Thursday, April 10, 2008

“ တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ ”


ကျနော် တပ်မတော်အတွင်းနေစဉ်ကာလ။ ၁၉၈၀ကျော်။ ကျနော့် ဦးလေး၏ သားတော်မောင်တယောက် စစ်ထဲဝင်သွားသည်။ ထိုခလေးသည် ငယ်စဉ်မှစ၍ မိမနိုင်၊ ဖမနိုင်လောက်ဟု ဆိုရလောက်အောင် ဆိုးသွမ်းသည်။ လူပျိုပေါက်အရွယ်ရောက်ချိန်၌ မိဘစကားကို ဖယ်ရှားကာ ရူးရူးမိုက်မိုက် စစ်ထဲသို့ သွားခဲ့လေသည်။ ထိုစဉ်က သူ့အဖေမှာ တပ်ကြပ်ကြီးအဆင့်ဖြစ်သည်။ သားတယောက်ထဲရှိသော သူ၏ မိခင်ကြီးသည် သားစိတ်နှင့်တသသ....။ စစ်ထဲဝင်ပြီး နောက်နှစ်နှစ်ခန့်အကြာတွင် ဖခင်မိခင်နေထိုင်သော တပ်ရှိရာသို့ ခွင့်နှင့်ပြန်လာခဲ့သည်။ ရောက်ရောက်ခြင်း ကျနော့်ဆီသို့ သူသည် တခုတ်တရ ၀င်ရောက်နှုတ်ဆက်သည်။ ငယ်စဉ်က သူ့အားကျနော် ပဲ့ပြင်ထိမ်းကြောင်းခဲ့ရသဖြင့် သူသည် သံယောဇဉ် တပွေ့တဖက်ကြီးဖြင့် ကျနော့်အားတွေ့ရန် လာခဲ့ခြင်း......။ သူနှင့်တွေ့လိုက်ရသော်လည်း..........။

သူရောက်လာသည့် ထိုရက်က ကျနော်သည် ထင်းပေါက်နေသည်။ တပ်တွင်း၌ လောင်စာမရှိ။ လောင်စာမပေးနိုင်။ ကျနော်တို့ တပ်မိသားစုများ၏ ချက်ပြုတ်စားသောက်ရန်နှင့် အနွေးဓါတ်သည်ကား တပ်ဘေးရှိ သစ်တောများ။ နှစ်စဉ်နှစ်တိုင်း ထိုတပ်ဘေးရှိ
သစ်တောကို မှီခိုရသဖြင့် သစ်တောများရှားပါးလာကာ ဝေးလံသော ခရီးအထိသွားရောက်၍ ပင်ပင်ပန်းပန်း တပ်မိသားစုဝင်များ သစ်ခုတ်ကြရသည်။ ထိုသို့ တပ်ဘေးရှိ သစ်တောများကို အားကိုးရသည့်အပြင် မလုံလောက်သည့်အတွက် မိုးတွင်းကာလ မြစ်အတွင်းမှ မျှောပါလာသော ရေမျှောထင်းများကိုလည်း လှိုင်းထန်နေသော မြစ်အတွင်း၌ သက်စွန့်ဆံဖျား လှေငယ်များဖြင့် စွန့်စွန့်စားစား ဆယ်ယူ စုဆောင်းကြရသည်။ထိုရေမျှော သစ်ပင်များကို လွှနှင့်တိုက်ဖြတ်၊ ပုဆိန်ဖြင့်ပေါက်ခွဲကာ အိမ်အရောက် သယ်ယူပို့ဆောင်ကြရသည်။ ကျနော်တို့ မြစ်ကမ်းပါးသည်ကား အခြားကမ်းပါးများနှင့်မတူ အင်မတန်မှ မတ်စောက်လှသည်။ ထင်းရောင်းသည့် လုပ်ငန်းသည် ထိုအချိန်က တပ်မိသားစုဝင်များအတွက် တပ်အတွင်းတွင် အဓိကကျသည့် အသက်မွေးဝမ်းကြောင်း ဖြစ်ခဲ့ရသည်။


တပ်မတော်၌ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ဖြစ်သော
လေ့ကျင့်ရေးနှင့်တည်ဆောက်။
အုပ်ချုပ်ရေးနှင့်တည်ဆောက်။
သက်သာချောင်ချိရေးနှင့်တည်ဆောက်။

စိတ်ဓါတ်နှင့်တည်ဆောက်......။
ဟု ချမှတ်ထားသော်လည်း တပ်တွင်းရဲဘော်များနှင့် တပ်မိသားစုဝင်များကား မသက်သာရုံသာမက မချောင်လည်ခဲ့ကြပါ။ ဖေါင်စီးရင်း ရေငတ်သကဲ့သို့ပင်....။

တပ်တွင်းသက်သာချောင်ချိရေးဆိုင်ဆိုသည့် ဆိုင်းပုဒ်သည် သက်သာချောင်ချိရေး ဆိုင်ရှေ့၌ ချိတ်ဆွဲပြရုံမျှသာ.........။ သက်သာချောင်ချိရေးဆိုင်သည် ဖုံ်များနှင့် ပင့်ကူမျှင်များမှလွဲ၍ လူ့အကျိုးပြု ပစ္စည်းများ ဘာမှမရှိ..။ ဆိုင်အတွင်း တနေကုန်ထိုင်နေသော ရဲဘော်တယောက်သာရှိသည်။
ရေနံဆီပေးလျှင် တန်းစီရသည်။ ဖရောင်းတိုင်ပေးလျှင် တန်းစီရသည်။ အရောင်းထိုင်း ပစ္စည်းများကို လိုအပ်သော ပစ္စည်းများနှင့်တွဲ၍ ထိုးရောင်းသည်။ ဤမည်ပင် တပ်မိသားစုအပေါ် သက်သာစေရန် စေတနာ ထားမှုကြီးပင်တည်း.....။

ဒို့တာဝန်အရေးသုံးပါးထက် အဆတသောင်းမက အရေးကြီးသော စားရေး၊ ၀တ်ရေး၊ နေရေး ထိုအရေး........များ၌ တပ်မိသားစုဝင်များသည် မချောင်လည်ခဲ့ကြပါ။
ယခင်ကလည်း မချောင်လည်ခဲ့ပါ။ ယခုလည်း မချောင်ကြပါ။ ကြပ်သထက်ကြပ် နစ်သထက်နစ်မွန်းလာနေသည်။

တပ်တွင်း တပ်ရဲဘော်များ၏ မိသားစုများ၏ သက်သာချောင်ချိရေးကိုပင် မဖြေရှင်းနိုင်လျှင် ထိုပုထုဇဉ်လူသားဖြစ်သည့် လေ့ကျင့်နေကြသည့် ရှေ့တန်းထွက်နေရသော ရဲဘော်တဦး၏ တိုက်ခိုက်ရေး စိတ်ဓါတ်သည်လည်း မည်မျှပြင်းပြနိုင်မည်နည်း။ အနေကြပ်အစားကြပ်ဖြင့် နေနေရသော မိသားစုဝင်များ၏ ဘ၀များက ထိုတိုက်ခိုက်ရေးသမားကြီး၏ စိတ်ဓါတ်ကို မည်မျှ မြင့်မားစေနိုင်မည်နည်း။

ကျနော်တပ်ထဲနေစဉ် တပ်မိသားစုဝင်များ သုံးစွဲရေးအတွက် ရေကို မြစ်ထဲမှ စက်နှင့်စုပ်ယူ၍ ရေပိုက်လိုင်းများ သွယ်တန်းကာ တပ်ထဲသို့ပေးလေ့ ရှိသည်။ မိသားစုလိုင်းများတွင် ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် ရေလှောင်ကန်များရှိသော်လည်း ထိုကန်များသည် ကျနော်တို့ ငယ်စဉ်ကလေးဘ၀ကတည်းက ကလေးများ တူတူပုန်းဆော့ကစားရာ ကန်ကြီးများသာဖြစ်ခဲ့သည်။ တပါတ်တခါ မြစ်ထဲမှ ရေစုပ်စက်ဖြင့် ရှားတောင့်ရှားပါး ရေတင်ပေးသော ရက်များတွင် ဘုစုခလေးများပါမကျန် တိုးခွေ့လုယက်ပြီး ရေကို တန်းစီကြရသည်မှာ ထိုခေတ်က သမ၀ါယမဆိုင်များတွင် ရေနံဆီနှင့် ဖရောင်းတိုင်ရဖို့ တန်းစီနေသကဲ့သို့ပင် ဖြစ်ခြေတော့သည်။ ရေလာသော ရက်များတွင် ကျနော်တို့ တတပ်လုံး ဆူညံပွက်လောရိုက်နေသည်မှာ ရွှေကျင်သမား ရွှေတွင်းတွေ့ သကဲ့သို့။ မှိုရှာသမားမှိုတွေ့ သကဲ့သို့ပင်။ ဟေး.....။ ဟား......။ ၀ူး......၀ါးနဲ့ ပျော်လိုက်ကြသည့်အဖြစ်မျိုး။ တခါတရံ တပါတ်တခါမှလာသော ထိုရေသည် ညသန်းခေါင်သန်းလွဲမှ ပေးတတ်သည်က ရှိသေးသည်။ ထိုအချိန်၌ အိပ်မှုံစုံဝါးထကာ မျက်ချေးကိုပွတ်၍ ရေကိုတန်းစီကြရသည်။

မီးဆိုသည်ကား......။ လောင်စာဆီရှိသော ရက်များ၌သာ တပ်ပိုင်မီးစက်ဖြင့်နှိုး၍ မီးပေးသည်။
ညနေမှောင်ချိန်မှ စ၍ (၉)နာရီခန့်သာ မီးရသည်။ လာသည့်မီးအရောင်သည်ကား ခရမ်းချဉ်သီး တပ်ထားသည်ကမှ ပို၍ လင်းပေအုံးမည်။ ထို့ကြောင့် အိမ်တိုင်းအိမ်တိုင်းတွင် ရေနံဆီမီးခွက်များ ဆောင်ထားကြရသည်။ ငယ်စဉ်ခလေးဘ၀ စွဲစွဲမြဲမြဲ မှတ်မိနေသည်က....။

ညပိုင်းတွင် ကျနော်တို့စာကျက်ချိန်၊ စာကြည့်ချိန်အတွက် လုံလောက်သည့် မီးမရသည့်အတွက် မနက်ပိုင်းအချိန်ကိုသာ အားကိုးခဲ့ရသည်။ မနက်တွင် မီးလေးဖိုကာ ထိုမီးအလင်းရောင်ဖြင့်သာ စာကျက်ခဲ့ရသည့် နှစ်ပေါင်းများစွာကို ကျနော်တို့တပ်မိသားစုများ ကျော်ဖြတ်ခဲ့ရသည်။

တခါတရံမှလာတတ်သော ထိုမီးလာသောရက်များသည်လည်း ရေလာသည့်ရက်များကဲ့သို့ တတပ်လုံး ပျော်ရွှင်မြူးတူးခဲ့ရသည့်ရက်များ။ လူငယ်ဘာဝ မီးလာလျှင် ကျနော်တို့သည် လိုင်းတကာလှည့်၍ သူငယ်ချင်းများဆီသို့ အလည်အပါတ်သွားကာ စကားစမြည်ပြောကြသည်။ ထိုမီးရောင်လေးအောက်များ၌ ၀ိုင်းဖွဲ့၍ ဂီတာတီးကြသည်။ မီးလာသောရက်သည် ကျနော်တို့အတွက်ရွှေရက်။

တပါတ်တခါပြလေ့ရှိသော တပ်တွင်းမိသားစုများ ဖျော်ဖြေရေးအတွက် တခုတည်းသော ရုပ်ရှင်ရုံအောက်၌ မိသားစုဝင်များသည် တိုးဝှေ့တိုးခွေ့လျှက်ရှိသည်။ ကျနော်တို့မြန်မာလူမျိုးများသည် အနုပညာကို အခုံအမင်စုံ လူမျိုးများဟု ပြောလျှင်မှားမည်မထင်။ ရုပ်ရှင်ပြသည့်ရက်တိုင်း ကျနော်တို့ ခလေးများသာမက တပ်မိသားစုများသည် ရုပ်ရှင်မပြမှီ ကြိုတင်ခေါင်းလောင်းသံကို ရင်ခုန်စွာ စောင့်မျှော်လျှက်ရှိကာ ပိတ်ကားကြီးကို ငေးမောလျှက်.......။ တပ်တွင်းရုပ်ရှင်ရုံ၌ ပိတ်ကားကြီးထောင်သည့်ရက်သည် တတပ်လုံး ပျော်ရွှင်မြူးတူး ရသည့်ရက်များ။ ထိုရက်တွင် တပ်တတပ်လုံးသည် အုံးအုံးကြွက်ကြွက်။

ရုပ်ရှင်ကပြတော့မည်။ ဒုတိယကမ္ဘာစစ်လက်ကျန်စက်ကြီး အသံက တကျည်းကျည်းမြည်လာသည်။ တရုံလုံးသည် အပ်ကျသံမျှမကြား ငြိမ်သက်နေကြသည်။ ငိုနေသည့် ခလေးသည်ပင်လျှင် ထိုအချိန်၌ တိတ်သွားတတ်သည်။ ဖလင်ထည့်ပြီးမပြီးကို စောင့်ကြည့်နေသူကလည်း ရှိသေးသည်။ ရုပ်ရှင်ပြပြီး (၁၀)မိနစ်ခန့်ပင်မကြာ မီးကပျက်သွားသည်။ တရုံလုံးအော်လိုက်သည့် အသံသည် ကမ္ဘာပျက်သည့် အလား ဖြစ်သည်။ မီးအလာကို စောင့်ရင်းစောင့်ရင်း အိပ်ပျော်သွားကြသည်။ ဤသို့ဖြင်......့

ယနေ့ည မီးမလာတော့၍ ထိုရုပ်ရှင်ကားကြီးအား မနက်ဖြန်ဆက်၍ ပြပါမည်ခင်ဗျားဟု ကြေညာလိုက်မှသာ အိပ်ပြန်အိပ်ကြသည်။ မကြေညာသေးသ၍တော့ မိုးလင်းသည်အထိ စောင့်ကြည့်ကြမည့် လူမျိုး။ ဤသည်ကား တပါတ်မှာ တကြိမ်လျှင်ပြသည့် ရက်မျိုး။ ကျနော်တို့ကတော့ ပိတ်ကားကြီးအား လက်သီးနှင့် ထိုး၊ ခြေထောက်နှင့်ကန် ၊ ပြောင်းဖူးရိုးနှင့်ပေါက် ဤသို့ငယ်စဉ်က အံတုခဲ့ကြသည်။
လျှပ်စစ်မီးလောက်ကိုပင် မစီမံတတ် မကွပ်ကဲတတ်သော... တပ်။ တပ်မိသားစုများအပေါ် အလေးမထားသော... တပ်၊၊ ထိုကဲ့သို့ အုပ်ချုပ်ရေးစွမ်းရည်ပြည့်ဝသည့် တပ်မျိုး။

တပ်မိသားစု ရဲဘော်များကို ပေးထားသည့်အခန်းကိုလည်း ကြည့်လိုက်အုံးလေ။ (၁၀)ပေပါတ်လည် အခန်းလေးမျှသာ။ တအိမ်ထောင်လျှင် မိသားစု အနည်းဆုံး(၆)ဦးခန့်ရှိသော မိသားစုဝင်များအတွက် ဖင်လှည့်ခေါင်းလှည့်ရုံမျှရှိသော အခန်းများသာ။ သစ်သားပျဉ်ပြားများဖြင့် ဆောက်လုပ်ထားသော အခန်းများဖြစ်သည့်အတွက် သစ်သားများသည် ဆွေးမြေ့ပျက်စီးလျှက်ရှိသော်လည်း တာဝန်ခံ၍ ပြုပြင်ပေးခဲ့သည်ကိုမူ ကျနော်တပ်အတွင်းနေသည့် အနှစ်(၂၀)ကာလအတွင်း တခါမျှပင်မတွေ့ခဲ့။



တပ်မတော်၏ အဓိက လုပ်ငန်းကြီး (၃)ခုကား...........
စစ်တိုက်ရန်၊
စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊
စစ်တိုက်ရန်နှင့် လေ့ကျင်ရန်မရှိက ပြည်သူအကျိုးပြုလုပ်ငန်းများကိုလုပ်ရန်..... ဟု

ကြည်း၊ ရေ၊ လေ တပ်မတော်သားများ လုပ်ငန်းလမ်းညွန်အဖြစ် ပြဌာန်းထားရှိသည်။


တပ်ဖွဲ့ဝင်မိသားစုများပင် စားဝတ်နေရေး မလောက်မငှ ဖြစ်နေသောအချိန်၌ မည်ကဲ့သို့များ ပြည်သူ့အကျိုးကို လုပ်နိုင်မည်နည်း။ အထက်အမိန့်အရ၊ တာဝန်အရ ခိုင်းစေခံရ၍ လူထုအကျိုးပြု
လုပ်ငန်းများကို လုပ်ကြသော်လည်း မည်သူမျှ မိမိအလုပ်ကဲ့သို့ စိတ်မ၀င်းစားကြ။ ၀တ်ကြေတမ်းကြေ ဖြစ်ကတတ်ဆန်း လုပ်ကြသည်က များသည်။

တခါက.............

တပ်မတော်သားများနှင့် ကြံစိုက်လိုက်ဖူးသည်။ မျိုးကြံချောင်းများကို ကြံမြောင်းထဲသို့ စီရီကာရီကာ မထည့်ပဲ ဖြစ်သလိုထည့်စိုက်ခဲ့သည့်အတွက် အခင်းပိုင်ရှင်လူထုများက အကြီးအကျယ် တပ်မတော်သားများအပေါ် စိတ်ပျက်ခဲ့ကြောင်း သိရှိရသည်။ လူထုအကျိုးပြုလုပ်ငန်းစဉ်ကြီးက လူထုဆန့်ကျင်ရေး လုပ်ငန်းစဉ်ကြီးသာ ဖြစ်ခဲ့သည်။ ပြည်သူကြားမှ ပေါက်ဖွားလာသည့် တပ်မတော်မိသားစုများအား အခြေခံကြသည့် ရေမီးမျှပင်လျှင် မဖြည့်စွမ်းနိုင်လျှင် လူထုကြီးတရပ်လုံး၏ အကျိုးပြုလုပ်ငန်းကို မည်ကဲ့သို့လုပ်မည်နည်း။ စားဝတ်နေရေး ဘ၀ပင်လျှင် မဖူလုံ မလောက်ငှသော တပ်မိသားစုဝင်က မည်ကဲ့သို့ လူထုအကျိုးပြုလုပ်ငန်းကို စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်၍ လုပ်နိုင်မည်နည်း။

လူထုကြီးတရပ်လုံး စီးပွားရေး မီးပင်လယ်ကြီးကို သေလုမျှောပါး ဖြတ်သန်းနေရချိန်၌ ယခု တပ်မတော်အတွင်း မိသားစုဝင်များသည်လည်း အပြင်ထွက်၍ ၀မ်းစာရှာဖွေ စားသောက်နေရသည့် ခေတ်သို့ပင် ယခုအချိန် တိုးတက် တက်လှမ်းလာနေပြီ ဖြစ်သည်။ တပ်မတော်အတွင်း၌ ကျနော်နေခဲ့စဉ် တပ်မိသားစုဝင်များ အပြင်သို့ထွက်၍ စီးပွားရှာဖွေခွင့် မရခဲ့။ ထိုစဉ်က ကျနော်တို့ တပ်အတွင်း မိသားစု ၀င်များ၏ ပြင်ပအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများမှာ ထင်းစုဆောင်း ရောင်းချခြင်း၊ ရွှေကျင်ခြင်း၊ ငါးဖမ်း၍ ရောင်းချခြင်းသာလျှင် ဖြစ်ခဲ့သည်။ ထိုအလုပ်များသည်ကား တပ်ဘေးနားမှာတွင် ရှိကြသော အလုပ်များ ဖြစ်ကြသည်။

ယခုတွင်မူ တပ်မိသားစုဝင်များသည် တပ်ခြံအပြင်ထွက်၍ အလုပ်လုပ်စားနေကြရပြီ။

အ၀တ်လျှော်ခြင်း၊ ပန်းရံလိုက်ခြင်း၊ ဟင်းသီးဟင်းရွက်ရောင်းခြင်း၊ ပုရစ်ကောက်ရောင်းခြင်း၊ သက်ငယ်ရိတ် ရောင်းခြင်း၊ ကျောက်ခဲကောက် ရောင်းခြင်း၊ ချဲရောင်းခြင်း၊ ကြုံရာကျဘမ်း အလုပ်များဖြင့် ခက်ခက်ခဲခဲ အသက်မွေးဝမ်းကြောင်းပြုလာနေရသည်ကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်ကြီးများ။



ယခုဒို့တာဝန်အရေးသုံးပါးဖြစ်သော
ပြည်ထောင်စု မပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး

အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး ဟု

တပ်ထုအကြား၊ လူထုအကြား၌ မျက်စိမှိတ်၍ စွတ်အော်နေသောလည်း ကျနော်ငယ်စဉ်တပ်မတော်ထဲမှ ကြီးသည်အထိ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးဆိုသည့် စကားလုံးများ၊ ဝေါဟာရများကို လုံးဝကြားမိခဲ့ခြင်း မရှိပါ။ ထိုကိစ္စများကိုလည်း တပ်မိသားစုဝင်များအား ချပြပြောဆို
စည်းရုံးခဲ့သည်ဟူ၍ မရှိခဲ့ဘူးပါချေ။ တပ်အတွင်း တပ်မတော်စာစဉ်နှင့်ကြီးပျင်းခဲ့ရသော ကျနော်တို့သည် ငယ်စဉ်က သူပုန်ဆိုလျှင် ရုပ်ဆိုးဆိုး၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထူလပြစ်၊ ပါးနှစ်ဖက်ပေါ်တွင် ပလာစတာနှစ်ခုက ကြက်ချေကပ်ထားသည်။ ရုပ်ရှင်ပြသည့်အခါတွင်လည်း ထိုပုံစံများကိုသာ အပီအပြင်ရိုက်ပြသည်။ အရက်သောက်၊ ကြက်ပေါင်ကိုက်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သည့် အခန်းများကသာ များသည်။ တပ်မတော်စာစဉ်ထဲတွင် အဓိက သူတို့အလေးထားရေးသားသည်ကား ပြည်ထောင်စုမပြိုကွဲရေး။ ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဟူ၍သာ....။ ထို့ကြောင့် တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးကို ထိုစဉ်က ရဲဘော်များသာမက ယခုရဲဘော်များပါ လုံးဝလုံးဝ သိကြမည် မထင်ကြပါ။ တိုင်းပြည်နှင့် လူထုအပေါ် စစ်မှန်သောစေတနာ ရှိသည်ဆိုပါက အဘယ်ကြောင့် တပ်ထုအတွင်း၌ ပြည်ထောင်စုစစ်စစ်မူကို မချပြသနည်း၊ ဘာကြောင့် မချရဲကြသနည်း။

ကျနော်တပ်ထဲ၌ နေစဉ် တပ်ရင်းတရင်းလုံး ရှားရှားပါးပါး ကချင်အမျိုးသား တပ်ကြပ်ကြီးနှစ်ဦးနှင့် သူ၏မိသားစု၊ ကရင်အမျိုးသား တပ်ခွဲတပ်ကြပ်ကြီး နှစ်ဦးနှင့် သူ၏မိသားစု၊ ဗမာရဲဘော်မှ ယူထားသော “၀” အမျိုးသမီးတဦးကို မြင်ခဲ့ဘူးပါသည်။ ချင်းနှင့်ရခိုင်များသည်ကား များပြားလှသည်။
ငယ်စဉ် ဗမာအများစုကြား၌ သူတို့သည် အနှိပ်ခံဘ၀အဖြစ်သာ ခေါ်ပြောဆက်ဆံကြသည်ကို တွေ့ခဲ့ရသည်။
ဟဲ့...ကချင်မ။ ဟဲ့....ရှမ်းမ။ ဟဲ့...ကရင်မ ဆိုသောစကားများက ကျနော်၏ ငယ်စဉ်နားထဲ၌ ခါးသက်သက် အရသာကိုသာ ခံစားခဲ့ရသည်။ တပ်တွင်း ခလေးများသည်ပင်လျှင် ထိုတိုင်းရင်းသား အမျိုးသမီးများကိုပင်လျှင် အတုမြင်အတတ်သင်ကြသည့်အနေဖြင့် ကချင်မကြီး၊ ကရင်မကြီး၊ ရှမ်းမကြီး ဟု ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်ကို အမှတ်ရနေသည်။ ထိုအမြင်များဖြင့် ကြီးပြင်းလာကြသော ထိုခလေးများသည် ယနေ့တပ်မတော်ထဲ၌ အရာရှိ၊ အရာခံများအဖြစ်သို့ပင် ရောက်ရှိကုန်ကြပြီ။

မြန်မာ စကားပုံရှိသည်။ မရှိတာ ထက်၊ မသိတာ ခက်။ ခက်နေသည်က တပ်မတော်သားများက ဘာမျှကို သိမြင်နားလည်ခြင်း မရှိကြပေ။ လူထု၏ နားမျက်စိများကို ပိတ်ထားရုံသာမက တပ်မတော်သားများ၏ အမြင်အာရုံ အကြားအာရုံများကိုလည်း လုံးဝပိတ်ပင်ချုပ်ချယ်ထားခြင်းကြောင့် တပ်မတော်သည် အရာရှိ၊ အရာခံမှအစ အောက်ခြေ အကြပ် စစ်သည်အဆင့်အထိ နိုင်ငံရေးကို လုံးဝနားလည်ခြင်းမရှိသည့်အတွက် မတရားသော အမိန့်များကို နာခံရသည့် တပ်မတော်အဖြစ်သို့ ကျရောက်နေကြရသည်။ တိုင်းရင်းသားအရေး ပြည်ထောင်စုအရေးကိုပင်မဆိုထားနှင့် ရဲဘော်တဦး၏ အထက်ပါ စား၊ ၀တ်၊ နေရေး အရေးသုံးပါးအတွက် ကိုယ်ရသင့်ရထိုက်သည့် အခွင့်အရေးကိုပင်လျှင် မသိကြချေ။ ထိုအခွင့်ရေးများကို သိလျှင် ထိုအခွင့်အရေးများကို တောင်းဆိုသည့် လုပ်ရှားမှုများဖြစ်ပေါ် လာလိမ့်မည်ဟု ကျနော်ယုံကြည်မိသည်။ တပ်မတော်အတွက် ဆန်အိုးထဲမှာ ဆန်နဲနဲ ရှိနေသေးသည်။ လူထုအတွက်မူ ဆန်အိုးထဲ၌ ဆန်မရှိတော့။ ဆန်ဘာကြောင့်မရှိသည့် ပြဿနာကို လူထုကသိလာကြပြီ ဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လုပ်ခြင်လျှင် အပေါ်ယံဟန်ပြလုပ်၍ မရ။ ကချင်တိုင်းရင်းသားများအား မခုတ်ဒါးမထိုးလှံ၊ ကချင်ပုဆိုး ကချင်လွယ်အိတ်ပေးခြင်းဖြင့် လုပ်၍မရ။ ညီညွတ်ရေးဆိုသည်ကား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှုမှတဆင့် ယုံကြည်မှုတည်ဆောက်ကာ လုပ်ရသော အလုပ်မျိုး။ ယနေ့ နအဖ၏ မျက်စိမှိတ် အော်နေသည့် ညီညွှတ်ရေးသည်ကား ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် ကိုယ့်အချင်းချင်း ကုလားထိုင် မြဲရေးပေါ်မှာ အချင်းချင်း အပြန်အလှန်ညီညွှတ်နေသည့် စားဖားညီညွတ်ရေးပင် ဖြစ်သည်။



တပ်မတော်၏ စွမ်းရည်သုံးရပ် ဖြစ်သော
စည်းရုံးရေးစွမ်းရည်
စစ်ရေးစွမ်းရည်
အုပ်ချုပ်ရေးစွမ်းရည်ကိုလည်း ငယ်စဉ်က အံ့မခန်းဘွယ်ကြုံတွေ့ခဲ့ဖူးရသည်။


တပ်မှူးကြီးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဘောလုံးကန်ရမည်ဟု ဆိုလာသည်။ တပ်တွင်းရှိ လူငယ်အသင်းနှင့် တပ်ဘေးရှိကျေးရွာများမှ တိုင်းရင်းသား ကချင်လူငယ်အသင်းတို့ တပ်တွင်းဘောလုံးကွင်း၌ ဘော်လုံးကစားကြမည်။ ထိုပွဲ၌ ကျနော်တို့ လူငယ်များအား အနိုင်မကန်ရ
အရှုံးပေးကန်ရမည်ဟု အမိန့်ချလာသည်။ လက်တွေ့ဘောကွင်းထဲ ရောက်သောအခါ သူပြောသလို မဟုတ်တော့။ အားကစားဆိုသည်မှာ အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ဖြင့် ကစားရသောပွဲ။ ကျနော်တို့လူငယ်များ၏ သဘာဝပင်ကိုယ်စိတ်ဓါတ်သည်ကား တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်ဆိုသည့် စိတ်ဓါတ်မျိုး၊ နိုင်ရမည်။ အောင်ရမည်ဆိုသည့် စိတ်ဓါတ်က လူငယ်များ၌ ပါလာသည့်မျိုးစေ့။ ထိုရက်က ကျနော်တို့ အနိုင်ကန်ပစ်လိုက်သည့်အတွက် ကျနော်တို့အဖေများ တပ်ရင်းမှူး၏ ဆူပူကြိမ်းမောင်းပြစ်တင် ခံလိုက်ရသည်။ တပ်မှူးကြီးက ဘောလုံးကန်ပွဲလုပ်၊ ပြီးရင် အရှုံးပေးလိုက်။ ဤနည်းဖြင့် လူထုစည်းရုံးရေး အောင်မြင်မည်ဟု ထင်မြင်ယူဆသည်။ “လူထုစည်းရုံးရေး” ဆိုသည်ကား သူတို့ဘ၀အား ထဲထဲဝင်ထဲထဲမြင်ပြီး လူထုနှင့် တသားတည်းအတူတကွဖြတ်သန်း၍ အေးအတူပူအမျှ စည်းစည်းရုံးရုံနေထိုင်းခြင်းပင်ဖြစ်သည်ကိုမူသူသည် မသိရှာ။ ယနေ့နအဖ၏ စဉ်းစားချက်သည်ကား ငယ်စဉ်က ထိုဘော်လုံးကန်ခဲ့သော အဖြစ်အပျက်နှင့် တူနေသည်။ နအဖ၏ စည်းရုံရေးကား လက်နက်ကိုင်တိုင်းရင်းသားများအပေါ် မင်းတို့က အရှုံးပေးရင် (လက်နက်ချ) ငါတို့က မင်းတို့ကို အနိုင်ပေးလိုက်မယ်ဆိုသည့် ပုံစံမျိုး။

ကျနော် တပ်ထဲအနှစ်(၂၀)နေသမျှ ကာလပါတ်လုံး တပ်ရင်းမှူးသည် လူထုနှင့်ရင်းရင်းနှီးနှီး နေထိုင်သည်လည်း မတွေ့ရ။ တသားတည်းရှိနေ သည်လည်းမတွေ့ရ။ လူထုမပြောနှင့် တပ်ရင်းမှူးသည် တပ်မိသားစုဝင်များ နေထိုင်ရာသို့ပင် စားဝတ်နေရေး အခြေအနေများ၊ မိသားစုအခြေအနေများ၊ တပ်မိသားစုဝင်များ၏ သားသမီးများ၏ပညာရေးကိစ္စများကိုပင်လျှင် လာရောက်လည်ပါတ် ကြည့်ရှုဆွေးနွေး အဖြေရှာရန် အိမ်ထောင်သည် လိုင်းများသို့ပင်လည့်လည်ခဲ့ဖူးခဲသည်ကို အနှစ်နှစ်ဆယ်လုံးလုံး မတွေ့မြင်ခဲ့ရခြေ။

တပ်မှူးတယောက်ပင်လျှင် လူ၏ရေးရာများကို ဂရုမစိုက်နားမလည်ခဲ့။ ရဲဘော်တယောက် ဆိုလျှင်..................။ ဗိုလ်ချုပ်ကြီးများသည် အပွင့်အခက်များ ပိုများလာရေး၊ ဆွေမျိုးတစုကောင်းစားရေး၊ ထိုင်နေသည့် ကုလားထိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို လက်တွေ့မပါ မျက်စိမိတ်ပြီး စွတ်စွတ်အော်နေလျှက်ရှိသည်။ ဒို့တာဝန်သုံးပါးထဲ၌ ခြေချုပ်မိနေသော ဗိုလ်ချုပ်ကြီးများသည် လူထုကို လိမ်ညာဝါဒဖြန့်ချိရင်း ထိုအလိမ်အညာအတွင်းထဲမှ သူတို့ကိုယ်တိုင် ရုန်းမထွက်နိုင်တော့။




“လိမ်ရင်များများလိမ်၊ ခဏခဏလိမ် ကြာရင်လူတွေ ယုံလာလိမ့်မယ်” လို့ပြောခဲ့သော ဟစ်တလာ စကားအတိုင်း .........
ထိုဒို့တာဝန်အရေးသုံးပါး အတွေးအခေါ် လိမ်ဆင်ကြီးက သူတို့ကို ဒိုင်းသဖွယ်ကာရံထားသဖြင့် အများအတွက် ဆိုသည့် လူထုအတွေး အခေါ်များ ၀င်ရောက်လာခြင်း မရှိနိုင်တော့။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ သည်သာအမှန်တရားဟု ကိုင်စွဲထားသော ထိုဗိုလ်ချုပ်များ၏ စစ်သည်တော်များက လူထုအားထင်သလို ရက်စက် ရမ်းကားသတ်ဖြတ်၊ မုဒိမ်းကျင့်ကြသည်မှာ ထိုဗိုလ်ချုပ်များပေးသည့် ပညာများကို အသုံးချနေခြင်းသာ ဖြစ်သည်။

ကျနော်၏ ညီဝမ်းကွဲသည် ကျနော်အား တွေ့ရန်လာနေသည်။ သူနှင့် တွေ့လိုက်ရသော်ကျနော် အတော်စိတ် ပျက်သွားမိသည်။ သူသည် ကျနော့်အား ခပ်ကြွားကြွား ရှေ့တန်းအတွေ့အကြုံများကို ပြောလာသည်။ စစ်ဆိုရင် ရေတောင်စစ်မသောက်နှင့်ဟု ပြောထားသော အဖေ့စကားက ကျနော်အတွက် သိပ်နားထောင်လိုစိတ် မရှိ။ သူက ရှေ့တန်းအတွေ့အကြုံများကို တော်တော်လေး အာမိနေသည်။


ရှမ်းပြည်တနေရာမှာ အကိုကြီးရ
ဘာလဲကွ
ကျနော်တို့ စစ်ကြောင်း ရွာထဲဝင်သွားတယ်။
အဲဒီတော့ ဘာဖြစ်လဲ
ရွာရောက်တော့ ကျနော်တို့ သူငယ်ချင်းတွေ ပိုက်ဆံရှိတဲ့အိမ်တွေကို အကုန်တက်မွေတာ
အဲဒီအထဲမှာ မင်းကောပါလား
ပါတာပေါ့ အကိုရ
ဘာ.....။ မင်းကကွာ သူများပစ္စည်းတွေကို မတရားမလုပ်ပါနဲ့ကွ။
ဟာ....အကိုကြီးကလည်း ရှေ့တန်းရောက်ရင် ရဲဘော်တွေက ဒီလိုပဲလုပ်နေတာဗျ
သူတို့လုပ်တိုင်း မင်းကလိုက်လုပ်ရမှာလားကွ
သူတို့ကလုပ်နေတော့ ကျနော်လည်းလိုက်လုပ်တာပေါ့
မတရားမှုကို ငယ်စဉ်ကတည်းက ရွံရှာခဲ့သော ကျနော်သည် သူနှင့်တွေ့လိုက်ရသော်လည်း ပြည်သူပြည်သားများအတွက် ထိုရက်က ကျနော်အတော်လေး စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

အဖေပြောသည့် စစ်ဆိုရင်ရေတောင် စစ်မသောက်နဲ့ သီအိုရီက ကျနော့် (၁၇)နှစ်သားဘ၀ကို သေချာစေခဲ့ပြီ...။ ထိုကျနော်၏ ညီဝမ်းကွဲသည်များ မကြာမီ ၁၉၈၈-ခုနှစ် မဲ့သဝေါတိုက်ပွဲတွင် သူရ ရကာ ဗိုလ်ဖြစ်သွားရှာလေခဲ့သည်။ ဆိုးသွမ်းသော၊ ရမ်းကားသော သူတယောက်ဗိုလ်ဖြစ်သွားသဖြင့် ကျနော်သည် လူထုအတွက်၊ တိုင်းပြည်အတွက် ရင်တမမ ဖြစ်သွားခဲ့ရလေတော့သည်။
ဆက်ရေးပါအုံးမည်။
ဥတ္တရကျော်
၁-၄-၂၀၀၈

Summary

Rest of your post
Posted by Picasa

4 comments:

Tin said...

တပ်မတော် ရဲ့ အစဉ်အလာ မနက် တန်းစီ ပြီး အော်နေ ကြ ရဲဘော် ညာ ညှိ အမိန့်  အတိုင်း အားလုံး ညာပြီး အချင်း ချင်း ညှိ ယူ နေကြ တာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ ပါပြီ။

Unknown said...

ဒီလို အဖြစ်မှန်တွေကို များများရေးတာ လူတွေကို အမှန်မြင်စေပါတယ်။ အလွန်ကောင်းပါတယ်။ ကျုပ်တို့ဘက်က ဖြစ်ပျက်တာနဲ့ အတူတူပါဘဲ။ ဒါပေမယ့် ရဲဘော်တွေကိုတော့ ပိုသနားလာတယ်။ဒါကလဲ သူတို့ရဲ့ ညံ့ဖျင်းမှုတွေကြောင့်ပါ။ ဒီညံ့ဖျင်းအောင်လဲ ယုတ်မာ ကောက်ကျစ်တဲ့ အာဏာရူး စည်းစိမ်ရစ်မူးနေတဲ့ လက်တစ်ဆုတ်စာ စစ်ဗိုလ်တွေကြောင့်ဆိုတာ ထင်ရှားပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုတာ စာထဲမှာဘဲရှိပါတယ်။တကယ်တန်းကျတော့ တိုင်းရင်းသားနှင့် တပ်မတော်မတည့်အောင် လုပ်ခိုင်းနေတာပါ။ ကျုပ်တို့ဘက်မှာ ထင်ရှားပါတယ်။ အတင်းအဓမ္မလုပ်အားပေးကတော့ အဆိုးဆုံးပါဘဲ။ နောက်တစ်ခုက စာပေ၊ယဉ်ကျေးမှုတွေမှာ ၀င်နှောက်ယှက်တာပါဘဲ။ တိုင်းရင်းသားတွေကို အထင်သေးတာက အမှန်အတိုင်းပြောရရင် ဗမာအများစုပါ။ ဆန်းစစ်ကြည့်ရင် သိနိုင်ပါတယ်။ ကျုပ်ကိုယ်တိုင်လဲ အထင်သေးခံခဲ့ရတာပါ။ ပြောရရင် အများကြီးပါ။ ဒီလိုအကြောင်းတွေ(အမှန်အတိုင်း-အပိုမရေးဘဲ) ဆက်ရေးရန် အားပေးပါသည်။
ကျောင်းဆရာ
စောသစ္စာ

Tin said...
This comment has been removed by the author.
Tin said...

ကျနော့် အကို လည်း သာမန် စစ်သား တပ်ကြပ်ကြီး ( ၂၈၇၃၃၆ ) အဆင့် ၊ မိုင်း ယောင်း ချင်း သနက ၃ ကို ဗကပ ဝင် သိမ်း တုန်း က မိသား စု သေခဲ့ ရတယ်၊။ ကံကောင်း ပြီးမသေဘဲကျန်ခဲ့ တဲ့ ခလေး ၂ယောက် ဒီနေ့ အထိ အသက်ရှင် ပြီး ဘဝ ကို ရင်ဆိုင် ရုန်းကန်နေရဆဲပါ။