောဒေသဆီသို့ ကျနော်တို့ ကျောင်းသားများခြေချမိလေပြီ။ ကျနော်တို့ လိုချင်တောင့်တဆုံး အရာသည်ကား စစ်ပညာ။ ထိုစစ်ပညာရရေးအတွက် တောင်စဉ်တောင်တန်းများ ကာစီးနေပါစေ ကျနော်တို့ မမှုတော့ချေ။ ပြတ်သားတည်ကြည်စွာ ဆုံးဖြတ်ချက်ချ၍ လာကြသူများ။ ဗိုလ်ချုပ်အောင်ဆန်းပေးသည့် စစ်ပညာဖြင့် လူထုကို ဗိုလ်ကျရမ်းကား သတ်ဖြတ်နေသော စစ်အုပ်စုကို စစ်ပညာဖြင့် တော်လှန်ကြမည်၊ အမှန်တရားဖြင့် အမိနိုင်ငံအား ခြယ်မှုန်းကြမည်

မိုးညှင်း၊နမ္မား၊ကျောင်းသားများ ရောက်လာကြတော့မည်။ ကြို၍ ရောက်နှင့်နေကြသော ကျနော်တို့ ကျောင်းသားများတော်လှန်လှုပ်ရှားမှု အဖွဲ့သားများက လိုင်စင်တောင်ခြေအောက်၌ သွားရောက်ကြိုဆိုကြမည်၊ ကျနော်တို့ (ရ)နှစ်ဦး အဖွဲ့သည်ကား ဗိုလ်မှူးပန်းအောင်၏ အိမ်ဘေးတနေရာ၌ စတည်းချနှင့် နေကြသည်၊ စစ်ပညာရရေးအတွက် ကေအိုင်အိုလူကြီးများနှင့် ဆွေးနွေးထားပြီးကုန်ပြီ။ ဗိုလ်မှူးပန်းအောင်သည် ကေအိုင်အို၏ စစ်ရေးမဟာဗျုဟာသမားဖြစ်သည်၊ တော်လှန်ရေး၌ နိုင်ငံရေးမဟာဗျုဟာသမားများကိုသာ တွေ့မြင်ကြရသည်၊ စစ်မဟာဗျူဟာ တိုက်ခိုက်ရေးသမားများကို ဆုံရခဲသည်၊ ၁၉၉၀ကျော်၌ ခလရ(၄၀)သိန်းထွန်းတပ်ရင်း တရင်းလုံးပြုတ်ထွက်သွားအောင် ဗိုလ်မှူးပန်းအောင် တိုက်ခိုက်နိုင်ခဲ့သည်၊ ကေအိုင်အို အပစ်ရပ်ပြီးနောက် ပန်းအောင်ကို ခေါက်ထားခဲ့ကြသည်၊ ပန်းအောင်သည် လူထုအတွက် တိုက်ခိုက်ရေးသမား၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို ပေါင်းစပ်မှ အောင်ပွဲဆင်နိုင်မည်ကို ယုံကြည်သူတဦး။ ကျနော်တို့ ကေအိုင်အို လိုင်စင်ဗဟိုသို့ စရောက်ခါစ ၁၉၈၈ဘ၀။ ပန်းအောင်၏ ဘေး၌ လူထုလူတန်းစားအသီးသီး ၀ိုင်းရံ နေသည်ကို သတိထားမိလိုက်သည်။ သူသည် လူထုအားကို ယုံကြည်ကိုးစားသူ။ လူထုအားရမှသာ အောင်ပွဲတိုက်ပွဲကို ဆင်နိုင်မည်ဟု ယုံကြည်သူ။ သူ့ဘေး၌ သူ့ကိုဝိုင်းရံနေသော လူထုအား သတိထားမိလိုက်သည်၊ သူသည် ဆူကြုံနိမ့်မြင့် လူတန်းစား များနှင့်ပေါင်းဖက်နေသည်၊ တော်လှန်ရေးမှာ ဘိန်းစားလည်းပေါင်းရမယ်ကွ။ တော်လှန်တဲ့ စိတ်ဓါတ်ရှိသူ ဘယ်သူမဆို ပေါင်းနိုင်အောင်ကျိုးစားရမယ်ဟု သူပြောခဲ့သည်ကို အမှတ်ရမိလိုက်သည်၊ တော်လှန်ရေးဆိုတာ လူထုအားနဲ့ လက်နက်ကိုင်အားကို စနစ်တကျ ပေါင်းစပ်တာဘဲဖြစ်တယ်ကွဟု ဆိုခဲ့သော ကျနော် ချစ်ရသည့်လေးစားမြတ်နိုးရသည့် ဗိုလ်မှူးပန်းအောင်၏ဘ၀သည်ကား ..... ။

အပစ်အခတ်ရပ်စဲပြီးနောက် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဆိုသောအောက်၌ ကျနော်တို့ ကချင်သူရဲကောင်းများ မြေမြုပ်သဂြိုလ်ခံလိုက်ရသည်၊၊ ကချင်လူမျိုးဆိုသည်ကား သတ္တိဗျတ္တိအရာ၌ သူတကာထက်လုံးဝမလျှော့ကြ၊ အေးချမ်းစွာနေလိုသည့် လူမျိုး။ သို့သော် အရေးကြုံလျှင် ရှေ့တန်းကနေ ရင်မြေကတုတ်လုပ်ကြသည့် လူမျိုးများ၊ မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိကြသည့်လူမျိုး။ အမိန့်နာခံမှု အပြည့်အ၀ရှိသည့်လူမျိုး၊ တော်လှန်သတ္တိနှင့် ပြည့်ဝသည့်လူမျိုး၊ ပျောက်ကျားစစ်ရေပြည့်ဝသည့် လူမျိုးများ။ ကေအိုင်အိုအပစ်ရပ်ပြီးနောက် ဗိုလ်မှူးပန်းအောင်သည် ချောင်ထိုးခံရ၍ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်၊ နောက်ပိုင်း စိတ်ကျဝေဒနာခံစားလာသည်၊ သူမျှော်လင့်သည်ကား လက်နက်ကိုင်တော်လှန်တိုက်ခိုက်ရေး။ မမျှော်လင့်သည့်အရာများဖြစ်ပေါ်လာသည့် အတွက် သူသည်စိတ်ဖြေရာကို ရှာသော်လည်းမတွေ့ခဲ့။ ကျနော်တို့ကိုတော့ သူမကြာ ခဏခေါ်တွေ့၍ စကားစမြည်ပြောရင်း စိတ်သက်သာရာရှာလေ့ရှိသည်။ နောက်ဆုံး စိတ်ကျရောဂါဖြင့်ပင် ကွယ်လွန်သွားရှာခဲ့သည်၊ ကချင်တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်မှူးပန်းအောင်အတွက် ကျနော်သည် နှမျှောတသသဖြစ်မိသည်၊ ဖွံ့ဖြိုးရေးခေါင်းစဉ်ကြီးက ထိပ်သီးခေါင်းဆောင်တွေသာ ဆူဖြိုးလာပြီး ကချင်ပြည်သူများကို အဖက်ဖက်မှ အာသာမပြေနိုင်မှုများတွေ့ရကာ အပစ်ရပ်များရဲ့ စနစ်နှင့် စဉ်းစားတွေးခေါ်မှုများ၏ ထိုခေါင်းစဉ်က သူ့ကို(ဗိုလ်မှူးပန်းအောင်) အဆုံးစီရင်လိုက်လေသည်။
ပြည်သူကို ကူညီနေတဲ့ သားမောင်စစ်သည်တော်
နွေးထွေးသော နေရောင်ခြည်က နှင်းမြူများကြားမှ ယက်ဖေါက်ထားသလို ဖြာ၍ကျလာနေသည်။ အဝေးမှ ကျောပိုးအိပ်များကိုယ်စီဖြင့် ကေအိုင်အိုလိုင်စင်ဗဟိုသို့ ၀င်လာနေကြသော မိုးညှင်း၊နမ္မားကျောင်းသားရဲဘော်များကို တွေ့နေရသည်၊ ကျနော့်ရဲဘော်ကြီး မျိုးဝင်းဦးဆောင်လာနေသည်၊ ရဲဘော်ကြီး သက်ထွန်းကိုလည်း မြင်တွေ့နေရသည်၊ ခရီးဝေးမှ လာကြသူများဖြစ်ကြသဖြင့် မောပန်းနွမ်းနယ်နေကြသောလည်း သူတို့၏ မျက်နှာများ၌ ပြတ်သားခိုင်မာစွာ တော်လှန်ကြမည့်စိတ်ဓါတ်များကို မြင်တွေ့နေရသည်၊ ဝေလံခေါင်သီသော ဒေသများမှ ကျနော်တို့ ဤနေရာ၌ လာရောက် ပေါင်းစည်းစုဆုံမိကြလေပြီ။ မပြီးဆုံးသေးသော တော်လှန်ရေးကို ငါတို့ဆက်ဆင်နွဲမည်၊ ငါတို့ ဘယ်လိုအခက်အခဲပဲ တွေ့တွေ့ နောက်မဆုတ်တမ်း ရင်ဆိုင်မည်ဆိုသည့် ကျနော်၏ လက်ကမ်းစာစောင်များကို ရဲဘော်တဦးခြင်းစီ ဝေငှပေးလိုက်သည်၊ “ကျနော်တို့က ခင်ဗျားတို့ကို ကေအိုင်အို ရဲဘော်တွေလို့ ထင်နေမိတာ”ဟုတ်သည်။ ကြိုရောက်နှင့် နေသော ကျနော်တို့ ၀တ်စားထားသည့် စစ်ဝတ်စုံများသည်ကား ကေအိုင်အိုယူနီဖေါင်းများသာ။ ရောက်လာခဲ့ကြသည့် ကချင်ပြည်နယ်ကျောင်းသား များသည်ကား ကနဦးမှာတော့ မိုးတွင်းပေါက်သည့် မျှစ်စို့များပမာ ဟိုတပြူ ဒီတပြူပေါ့။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသို့ ကျောင်းသားများ ရောက်လာကြပုံများမှာ မိုးရာသီတွင် ပွင့်သော စပယ်ရုံပန်းများကဲ့သို့ တအုံလုံးဖွေးဖွေးလှုပ်သွားခဲ့လေပြီ။

များမကြာခင်ကျောင်းသားစစ်သင်တန်းများစတော့မည်။ ရှုားပါးလှသည့် နွေးထွေး သောနေရောင်ခြည်အောက်၌ ကျောင်းသူရဲမေများ၏ အပြုံးလဲ့လဲ့များကို မြင်တွေ့နေရသည်၊ ယူနီဖေါင်းထုတ်ပေးစဉ်ကာလဖြစ်သည်၊ ဆင်ကိုယ်ကို ဆိတ်ဝင်သည်၊ ဆိတ်ကိုယ်သို့ ဆင်ဝင်ရသည့်နှယ် အမြီးအမှောက်မတည့်မှုများကို ကျနော်တို့ မြောက်ပိုင်းကျောင်းသူ ရဲမေလေးများ တ၀ါးဝါးပွဲကျနေကြသည်။

ရဲမေမအေး(မြစ်ကြီးနား)၊ ရဲမေမြသွေးစံ(မိုးကောင်း)၊ ရဲမေဘောက်မိုင်(မိုးကောင်း)၊ ရဲမေထက်ထက်(ဗန်းမော်)၊ ရဲမေသိမ့်ဆွေ(မိုးကောင်း)၊ ရဲမေခင်ညို(မိုးကောင်း၊ကျဆုံး)၊ ရဲမေဂျူးဂျူးတို့ တ၀ုန်းဝုန်းနှင့် ပွဲကျနေကြသည်၊ အတိုင်းအထွာမကိုက်သော ယူနီဖေါင်းများက တချို့ရဲဘော်များ၏ကိုယ်ပေါ်၌ ကောက်ညှင်းထုပ် စည်းထားသကဲ့ သို့ဖြစ်နေသည်၊ ကေအိုင်အိုပြန်ကြားရေးရဲဘော်တဦးကလည်း ကျနော်တို့အား ဗွီဒီယိုရိုက်ကူး မှတ်တမ်းတင်လျှက်ရှိသည်၊ ရဲဘော်များ ယူနီဖေါင်းများချွတ်လိုက်ကြနှင့် ထိုရက်က အလုပ်များသွားကြသည်၊ ထိုညက ထိုမှတ်တမ်းများကို ရဲဘော်ရဲမေများ တီဗွီဖန်သားပြင်ပေါ်ကြည့်လိုက်ရသည့်အတွက် သူတို့ သဘောကျ၍မဆုံး ပျော်ရွင်ရွင်မြူးနေကြ ပုံများကို ယခုပြန်တွေးမိလိုက်တိုင်း လွမ်းတသသဖြစ်ရသည်။

လိုင်စင်ကေအိုင်အိုဗဟိုသို့ စစ်သင်တန်းယူရန်ရောက်လာကြသော ကျောင်းသား များသည်ကား အခက်အခက်များစွာကို ကျော်ဖြတ်ခဲ့ကြရသည်၊ တောကျော်၊ တောင်ကျော်၊ ကုန်းကျော်၊ မြစ်ကျော်၊ ချောင်းအသွယ်သွယ်မြောင်းငယ်များကို ဖြတ်ကျော်ပြီးမှသာ ထိုနေရာထိုဒေသသို့ ရောက်ခဲ့ကြရခြင်းဖြစ်သည်၊ ဧရာဝတီမြစ်ရိုးမှဖြတ်စဉ် သတင်းပေါက်သွားသဖြင့် လိုင်ဇာဒေသအနီး ရန်သူ့နားလုံခံတပ်ကုန်းမှ စီးပစ်ခြင်းကို ခံလိုက်ရသည့်အဖွဲ့ကား မိုးကောင်းမှတောခိုလာကြသည့် ဘောက်မိုင်၊ဂျူးဂျူးတို့ ကျောင်းသူအမျိုးသမီးအဖွဲ့များ။ သူတို့သည် တိုက်ပွဲကြားမှ ဖြတ်သန်းရင်း ဤနေရာသို့ ရောက်အောင် လာနိုင်ခဲ့ကြသည်။
အမေ့သား ဒေါင်းစစ်သည်တို့ သည်လိုလေ့ကျင့်ခဲ့ရတယ်
သင်တန်းယူကြရတော့မည်။ ကျနော်တို့ ဒေါင်းစစ်သည်များ ကွင်းပြင်တခုအောက်၌ စုံညီစွာရောက်နေကြပြီး ငုတ်တုတ်ထိုင်စောင့်နေကြသည်၊ ဘာပြောမည်၊ ဘာလုပ်မည်ကိုမသိသေး၊ ကိုယ်အထုပ်ကိုယ်ယူလာခဲ့ရမည်ဟု ပြောသဖြင့် အကျီနှစ်ထည်နှင့် ပုဆိုးတထည်အထုပ်လေးက ကျနော့်ရှေ့မှာ ကျနော့်ကို မော့ကြည့်နေသလိုပင်၊ ပထမအပါတ် စဉ်(၁)သင်တန်းတွင် ကျောင်းသားပေါင်း အယောက်(၁၆၀)ကျော်သင်တန်းတက်ရန် စုံညီရောက်ရှိနေကြသည်၊ ကျောင်းသူအမျိုးသမီး အယောက်နှစ်ဆယ်ကျော်ရှိမည်။ မကြာမှီ သင်တန်းဆရာ ရောက်တော့မည်၊ ကျနော်တို့သည် ငုတ်တုတ်ထိုင်စောင့်စားလျှက်။ သာမဏေဘောင်ဝင်ကြမည့် ကိုယ်တော်ငယ်များ ဆရာတော်ဘုရားကြီးကို စောင့်မျှော်နေသည့်ပမာ။ ဘေးကရွှတ်နောက်နောက် သူငယ်ချင်းက မနေ့ကရောက်လာသည့် သူ့ဘေးမှကျောင်းသားကို “မင်းအခုဘာလာလုပ်တာလဲမေးတော့” “ကျနော်တောခိုလာတာပါ ... ခမျ” လို့ဖြေတယ် နောက်သူကပင်ပြန်ပြီး “နို့ … ခင်ဗျားကရော”ဟုမေးရာ ထိုရွှတ်နောက်ကျောင်းသားက “ငါက …မင်းတို့နဲ့ မတူဖူးလို့ဖြေတယ်” “မင်းကဘာမို့လဲ” ပြန်မေးတော့ “ငါကအခု တောင်ခိုနေတာ …ဟေ့” ဟုဖြေသည်၊ နဘေးဆီက ကျောင်းသားတွေ ပွဲတုတ်၍မရအောင် ရီမောနေကြသည်၊ ထိုစဉ် .. ရောက်လာချေပြီ.... ကိုယ်တော်လေး။ ရောက်တာနဲ့ “မင်းတို့မှာ ပါလာတဲ့ပညာတွေကို ဟိုဘက်မှာ သွားထား”ဟုဆိုလာသည်၊ ကျနော်တို့အူကြောင်ကြောင် ဖြစ်သွားသည်၊ “ပါလာတဲ့ပညာတွေ၊ ဟိုဘက်မှာသွားထား” ထပ်ပြောနေတော့ အူကြောင်ကြောင် ထပ်ဖြစ်နေကြသဖြင့် “မင်းတို့ တွေ့စားချင်လား”(နာချင်သလား) ဟုဆိုလာသည်။

ဆရာသမားတွေနှင့်တော့ လာတွေ့နေပြီ။ သေမှာမကြောက်လို့ တောခိုသူပုန်လုပ်ဖို့ လာတဲ့သူတွေကို သေချင်လား၊ နာချင်လားဟု မေးနေသည်၊ “ခင်ဗျားတို့ ပညာတတ်တယ်ဆိုတာ ဒီနေရာမှာ အသုံးမ၀င်တော့ဘူး” “ခင်ဗျားတို့ စစ်သင်တန်းတက်ကြရတော့မှာ” “သင်တန်းမှာ ငါပညာတတ်ဆိုပြီး လာလုပ်လို့မရတော့ဘူး အားလုံးဟာ အတူတူဘဲ” သို့နှယ် ရှင်းပြတော့ ကျနော်နဲနဲဘ၀င်ကျမိသည်၊ မင်းတို့တတ်တဲ့ ပညာတွေဒီမှာ လာထားကြဆိုတာကိုတော့ ဘ၀င်မကျမိ၊ ဘာကြောင့်ထားရမှာလည်း၊ ဘာအတွက် ထားရမှာလဲ၊ အူကြောင်ကြောင်နှင့် ကျနော်တို့တတ်ခဲ့သည့် ပညာများကို ခေါင်းပေါ်ရွက်ကာ သူတို့ပြသည့်နေရာတွင် သွားထားရမည်ဆိုလျှင် ကျနော်တို့ အတွက်ရီစရာဟာသလို ဘ၀င်မချည့်စရာပင်။

သင်တန်းမတက်ခင် ကတည်းက အဟိန်းအဟောက် အခြိမ်းအခြောက်များနှင့် နပမ်းလုံး ရချေပြီ။ သည်းခံ... တကာ... သည်းခံ။ ငုတ်တိုင်ထိုင်နေသော ရဲဘော်များ၏ မျက်လုံးများက ကျနော့်ဆီသို့ စုပြုံရောက်လာနေသည်၊ မင်းတို့တွေ့စားချင်လားဆိုသည့် အသံက ဂျစ်တီးဂျစ်ကန်ကျနော်လိုလူကို စိမ်ခေါ်နေသည်၊ ရှိသမျှပိုင်ဆိုင်သည့် အထုပ်ကလေး တထုပ်ကို သင်တန်းဆရာများ၏ရှေ့၊ ရဲဘော်များ၏ ရှေ့၌ သွားချထားလိုက်ရသည်၊ ပညာတွေထည့်ထားသည့် အထုပ်လေးထဲ၌ ကချင်ပုဆိုးနှစ်ထည်နှင့် အကျီအဖြူနှစ်ထည်က သင်တန်းဆရာကို တည်တည်ကြည်ကြည်ကြည့်နေလျှက်။ သည်းခံရပေတော့မည်။ ကျနော်တို့ရချင်တာက စစ်ပညာ။ ဂျပန်သင်တန်းဆရာ များလောက်တော့ မဆိုးနိုင်ပါဘူးဟု ထင်လိုက်မိသည်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်အား ပြေး၍ တမ်းတမိလိုက်သည်။ သူတို့တွေလည်း ဂျပန်မှာ “တွေ့စား”ခဲ့လေသလားတော့ …. မသိတော့။

သင်တန်းယူမည်ဟုသာဆိုသည်။ သင်တန်းကွင်းမရှိ၊ သင်တန်းဆောင်မရှိ၊ အိမ်သာမရှိ၊ အသစ်ဆောက်လုပ်ရအုံးမည်။ ဖေါက်လုပ်ရအုံးမည်၊ မရှိရာမှ ရှိရာသို့ဖန်တီးရတော့မည်၊ သမိုင်းရေးတော့မည့်လက်များ လွတ်မြောက်ရေးကို ရှေးရှုကာ ထားရပေဦးတော့မည်။

ဖုန်းမော်ရေ ငါတို့ ... ။ မင်းနဲ့တကွ ကျဆုံးခဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေ ပြည်သူတွေ သံဃာတော်တွေအတွက် ငါတို့ သမိုင်းရေးတော့မည်၊ ဖြတ်သန်းပေးဆပ်တော့မည်၊ ပေတရာပေါ်မှာ ကျခဲ့ရတဲ့သွေးတွေ၊ ကျောင်းနံရံတွေမှာ စွန်းထင်းခဲ့ရတဲ့သွေးတွေ၊ မြစ်တွေထဲမှာ မျှောစီးခဲ့ရတဲ့သွေးတွေ။ အို ... သွေးတွေ။ သွေးတွေ။ ဒီ ... သွေးတွေအတွက် ငါတို့စွန့်စားဝံ့တော့မည်။ ငါတို့ပေးလှူတော့မည်၊ အမိမြေလွတ်မြောက်ဖို့ အရိုးတွေတောင်လိုပုံမှ ရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့ အရိုးတွေဟာ ငါတို့လူထု ငါတို့တိုင်းပြည်အတွက် ဟိုးအောက်ဆုံးအလွာမှာ ရှိစေရမယ် ဖုန်းမော်ရေ .....။ ရှိနေကြပြီ ... လေ။ ဒီလိုနဲ့ မင်းခွဲသွားတဲ့ အနှစ်၂၀ဟာ တို့တိုင်းပြည် မိုးစုန်းစုန်း ချုပ်ပါလေရောလား။


No comments: